(င)-ရန်ကုန်မြို့၊ မြို့ပတ်ရထားလမ်း၏ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေးဘူတာကြား မီးရထားလမ်းအောက်မှ ရေထွက်အားကောင်းမွန်သည့် မြောင်းများဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၈.၂၀၁၈)

ရန်ကုန်မြို့၊ မြို့ပတ်ရထားလမ်း၏ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေးဘူတာကြား မီးရထားလမ်းသည် မြေသားတမံသဖွယ်ရေစီးဆင်းမှုအား ပိတ်ဆို့နေသည့်အတွက် ရပ်ကွက်(၇)ရပ်ကွက်မှ ပြည်သူသုံးသောင်းခန့် နှစ်စဉ်ရေဝပ်သည့်ဒဏ်ကို ခံစားနေရပါ၍ ခရေပင်လမ်းမကြီး၏ တောင်ဘက်နှင့်မြောက်ဘက် တစ်ဖက်စီတွင် မီးရထားလမ်းအောက်မှ ရေထွက်အားကောင်းမွန်သည့် မြောင်းများဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ၏  လမ်းခွဲ၏တောင်ဘက်တွင်ရှိသော (၁/က)ရပ်ကွက်၊ (၂/ခ)ရပ်ကွက်၊ (၃/က)ရပ်ကွက်၊ (၃/ခ)ရပ်ကွက်၊ (၄)ရပ်ကွက်နှင့် ခရေပင်လမ်း၏  မြောက်ဘက်တွင်တည်ရှိသော (၂/က)ရပ်ကွက်၊ စမ်းကြီးဝရပ်ကွက်နှင့် တပ်မတော်စံပြရပ်ကွက်တို့သည် နှစ်စဉ် မိုးရာသီတိုင်း ရေဝပ်နေသည့်အပြင် နွေရာသီရောက်ပါကလည်း ရေများ စီးဆင်းနိုင်ခြင်းမရှိဘဲ ရေတွေဝပ်နေသည်ကို ခံစားရနေရပါကြောင်း၊ ရပ်ကွက်ထဲကမြောင်းများကို ဆယ်ယူခြင်း၊ ကောင်းမွန်အောင်ဆောင်ရွက်ခြင်းများ ပြုလုပ်သော်လည်း  ရေများသည် မီးရထားလမ်းတွင် ထွက်ပေါက်ပိတ်နေသည့်အတွက် ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရမြဲဖြစ်ပါကြောင်း၊ မီးရထားလမ်းအောက်တွင်ရှိသော  ပြွန်ပေါက်ကို မီးရထားဝန်ထမ်းသက်သာအဖြစ် ကန်စွန်းစိုက်သူများက ငှားရမ်းပြီး ပွန်ပေါက်ကိုပိတ်၍ ကန်စွန်းများ စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထို့ကြောင့် မီးရထားလမ်း၏ ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်းတွင် ရှိကြသော ရပ်ကွက်ပြည်သူများအနေဖြင့်  ရေပိတ်ဒဏ်ကို ခံစားနေရပါကြောင်း၊

မီးရထားလမ်းအောက်ကမှ ရေထွက်အားကောင်းသည့် တူးမြောင်းကို နှစ်ဘက်လုံးတူးပေးနိုင်ပါမှ ရေကျမှာဖြစ်မည်ဖြစ်ခြင်းကြောင့် မီးရထားလမ်းအောက်မှ ရေစီးအားကောင်းသည့် မြောင်းတူးပေးနိုင်တဲ့အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံ ဈေးဘူတာကြား မီးရထားလမ်းတစ်လျှောက် ရေးစီးရေလာအခြေအနေကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့ပါကြောင်း၊ ထိုသို့ လေ့လာကြည့်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်စံပြရပ်ကွက်၊ စမ်းကြီးဝရပ်ကွက်နှင့် (၂/က)ရပ်ကွက်တို့သည် မင်္ဂလာဒုံဈေးဘူတာနှင့် မင်္ဂလာဒုံဘူတာကြား၊ ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ဘက်တွင်တည်ရှိပြီး အဆိုပါရပ်ကွက်မှ ရေများသည် ရထားလမ်းတာပေါင်ဘေး တစ်လျှောက်စီးဆင်း၍ တံတားအမှတ် ၃၂ (ပေ ၁၀ x ၈ ပေ)အကျယ်ရှိသော ရေထွက်ပေါက်မှတစ်ဆင့် ဓနင်းရိုးချောင်းအတွင်းသို့ စီးဆင်းလျက်ရှိပါကြောင်း၊

အထက်ပါ လူနေရပ်ကွက်များနှင့် ရထားလမ်းကြားတွင်  ကန်စွန်းခင်းများတည်ရှိနေပြီး ကန်သင်းရိုး အဆင့် ဆင့်ခံ၍ စိုက်ပျိုးနေခြင်း၊ ရေထိန်းထားခြင်း၊ ကန်စွန်းခင်းနှင့် ရထားလမ်းတာ ပေါင်ကြား တစ်လျှောက်နှင့် လူနေရပ်ကွက်များမှ ရေမြောင်းများသည် ကျဉ်းမြောင်းကွေ့ကောက်နေခြင်း၊ ရေမြောင်းများအတွင်း ရေလက်ကျန်အမြဲ ရှိနေခြင်းတို့ကြောင့် မိုးသည်းထန်ပြီး အချိန်ကြာမြင့်စွာ ရွာသွန်းချိန်တွင် ရေကြီးမှုဖြစ်ပေါ် တတ်ကြောင်းနှင့် ရေကြီးမှုအချိန်သည် ကြာမြင့်ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊

