(င)-ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းများတွင် ၁၂ ပေအကျယ်နှင့် ၁၈ ပေအကျယ်လမ်းများ၏ S ကွေ့နှင့် ဂ ကွေ့များတွင် ယာဉ်များရုတ်တရက် တွေ့ဆုံပါက အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရန် Extra width များ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၃.၈.၂၀၁၈)

 

(င)-ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းများတွင် ၁၂ ပေအကျယ်နှင့် ၁၈ ပေအကျယ်လမ်းများ၏ S ကွေ့နှင့် ဂ ကွေ့များတွင် ယာဉ်များ ရုတ်တရက်တွေ့ဆုံပါက အန္တရာယ်ကင်းရှင်းစွာ ရှောင်တိမ်းမောင်းနှင်နိုင်ရန် မျက်ကွယ်ဖြစ်စေသော သစ်ပင်ချုံနွယ်များ၊ ဈေးဆိုင်အဆောက်အဦများ ရှင်းလင်းရန်နှင့် Extra width များ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

လမ်းဦးစီးဌာနက လမ်းများကို အဓိကတာဝန်ယူတည်ဆောက်ရပါကြောင်း၊ ထိုအခါ ဝန်ကြီးဌာနအနေဖြင့် မူဝါဒများ၊ ရည်မှန်းချက်များ ချမှတ်ပြီးမှ Vision 2013 ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ကျေးလက်လမ်းများ အားလုံး ၂၀၃၀ ခုနှစ်တွင် ရာသီမရွေးသွားလာနိုင်သည့် လမ်းများဖြစ်ရမည်၊ လမ်းမကြီးများသည် နှစ်လမ်းသွား နိုင်လွန်ကတ္တရာသော်လည်းကောင်း၊ ကွန်ကရစ်သော်လည်းကောင်း အနိမ့်ဆုံးအဆင့် ဖြစ်ရမည်ဆိုပြီး ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်သည့် နေရာတွင်လည်း လက်ရှိမြေသားလမ်းကနေပြီး ကျောက်ချောလမ်း၊ ကျောက်ချောလမ်းမှ ကတ္တရာလမ်း၊ ကတ္တရာလမ်းမှာလည်း ၁၂ ပေ၊ ၁၂ ပေမှ ၁၈ ပေ၊ ၁၈ ပေမှ ၂၄ ပေ အဆင့်ဆင့် တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလက်ရှိ လမ်းဖောက်လုပ်သည့် ‌နေရာတွင် Road Sign များ၊ Caution Sign များ၊ Guard Post များ၊ Guard Rail များ၊ လမ်းပုခုံးများနှင့် သေချာစနစ်တကျ ဆောင်ရွက်နေသော်လည်း လက်တွေ့မြေပြင်တွင် လမ်းကွေ့များသည် အန္တရာယ်ရှိနေသည့် အနေအထားများ မှာ အိုင်သဗျူး-အိုင်ဒို နိဗ္ဗာန်လမ်းပေါ်ရှိသည့် ယာဉ်တိုက်မှု (Accident)၊ လေးမျက်နှာ-တလုတ်ထော်-ဟင်္သာရ လမ်းပေါ်တွင်ရှိသည့် အန္တရာယ်ကွေ့အနေအထားများ ဖြစ်ပါကြောင်း၊ ဘေးတွင်သစ်ပင် အကာအကွယ်များ ရှိနေသည့်အတွက် တစ်ဖက်မှလာသည့်ယာဉ်ကို မမြင်ရပါကြောင်း၊ သို့အတွက်ကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် လက်ရှိအများပြည်သူ ယာဉ်များစီးနင်းပြီး သွားလာသည့်အပေါ် အန္တရာယ်ကင်းရှင်းနိုင် စေရေးအတွက်ကို လမ်းကွေ့တွင်ရှိနေသည့် သစ်ပင်များ၊ နေအိမ်၊ အဆောက်အဦများကို ရှင်းလင်းပေးရန်နှင့် ၎င်းနေရာများကို သီးသန့်တစ်တောက်လျှောက်လုံး ၁၈ ပေကနေပြီး ၄၈ ပေအထိ မချဲ့နိုင်ခင်အတွင် ၁၂ ပေနှင့် ၁၈ ပေလမ်းများ၏ ကွေ့များတွင် External Width ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ဆောက်လုပ်ရေး ‌ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော ၁၂ ပေနှင့် ၁၈ ပေအကျယ်လမ်းများ၏ S ကွေ့နှင့် ဂငယ်ကွေ့များတွင် ယာဉ်များရုတ်တရက်တွေ့ဆုံခြင်းသည် အလွန်အန္တရာယ်ရှိသော