(ဂ)-နမ့်ပန်ချောင်း၏ ဟွေ့ကျောင်းချောင်း ဆုံနေရာမှ ကန်မောက်လျံရွာအထိ ပေ ၃ သောင်းခန့်၊(၅.၅၃) မိုင်ရေတိမ်ကောမှုအား သဲနုန်း တူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ချောင်းချဲ့ခြင်းတို့အား စီစဉ်ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၈.၂၀၁၈)

မိုင်းပန်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ပန်ချောင်းသည် နှစ်စဉ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေပါသဖြင့် နမ့်ပန်ချောင်း၏ ဟွေ့ကျောင်းချောင်း ဆုံနေရာမှ ကန်မောက်လျံရွာအထိ ပေ ၃ သောင်းခန့်၊(၅.၅၃) မိုင်ရေတိမ်ကောမှုအား သဲနုန်း တူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ချောင်းချဲ့ခြင်းတို့အား လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီးအစွန်အဖျားဒေသတွင် တည်ရှိပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိက လုပ်ကိုင်ကြပါကြောင်း၊ နမ့်ပန်ချောင်းသည် မြို့နယ်၏ အရှေ့ဘက်တောင်ပိုင်းသစ်တော ကြိုးဝိုင်းနှင့် နမ့်သောင်းသစ်တောကြိုးဝိုင်းတို့မှနေပြီး ချောင်းဖျားခံကာ အရှေ့ဘက်မှ အနောက်ဘက်ကို ကွေ့ကောက်ဖြတ်သန်းစီးဆင်း၍ လင်းခေးမြို့နှင့် နမ်တိမ်းချောင်းအတွင်းကို စီးဝင်သွားပါကြောင်း၊ နမ့်ပန်ချောင်းသည် လင်းခေး-မိုင်းပန် ပြည်ထောင်စု လမ်းမကြီးဘေးချင်းယှဉ်လျက် စီးဆင်းပြီး ချောင်းစီးဆင်းရာမြေပြန့်တစ်လျှောက် ဒေသခံတောင်သူများ၏ ယာမြေစိုက်ပျိုးမြေဧရိယာ ၁၀၀၀ ကျော်၏ သီးနှံစိုက်ပျိုးမှုများကို များစွာအကျိုးပြုလျက်ရှိပါကြောင်း၊ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်စပြီး သစ်တောများပြုန်းတီးခြင်း၊ ရွှေ့ပြောင်းတောင်ယာများချဲ့ထွင်ခြင်း၊ ရာသီဥတုများ ပြောင်းလဲလာခြင်းနှင့် နှစ်စဉ်မိုးရွာသွန်းမှုများကြောင့် နမ့်ပန်ချောင်းသည် တောင်ကျ ချောင်းရေများပြားလာပြီး အထူးသဖြင့် ယခင်နှစ်မှာမိုးစပါးနှင့် ကြက်သွန်ဖြူစိုက်ပျိုးရာသီ တွင် မိုးမမှန်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းတို့ကြောင့် နမ့်ပန်ချောင်းရေကြီးရေလျှံခြင်းတို့ ဖြစ်ပေါ်လာပြီး လယ်ယာမြေများဖုံးလွှမ်းခြင်းခံခဲ့ရသည့်အတွက် မိုးစပါးနှင့် ကြက်သွန်ဖြူစိုက်ခင်းများ အများအပြား ပျက်စီးကာ  ဒေသခံတောင်သူများအတိဒုက္ခရောက်ခဲ့ကြရပါကြောင်း၊  နမ့်ပန်ချောင်းရေကြီးရေလျှံစဉ် ချောင်းအဖျားမှ သဲနုန်းများပို့ချသည့်အတွက်ကြောင့် နမ့်ပန်ချောင်းနှင့် ဟွေ့ကျောင်းချောင်းဆုံနေရာတွင် ကန်မောက်လျံကျေးရွာအထိ ပေ ၃ သောင်း ၅.