ထန်တလန်မြို့နယ်သည် နယ်စွန်နယ်ဖျားတွင်တည်ရှိ၍ အိန္ဒိယနယ်စပ်နှင့် ဆက်စပ်လျက်ရှိရာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၃၇၀.၁၃ ကျယ်ဝန်းပါကြောင်း၊ ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၃၆၊ ကျေးရွာ ပေါင်း ၈၇ ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈၇ အနက် ၇၂ ကျေးရွာသည် အများအားဖြင့် အမြန်လမ်းဖောက်လုပ်ပေးပြီး ဖြစ်ပါကြောင်း၊ ကျန် ၁၅ ရွာဖြစ်သော ဒေသအခေါ် မာရာ လူမျိုးနွယ်စုနှင့် ဇုံခေးလူမျိုးစုများ နေထိုင်သည့် လေတပ်‘ခ’ကျေးရွာမှ လှမ်ဖေ-ခွါဘုံ-လောင်တလန် လုံကျွေးသဲ-ငါဖိုင်ပီးသို့ သွားသောလမ်းသည် သွားလာရေးအခက်အခဲဆုံးသော လမ်းဖြစ်ပါကြောင်း၊ အဆို ပါ လမ်းသည် ထန်တလန်မြို့မှ ၂၄ မိုင်ရှိ လေတပ်‘ခ’ကျေးရွာအထိ ထန်တလန်-မတူပီ မြို့နယ်များကို ဆက်သွယ်သော လမ်းမကြီးဖြစ်ပါကြောင်း၊ လေတပ်‘ခ’ကျေးရွာမှ လမ်းခွဲပြီး ငါဖိုင်ပီးအထိ ၄၆ မိုင်ခန့် ဝေးသောလမ်းကို အာမခံလမ်း ဖောက်လုပ်ပေးပါရန် အထူးလိုအပ်လျက် ရှိပါကြောင်း၊ ၎င်းလမ်းကို ရွာပေါင်း ၁၅ ရွာ၊ လူဦးရေအားဖြင့် ၁၀၀၀၀ ကျော်မှ အသုံးပြုသောလမ်းဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံ မဆိုးတန်းပြည်နယ် ဆိုင်ဟမြို့သို့ ဆက်သွယ်သော လမ်းလည်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းတွင် တည်ရှိသော လေတပ်‘ခ’ကျေးရွာမှ လှမ်းဖေးရွာကြား ခန်ဟော့ချောင်းကို ကျေးလက်ဖွံ့ဖြိုးရေးဌာနမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် သန်းပေါင်း ၁၂၀ ကျပ်ဖြင့် ဘေလီတံတား တည်ဆောက်ပေးခြင်း၊ ခွါဘုံးရွာနှင့် လောင်တလန်းရွာအကြား အရွေးချောင်းကို နတလမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် သန်းပေါင်း ၆၀ ကျပ်ဖြင့် ဘေလီတံတား တည်ဆောက်ပေးပြီး ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ၂၁ ပေ တိုးချဲ့ဖောက်လုပ်ပေးပြီး ကျောက်ခင်းလမ်း ဖောက်လုပ်ပေးခြင်း၊ တံတားများတည်ဆောက်ပေးခြင်း၊ ကွန်ကရစ်ရေပုံများ တည်ဆောက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ပါက ထန်တလန်မြို့နယ်အတွင်းရှိ မူရာလူမျိုးနွယ်စုနှင့် ဇုံခေးလူမျိုးနွယ်စုများသည် စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးတို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ထန်တလန်မြို့နယ် လေတပ်‘ခ’ကျေးရွာမှ လှမ်ဖေ-ခွါဘုံ-လောင်တလန်လုံ ကျွေးသဲ-ငါဖိုင်ပီးထိ ဆက်သွယ်သောလမ်းကို ၁၂ ရာသီသွားလာနိုင်သော အမာခံလမ်းအဖြစ် ဖောက်လုပ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ထန်တလန်မြို့နယ်အတွင်းရှိ လေတပ်‘ခ’ကျေးရွာမှ လှမ်ဖေ-ခွါဘုံ-လောင်တလန်လုံကျွေးသဲ-ငါဖိုင်ပီး ကျေးလက်လမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ စုစုပေါင်းလမ်းအရှည် ၅၂ မိုင် တွင် လေတပ်‘ခ’မှ ခွါဘုံ‘ခ’အထိ ၁၉ မိုင်ရှိပြီး Class (A) ဦးစားပေးအဆင့် (၁) လမ်းဖြစ်ပါကြောင်း၊ ခွါဘုံ‘ခ’မှ ငါဖိုင်ပီးအထိ ၃၃ မိုင်ရှိပြီး လမ်းအဆင့်က Class (B) ဦးစားပေးအဆင့် (၁)လမ်း ဖြစ်ပါကြောင်း၊
လေတပ်‘ခ’မှ ခွါဘုံ‘ခ’အထိ ၁၉ မိုင်အနက် မိုင်တိုင်အမှတ် (ဝ/၀) မှ (၄) အထိ လမ်းအရှည် ၄ မိုင် ကို အကျယ် ၁၂ ပေမှ ၂၄ ပေထိ လမ်းတားချဲ့ခြင်း လုပ်ငန်းကို ရန်ပုံငွေကျပ်သန်း ၁၂၀ ဖြင့် လည်းကောင်း၊ မိုင်တိုင်အမှတ် ၃၉ မှ ၄၁ အထိ လမ်းအရှည် ၂ မိုင်ကို ၂၄ ပေအကျယ် လမ်းတာချဲ့ခြင်း လုပ်ငန်းကို ရန်ပုံငွေကျပ်သန်း ၁၀၀ ဖြင့်လည်းကောင်း စုစုပေါင်းရန်ပုံငွေ ကျပ်သန်း ၂၂၀ ကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် လမ်းအပိုင်းများကိုလည်း နှစ်အလိုက် ရန်ပုံငွေရှိမှုအပေါ် မူတည်ပြီး အပိုင်းလိုက် အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