အခြေအနေဖြစ်ပါသဖြင့် ယာဉ်နှင့်ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရန်အတွက် သတ်မှတ်အမြန်နှုန်းအပေါ် မူတည်ပြီး မြင်ကွင်းလမ်းကြောင်း (Line of Sight) အရ ရပ်ရမည့်မြင်ကွင်း အကွာအဝေး (Stopping Sight Distance) များအား တွက်ချက်ထားရမည် ဖြစ်ပါကြောင်း၊ အဆိုပါ တွက်ချက်မှုတွင် Vertical Sight Distance နှင့် Horizontal Sight Distance နှစ်မျိုးရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် တောင်ကုန်းများတွင်ရှိသည့် လမ်းတွင် ယာဉ်တစ်စီးနှင့်တစ်စီး၊ မော်တော်ယာဉ်မောင်း တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ဆုံရမည့် Vertical Sight Distance ကို အနည်းဆုံး ၈၅ မီတာ ရရှိအောင် ဆောင်ရွက်ထားပြီး Horizontal Sight Distance ကို အနည်းဆုံး ၃၃ မီတာ ရရှိအောင် ဆောင်ရွက်ထားပါကြောင်း၊ ၎င်းအပြင် အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရန်အတွက် S ကွေ့နှင့် ဂ ငယ်ကွေ့မရောက်မီ သတိပေးဆိုင်းဘုတ် (Caution Sign) များ တပ်ဆင်ပေးထားခြင်း၊ ဥပမာအားဖြင့် ရှေ့တွင် S ကွေ့ရှိသည်ဆိုသော ဆိုင်းဘုတ်အား S ကွေ့မရောက်မီ မြို့တွင်းအတွက် ၁၀၀ မီတာနှင့် မြို့ပြင်အတွက် ၁၅၀ မီတာ ကြိုတင်ပြီး စိုက်ထူပေးထားခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်၊ ကာကွယ်တိုင်၊ ကာကွယ်တန်း၊ ရောင်ပြန်မြားများ စိုက်ထူထားရှိခြင်း၊ သတ်မှတ်အမြန်နှုန်းထက် လျှော့၍မောင်းနှင်နိုင်ရန် သတ်မှတ်အမြန်နှုန်း (Design Speed) ပြ ဆိုင်းဘုတ်များ စိုက်ထူပေးထားခြင်း၊ S ကွေ့ (S Curve) များတွင် မျက်ကွယ်ကွေ့ (Blind Corner) များမဖြစ်အောင် သစ်ပင်၊ ချုံနွယ်များရှင်းလင်း ထားခြင်းများစသည့် အရေးကြီးသည့် လမ်းပိုင်းများကို ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် အစရှိသည့် ပြည်နယ်များသို့ ဆက်သွယ်လာသော လမ်းများရှိ ခရုပတ်တောင်ချောလမ်း အားလုံးကို လိုအပ်သည့် Sight Distance ရရှိရန်အတွက် တောင်ကမ်းပါးယံများ ဖြတ်လှီးပြီး လမ်းချဲ့ခြင်း၊ Sight Distance ရရှိအောင် ဆောင်ရွက်ခြင်းတို့ကို နှစ်နှစ်တာကာလအတွင်း ဦးစားပေးလုပ်ငန်းအဖြစ် မိမိတို့ ဆောင်ရွက်ခဲ့သည့်အပြင် ၁၂ ပေအကျယ် လမ်းကွေ့နေရာများတွင်လည်း ဘီးကျနိုင်သည့် နေရာများကို လမ်းသားဖြည့်စွက် ခင်းပေးခြင်းလုပ်ငန်းများကို နှစ်နှစ်တာကာလအတွင်း လမ်းအကွေ့ပေါင်း ၄၅၆ နေရာကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လမ်းနယ်နိမိတ်အတွင်း ဝင်ရောက်နေသည့် ဈေးဆိုင်၊ အဆောက်အဦ များကိုလည်း လမ်းမကြီးများဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားချက်များနှင့်အညီ ရှင်းလင်းဖယ်ရှား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအရေးကြီးသော တောင်ပေါ်ဒေသများရှိ (Curve) များ၏ အချင်းဝက် (Radius) သေးငယ်သည့် နေရာများတွင် ကုန်ကားကြီးများကွေ့ရန် လွယ်ကူစေရေးအတွက် လမ်းချဲ့ခြင်း (Extra Width