ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်၏ အခြေခံမူ ပုဒ်မ ၂၃ တွင် နိုင်ငံတော်သည် တောင်သူ လယ်သမားများ၏ (က) အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်မည်။ (ခ) စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများသင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီ ဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ၎င်းပြဋ္ဌာန်းချက် အောင်မြင်အောင် အကောင်အထည်ဖော်ရန် လည်းကောင်း၊ နိုင်ငံတော၏ ၆၈ ရာခိုင်နှုန်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရန်လည်းကောင်း၊ လယ်ယာမြေ နှင့် စာရင်းအင်းဌာနတွေဟာ အလွန်အရေးပါသည့် ကဏ္ဍတွင်ပါရှိနေပါကြောင်း၊ မိမိတို့နိုင်ငံ တွင် ခေတ်အမျိုးမျိုး၊ စနစ်အမျိုးမျိုး၊ လုပ်ထုံးအမျိုးမျိုးရှိခဲ့သည့်အတွက် တောင်သူလယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲမှုများသည် နက်နဲရှုပ်ထွေးခဲ့ပါကြောင်း၊ ဒီမိုကရေစီအစိုးရ အပြောင်းအလဲ တွင် တောင်သူလယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့်များကို မှန်ကန်ကောင်းမွန်အောင် နည်းမျိုးစုံနှင့် ဆောင်ရွက်နေသော်လည်း အခြေခံဒေသများတွင် လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာပြဿနာများ၊ လယ်ယာ မြေ နှင့် အခြားမြေများသိမ်းဆည်း ခံမှုပြန်လည်စိစစ်ရေးပြဿနာများသည် ယနေ့တိုင် မပြီးမပြတ် ဖြစ်နေ ပါကြောင်း၊ မြေပြင်ကို ကွင်းဆင်းစစ်ဆေးရန်သည့်အခါ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းတာဝန်ခံ များကို ဖိတ်ခေါ်သည့်အခါ ဗဟိုတိုင်း/ခရိုင်အစည်းအဝေးများတက်ရောက်နေရခြင်း၊ ဝန်ထမ်းအင်အား နည်းပါးခြင်းစသည့် အခက်အခဲများကြောင့် အစည်းအဝေးများ မကြာခဏပျက်ပြီး ရှေ့ရောက်မှု နည်းနေ သည့်အတွက် နှောင့်နှေးမှုများဖြစ်နေပါကြောင်း၊ ဝန်ထမ်းအင်အားနည်းပါးသည့်အတွက် တချို့ယာမြေ တော်တော်များများကို ပုံစံခွန် ထုတ်ပေးနိုင်မှုမရှိသေးပါကြောင်း၊ မိမိမဲဆန္ဒနယ် တွင် စာရေးတစ်ဦးတည်းမှ အုပ်စု ၆ ခုထိ တာဝန်ယူနေရသည့် အဆင့်ရှိပါကြောင်း၊ အချိန်နှင့်အမျှ တိုးတက်လာသည့် လူဦးရေ အခြေ အနေအရ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန် လိုအပ်ပါက နိုင်ငံတော်၏ အနေအထားအရ စိုက်ပျိုး မြေတိုးချဲ့ဖန်တီးပေးခြင်း၊ အရင်းအနှီး နည်းပညာနှင့် သွင်းအားစုပံ့ပိုးပေးခြင်းတို့ကို စနစ်တကျ စီမံခန့်ခွဲ ပေးရန် ဥပဒေ၊ နည်းဥပဒေများနှင့် ရည်ရွယ်ချက် များလည်း ရှိထားပြီးဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ လယ်ယာမြေနှင့်စာရင်းအင်းဌာနများသည်မပါအဖြစ် အရေး ကြီး သည့်နေရာတွင် ရှိနေကြပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ အရေးကြီး တာဝန်များကို ထဲထဲဝင်ဝင် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လယ်ယာမြေနှင့်စာရင်းအင်းဌာန ဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေး မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် ယခင်ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာနအဖြစ် ၁၅.၁၀.၁၉၀၆ ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့်ဌာနတစ်ခုဖြစ်ပါကြောင်း၊ မူလဖွဲ့စည်းစဉ်က ဌာန၏ အဓိကလုပ်ငန်းတာဝန်များမှ မြေခွန်တော်စည်းကြပ်ခြင်းနှင့် လယ်ယာကဏ္ဍစာရင်းအင်းများပြုစု ခြင်း၊ကြေးတိုင်လုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများဖြစ်ပါကြောင်း၊ နောက်ပိုင်းကာလတွင် နိုင်ငံတော် ၏ လိုအပ်ချက်အရ မြေအသုံးချမှုဆိုင်ရာ စာရင်းများ၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာစာရင်းများနှင့် မြေယာပိုင်ဆိုင်မှု စာရင်းများကို မှတ်တမ်းတင်ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရေခွန်၊ တာတမံခွန်စည်း ကြပ်နိုင်ရေး စာရင်းပြုလုပ်ငန်းများနှင့် စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် လာရသည့် အပြင် ဒေသအလိုက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ပေးသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လည်း ဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊
ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၁၁)အဖြစ် လယ်ယာ မြေဥပဒေကိုပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များနှင့် ၎င်းအဖွဲ့များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ သတ်မှတ်ပြဋ္ဌာန်း ထုတ်ပြန် ပေးမှုနှင့်အညီ ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာနမှ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီး ဌာနမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုတာဝန်ခံ မြေတိုင်းစာရေးများအားလုံးသည် ဌာန၏ မူလလုပ်ငန်း တာဝန်များအပြင် လယ်ယာမြေစီမံခန့်ခွဲမှု အဆင့်ဆင့်၏ အတွင်းရေးမှူးတာဝန်ကိုပါ ထမ်းဆောင်ကြရ ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များစီမံခန့်ခွဲရေးဥပဒေပါ ပြဋ္ဌာန်းချက်ပါ လုပ်ငန်းတာဝန်များကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ယူထမ်းဆောင်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အတည်ပြုချက်အရ ၁-၆-၂၀၁၅ ရက်နေ့မှစပြီး လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအဖြစ် အမည်ပြောင်းလဲပြင်ဆင်ခဲ့ပြီး ဌာနအမည်နှင့် လိုက်လျောညီထွေ ရှိသည့် လုပ်ငန်းတာဝန်များကို ပြန်လည်ရေးဆွဲပြီး ဌာန၏ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေရေးဆွဲစဉ်အချိန်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ဝန်ထမ်း ဖွဲ့စည်းပုံခွင့်ပြုအင်အားသည် ၁၄၃၃၃ ဦးဖြစ်ပါကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံခွင့်ပြုအင်အားမှာ ရပ်ကွက်/ ကျေးရွာအုပ်စုတာဝန်ခံ မြေတိုင်းစာရေးခွင့်ပြုအင်အားသည် ၇၃၈၈ ဦးသာ ခွင့်ပြုထားပါကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်နိုင်ငံလုံး ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၁၆၈၇၅ ဦး ရှိသည့်အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ ဖွဲ့စည်းထားတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အစည်းများတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် ရပ်ကွက်/ကျေးရွာ အုပ်စု တာဝန်ခံ မြေတိုင်းစာရေး ၁၆၈၇၅ ဦးကို ခန့်အပ်တာဝန်ပေးရန် လိုအပ်ပါကြောင်း၊ အဆိုပါလိုအပ်ချက် အပေါ်အခြေခံပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲလျက် ရှိရာ လက်ရှိလုပ်ငန်းတာဝန်များနှင့် လိုက်လျောညီထွေ ဖြစ်နိုင်မည့် ဝန်ထမ်းအင်အား ၂၀၇၀၂ ဦးပါသည့် ဖွဲ့စည်းပုံအသစ်ကို အဆိုပြုရေးဆွဲတင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံအသစ်ကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၁၅-၈-၂၀၁၇ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့ကို တင်ပြဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊
ရေးဆွဲတင်ပြထားသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဖွဲ့စည်းပုံအသစ်တွင် အလုပ် တာဝန်နည်းသည့် ကျေးရွာအုပ်စုအချို့မှာ နှစ်အုပ်စုမှာ မြေတိုင်းစာရေး တစ်ဦးနှုန်း၊ တာဝန် များပြားသည့် ကျေးရွာအုပ်စုတွေမှာ မြေတိုင်းစာရေးတစ်ဦးနှုန်းဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေ ခြိုးခြံချွေတာရေးနှင့်ဖွဲ့စည်းပုံ အင်အား ဖောင်းပွမှုမရှိစေရေးအတွက် စနစ်တကျတွက်ချက်ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရပ်/ကျေး မြေစာရင်းမှူးများကို ပိုမိုတိုးချဲ့ခန့်ထားနိုင်ရေးအတွက် လက်ရှိ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနရဲ့ဖွဲ့စည်းပုံကို ဝန်ထမ်းအင်အား ၂၀၇၀၂ ဦးပါသည့် ဖွဲ့စည်းပုံအသစ်ဖြင့် ပြင်ဆင်ရေး ဆွဲတင်ပြထားမှုရှိသည့် အလျောက် နိုင်ငံတော်၏ခွင့်ပြုချက်ရရှိလာတာနှင့်အမျှ လုပ်ငန်းတာဝန်များပြား သည့် ရပ်ကွက်/ကျေးရွာအုပ်စုတစ်စုမှာ တာဝန်ခံမြေတိုင်းစာရေး တစ်ဦးနှုန်း၊ လုပ်ငန်းတာဝန်နည်းပါးသည့် ရပ်ကွက်/ကျေးရွာအုပ်စု နှစ်အုပ်စုမှာ တာဝန်ခံမြေတိုင်းစာရေး တစ်ဦးနှုန်းနှင့် ဘဏ္ဍာငွေခွဲဝေရရှိမှုနှင့်အညီ ခန့်အပ်တာဝန်ပေးအပ်သွားနိုင်မည်ဖြစ်ပါကြောင်းနှင့် ဌာန၏ လုပ်ငန်းတာဝန်များကို ယခုထက် ပိုမိုလျင်မြန် သွက်လက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