၅၃ မိုင်ခန့် ရေတိမ်ကောလာတာဖြစ်သည့်အတွက် ရေစီး ဆင်းမှုမကောင်းသည့်အတွက် အမြဲရေလျှံခြင်း၊ ရေလမ်းကြောင်းများ ပြောင်းလဲသွားခြင်း၊ ချောင်းကွေ့ ကောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊  ထိုကဲ့သို့ ဖြစ်ပေါ်နေမှုကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံးပြုလုပ်ပေးမှသာ လာမည့်နှစ်များတွင် အထက်ပါရေဘေးအန္တရာယ်များ ကာကွယ်သွားနိုင်မည် ဖြစ်ပါကြောင်း၊  ထို့ကြောင့် မိုင်းပန်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် နမ့်ပန်ချောင်းသည် ရေကြီးရေလျှံမှုကြောင့် မြို့နယ်အတွင်းရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေပါသဖြင့် နမ့်ပန်ချောင်း၏ ဟွေ့ကျောင်းချောင်းဆုံနေရာတွင် ကန်မောက်လျံရွာအထိ ပေ ၃ သောင်းခန့်ကို ရေတိမ်ကောလာမှုကို  သဲနုန်းတူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ချောင်းချဲ့ခြင်းတို့ကို လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိတို့ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၊ ဒေသ ၁၂၊ ရှမ်းပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် ၁၇.၅.၂၀၁၈ ရက်နေ့နှင့် ၁၈ ရက်နေ့ ညတွင်  မိုင်းပန်မြို့နယ်၊ နမ့်ပန်ချောင်းနှင့် ဟွေ့ကျောင်းချောင်းဆုံနေရာ ကန်မောက်လျံရွာ၏ အထက်ဘက်အထိ နမ့်ပန်ချောင်းတစ်လျှောက် ကွင်းဆင်းတိုင်းတာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ မိုင်းပန်မြို့နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအများစုသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း ကို အဓိကလုပ်ကိုင်ကြသဖြင့် နမ့်ပန်ချောင်း၏ ချောင်းဝဲ/ယာရှိ တောင်သူများ၏ စိုက်ပျိုးမြေဧက များစွာကို အကျိုးပြုလျက်ရှိပြီး ချောင်းတစ်လျှောက်တွင် ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ထားသည့် ဆည်တစ်ခုနှင့် ဒေသအစီအစဉ်ဖြင့်ပြုလုပ်ထားသည့် ရေတားဆည်ခြောက်ခု စုစုပေါင်းဆည်ခုနှစ်ခု ရှိပါကြောင်း၊ ၎င်းဆည်များသည် စိုက်ပျိုးမြေဧကများစွာကို အကျိုးပြုသော်လည်း ချောင်းကြမ်းပြင်မြင်‌့ တက်ခြင်းကို ဖြစ်ပေါ်စေသဖြင့် ဆည်များ၏အထက်ဘက်မှာ ချောင်းရေကြီးရေလျှံမှုကို ဖြစ်ပေါ်စေ နိုင်ပါကြောင်း၊ သစ်တောများပြုန်းတီးခြင်း၊ ရွှေ့ပြောင်းတောင်ယာများ ချဲ့ထွင်ခြင်း၊ ရာသီဥတုပြောင်းလဲ လာခြင်း စသည်တို့အပြင် ချောင်း၏ရေဝေရေလဲဧရိယာအတွင်း မိုးရေနှင့်အတူ မြေဆီလွှာများ သဲချောင်း ငယ်များမှတစ်ဆင့် နမ့်ပန်ချောင်းအတွင်း အနည်ပို့ချခြင်း၊ သစ်ပင်သစ်ကိုင်းများ မိုးရေနှင့် အတူပါလာစဉ် ချောင်းအတွင်းပိတ်ဆို့ကာ ရေကာတန်းသဖွယ်ဖြစ်၍ ချောင်းအတွင်းအနည်ပို့ချခြင်းနှင့် ကားလမ်းများ ချဲ့ရာမှ ထွက်ရှိလာသည့် မြေစာများကို ချောင်းဘက်သို့ ချထားခြင်းတို့ကြောင့် ချောင်းကြမ်းပြင်မြင့်တက်၍ ရေစီးရေလာမကောင်းတော့ဘဲ ရေဆန်ဘက်မှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊ နမ့်ပန် ချောင်းရေစီးရေလာ ကောင်းမွန်ရေးအတွက် ချောင်းဖြောင့်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်နိုင်သော်လည်း ယခုလို ဆောင်ရွက်မည်ဆိုပါက ချောင်း၏ဝဲ/ယာရှိ စိုက်ပျိုးမြေပိုင်ရှင်များဖြင့် ညှိနှိုင်းမှုများပြုလုပ်ရန် လိုအပ်မည်ဖြစ်သဖြင့် အချိန်ကြန့်ကြာပြီး ငွေကုန်ကြေးကျလည်းများမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါနည်းလမ်းဖြင့် မဆောင်ရွက်ဘဲ ပထမဦးစားပေးအနေဖြင့် သစ်ကိုင်းများဖြင့် ပိတ်ဆို့နေသည့် နေရာ ငါးနေရာကို တူးဖော် ရှင်းလင်းဖယ်ရှားခြင်းနှင့် ဒုတိယဦးစားပေးအနေဖြင့် နမ့်ပန်ချောင်းနှင့် ဟွေ့ကျောင်း ချောင်းဆုံရာ နေရာတွင် ကန်မောက်လျံရွာအကြား ချောင်းတစ်လျှောက် ၄.၃၆ မိုင်ကို ချောင်းအတွင်း သဲနုန်းတူးဖော်ခြင်းနှင့် ချောင်းချဲ့ခြင်းများကိုသာ ဆောင်ရွက်သင်‌့ပါကြောင်း၊ ၎င်းလုပ်ငန်းနှစ်ခုစလုံးကို တူးဖော်သည့်နေရာတွင် ဇလားပုံအတိုင်း ရေစီးရေလာကောင်းရန် တူးဖော်သွားရမည်ဖြစ်ပါကြောင်း၊  နမ်‌့ပန်ချောင်းနှင့် ဟွေ့ကျောင်းချောင်းဆုံနေရာတွင် ကန်ပေါက်လျံရွာအထိ  ရေတိမ်ကောမှုများကို သက်သာစေရန် သစ်ပင်သစ်ကိုင်းများ ရှင်းလင်း၍ ချောင်းချဲ့ခြင်းလုပ်ငန်းနှစ်ခုကို စုစုပေါင်းရန်ပုံငွေ ကျပ် ၁၆၁.၆၄ သန်းလိုအပ်မည်ဖြစ်ပြီး ၎င်းလိုအပ်သည့် ရန်ပုံငွေကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထားခြင်းမရှိပါကြောင်း၊ နမ့်ပန်ချောင်းရေကြီးရေလျှံမှု၏ အကြောင်းရင်းတစ်ခုဖြစ်သည့် ကားလမ်းများချဲ့ရာမှ ထွက်ရှိလာသည့် မြေစာများချောင်းအတွင်းသို့ ကျရောက်မှုများ မဖြစ်စေရေးအတွက် သက်ဆိုင်သည့် လမ်းဦးစီးဌာနသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားရှိပြီးဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ချောင်းကမ်းပါးပြို ကာကွယ်ရေးလုပ်ငန်းသည် ရှမ်းပြည်နယ်အတွင်းမှာ များစွာရှိသည့်အတွက် ဦးစားပေး အစီအစဉ်များအရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် သင့်လျှော်ရာဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံ ပြီး ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာန၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ် ညှိနှိုင်း၍ ပြန်လည်ဖြေကြားခဲ့ပါသည်။