Widening) များဆောင်ရွက်ပေးခြင်း၊ သတ်မှတ်လမ်းပုခုံးအကျယ်နှင့် မြေသားတာပေါင် အကျယ်တို့ကို ဦးစားပေးအဆင့် သတ်မှတ်၍ ထည့်သွင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းနှင့် Widening များ ပြုလုပ်ရန်အတွက် လိုအပ်နေသော နေရာများအတွက် နှစ်အလိုက်ရန်ပုံငွေများ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် S ကွေ့များ၊ ဂငယ်ကွေ့များတွင် ယာဉ်များရုတ်တရက် တွေ့ဆုံပါက အန္တရာယ်ကင်းရှင်းနိုင်ရန်အတွက် Vertical Sight Distance ထက် Horizontal Sight Distance များ ရရှိအောင်လည်း Geometric Design တွင် ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ သစ်ပင်ချုံနွယ်များနှင့် Extra Width ဖြစ်ရန်အတွက်ကိုလည်း နှစ်အလိုက်ဘတ်ဂျက်များ တင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျူးကျော် ဈေးဆိုင်များ ရှင်းလင်းရေးသည် အခက်ခဲရှိသည့်အတွက်  သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဇော်မင်းသိန်း (လေးမျက်နှာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ခုနဝန်ကြီးပြောသွားသည့်အတိုင်း သေချာ လမ်းကွေ့များတွင် စနစ်တကျဖြင့် ဆောင်ရွက်ထားသည့်အတွက် တကယ်ကို အားရဖို့ကောင်းပါကြောင်း၊ သို့သော်လည်း တချို့တိုင်းဒေသကြီးများ၏ ကွေ့များတွင် လမ်းဟောင်းရှိပြီးသား နေရာများမှာ မည်သည့်အရာမှ ပြုလုပ်ထားသည်ကို မတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အဓိကက မိမိတို့ ရန်ပုံငွေအပေါ် မူတည်ပြီး Extra Width များကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆောင်ရွက်သွားမည်ဟု ပြောသော်လည်း ယခုရန်ပုံငွေကုန်ကျစရာ မလိုဘဲ ထိုသစ်ပင်ချုံနွယ်များ၊ ဈေးဆိုင်အဆောက်အဦများက လတ်တလော ဖြေရှင်း၍ရပါကြောင်း၊ ဆောက်လုပ်ရေး‌ဝန်ကြီးဌာန၏ လမ်းမကြီးများ ဥပဒေရှိပါကြောင်း၊ လမ်းမကြီးများဆိုသည့် နေရာတွင် ဝန်ကြီးဌာနကနေပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး သတ်မှတ်ထားသော လမ်းအားလုံးကိုဆိုသည်။ ယင်းစကားရပ်တွင် ၎င်းလမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင်ရှိသည့် လမ်းနယ်နိမိတ်များလည်း ပါဝင်သကဲ့သို့ တံတားများလည်း ပါဝင်သည်ဆိုပြီး အတိအကျ ပြဋ္ဌာန်းထားပါကြောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များလည်း အများကြီးပေးထားပါကြောင်း၊ ဝန်ကြီးဌာနကို ၁၃ ချက်ပေးထားပါကြောင်း၊ နောက် ဦးစီးဌာနကို ၁၁ ချက်ပေးထားပါကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အပိုင်းကို ထောင်ဒဏ်တစ်လကနေပြီး သုံးနှစ်အထိချနိုင်သကဲ့သို့ ငွေဒဏ်တစ်သောင်းကနေပြီး ၁၀ သိန်းအထိ ချနိုင်ရန်လည်း ပြဋ္ဌာန်းထားပါကြောင်း၊ နောက်ဆုံးအထွေထွေ အခန်းဖြစ်သည့် အခန်း (၆) တွင် သက်ဆိုင်သည့် ဝန်ကြီးဌာနက လိုအပ်လျှင် အမိန့်ကြေညာချက်များ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်သကဲ့သို့ ဦးစီးဌာနကလည်း အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်ဟု ပါရှိပြီးဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ရန်ပုံငွေ အကုန်ကျခံပြီး လုပ်ရမည့် ကိစ္စများကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း မဆောင်ရွက်နိုင်ခင် လက်ရှိရန်ပုံငွေ ကုန်ကျမှုမရှိဘဲ အန္တရာယ်ဖြစ်စေနိုင်သော သစ်ပင်များ၊ ဈေးဆိုင်အဆောက်အဦများကို ဝန်ကြီးဌာနအနေဖြင့် အမိန့်၊ ညွှန်ကြားချက် ထုတ်ပြန်ပြီး ရှင်းလင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ပျံကျဈေးဆိုင်၊ ကျူးကျော်ဈေးဆိုင်များ အချက်နှင့်ပတ်သက်ပြီး ဝန်ကြီးဌာနအနေဖြင့် အဓိကအခက်အခဲ ဖြစ်နေသည်က ပျံကျဈေးဆိုင်၊ ကျူးကျော်ဈေးဆိုင်များ ဖြစ်ပါကြောင်း၊ ၎င်းပျံကျဈေးဆိုင်၊ ကျူးကျော်ဈေးဆိုင်များ ဖြစ်ပေါ်လာပုံကလည်း ပထမဦးဆုံးနေ့တွင် ထိုဈေးဆိုင်ကြီးကို ချက်ချင်းလာ ဆောက်လိုက်ခြင်း မဟုတ်ဘဲ ခေါင်းရွက်ဗျပ်ထိုးပုံစံမျိုးနှင့် ပထမဦးဆုံး ရောက်လာခြင်း ဖြစ်ပါကြောင်း၊ များသောအားဖြင့် လမ်းဆုံလမ်းခွများတွင် ခေါင်းရွက်ဗျပ်ထိုးများမှတစ်ဆင့် စင်လေးဆောက်ပြီး ဗျပ်ထိုးခေါင်းရွက်မှ စင်ပေါ်တင်ထားပြီး ရောင်းသည့်အဆင့်မှ တဖြည်းဖြည်း ကျူးကျော်သည့်အဆင့်ကို ရောက်ရှိလာရပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ ယခုကဲ့သို့ လမ်းဆုံလမ်းခွများ၏ ကျူးကျော်ဈေးဆိုင်များ အများကြီးကို တရားစွဲဆိုသည့်နေရာတွင် လမ်းမကြီးများ ဥပဒေအရ တရားစွဲဆိုသည့်အခါ တရားရုံးကဒဏ်ငွေ ချပါကြောင်း၊ ဒဏ်ငွေချသည်ဆိုလျှင် ဥပမာ ယခုလက်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိဆိုင်၊ တာပေါင်ကြီးပေါ်တွင် တင်ဆောက်ထားသည့် ဆိုင်ကိုအခုလက်ရှိတွင် ၁၅၀ ကျော် မိမိတို့ တရားစွဲထားသည့် အချိန်တွင် တရားရုံးမှ ဒဏ်ငွေချနိုင်သည့် ဥပဒေက အားနည်းနေခြင်းဖြစ်သည့်အတွက် ဒဏ်ငွေနှစ်သောင်းချသည်ဆိုလျှင် ဒဏ်ငွေနှစ်သောင်း ပေးဆောင်ပြီး ၎င်းဆိုင်ကဆက်ပြီး ရှိမြဲဖြစ်နေသည့်အတွက် ၎င်းကိုထပ်မံပြီး တရားစွဲလျှင်လည်း နောက်ထပ်ဒဏ်ငွေများ ဆက်ရိုက်နေသည့် အနေအထားဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အမြန်လမ်းရဲတပ်ဖွဲ့ကြီး၊ ရဲတပ်ဖွဲ့မှူးရုံးနှင့် ညှိနှိုင်းပြီး တစ်ဆိုင်ချင်းလိုက်ရှင်းနေရသည့် အနေအထားမျိုး ဖြစ်ပါကြောင်း၊ အဓိကက လမ်းမကြီးများ ဥပဒေ၏ အားနည်းချက်ကြောင်‌့လည်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတွင်ရှိသည့် လမ်းဆုံလမ်းခွများ၏ ကျူးကျော်ဈေးသည်များ ရှင်းလင်းရန်အတွက်ကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး ဆွေးနွေးထားပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကလည်း လမ်း/ကျူးရှင်းလင်းရေး အဖွဲ့ဆိုပြီး ကော်မတီဖွဲ့ပေးထားပါကြောင်း၊ ၎င်းကော်မတီနှင့် ညှိနှိုင်းပြီး လတ်တလော လမ်းဘေးမှ မျက်ကွယ်ကို နောက်ပြန်ဆုတ်ရန်၊ ရေမြောင်းကျော်ရန်အတွက် အရင်လုပ်ပါဆိုသည့် ပုံစံမျိုးဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး ဖြေရှင်းဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။