ယခုအချိန်ကာလတွင်  ရေကြီးမှုမဖြစ်ပေါ်စေရေး၊ ရေများအရှိန်အဟုန်ပြင်း စီးဆင်းနိုင်ရေးနှင့် ရေစီးနှင့် အတူပါလာတဲ့ အမှိုက်သရိုက်များကြောင့် ပတ်ဆို့မှုမဖြစ်ပေါ်စေရေးတို့အတွက် မြန်မာ့မီးရထားက တံတိုင်းအမှတ် ၃၂ ရေထွက်ဘက်ခြမ်း ဓနင်းရိုးချောင်းအတွင်းရှိ ရထားလမ်း နယ်နိမိတ် Chain Link တိုင်သုံးတိုင်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ဖယ်ရှားပေးခဲ့ပြီးဖြစ်သည့်အပြင် ရေမြောင်းများတစ်လျှောက် ပိတ်ဆို့နေမှုများကိုလည်း ဆယ်ယူရှင်းလင်းခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မင်္ဂလာဒုံဈေးဘူတာနှင့် မင်္ဂလာဒုံဘူတာ ကြား ရထားလမ်းတာပေါင် မြေနိမ့်ကျွံမှုမဖြစ်စေရေးအတွက် မြန်မာ့မီးရထားအနေဖြင့် မြေသား ပြုပြင်ခြင်း၊ တာပေါင်အခြေမှ ပေ ၅၀ အကွာအထိ အကူတာပေါင်ပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ဆက်တည်း ရေကြီးနစ်မြုပ်မှု ထပ်မံမဖြစ်ပေါ်စေရေးအတွက် ရထားလမ်းတာပေါင် အနောက်ဘက်ခြမ်း အကူ တာပေါင်နှင့် ကန်စွန်းခင်းများကြားမှာ(၈ ပေ x ၆ ပေ) အကျယ် ရေနုတ်မြောင်းတူးဖော်ဆောင်ရွက်ခြင်း၊ မင်္ဂလာဒုံဈေးဘူတာမြောက်ဘက် မိုင်တိုင် အမှတ်(၁၃၀/ဝ)နှင့် (၁၃၁/၁)ကြား ရထားလမ်း တာပေါင်အောက်မှ ရေထွက်ပေါက်တစ်ခု ထပ်မံ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် ရေစီးရေလာပိုမိုကောင်းမွန်စေရန်အတွက် လူနေရပ်ကွက်များမှ ထွက်ရှိလာသောရေများ၊ တံတားအမှတ် ၃၂ မှတစ်ဆင်‌့ ဓနင်းရိုးချောင်းအတွင်း သို့ တိုက်ရိုက်စီးဆင်းနိုင်ရေးအတွက် ကွန်စွန်းခင်းများအလယ်မှ ပင်မရေနုတ်မြောင်းတစ်ခုကို ဖောက်လုပ်ပေးရန်လိုအပ်သည်ကိုတွေ့ရှိရသည့်အတွက် အဆိုပါလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများမှ ကန်စွန်းခင်းစိုက်ပျိုးလုပ်ကိုင်သူများကို စည်းရုံးဆောင်ရွက်သွားမည်ဆိုပါက မင်္ဂလာဒုံ ဈေးဘူတာနှင့် မင်္ဂလာဒုံဘူတာကြား ရထားလမ်းဘေးရှိရပ်ကွက်များ နှစ်စဉ်ရေဝပ်သည့် ဒဏ်မှ သက်သာစေနိုင်မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။

ဦးအောင်လှိုင်ဝင်း(မင်္ဂလာဒုံမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်များ ကန်စွန်းခင်းစိုက်သူများနှင့် ညှိနှိုင်းပြီးဆောင်ရွက်ရန်နှင့် ပတ်သက်၍ မိမိတို့ ညှိနှိုင်းပြီးပါကြောင်းနှင့် ကန်စွန်းခင်းစိုက်သူများက ရန်ပြုခြင်းကြောင့် ဆယ်၍ မရနိုင်ပါကြောင်း၊ ကန်စွန်းခင်းကို ခွင့်ပြုထားသည်မှာ မီးရထားမြေဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သိရှိလိုသည်မှာ ရေစီးရေလာကောင်းသည့် မြောင်းအား တူးရန်အစီအစဉ်ရှိ/မရှိနှင့်  ကန်စွန်းခင်းစိုက်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ဟုတ်/မဟုတ်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

တံတားအမှတ်(၃၂) သည် အင်မတန်ကျယ်ပါကြောင်း၊  အဓိကပြဿနာသည်  တံတားအမှတ်(၃၂) အောက်က ရေများသည် တံတားဘေးတစ်လျှောက် ရေစီးရေလာ၊ ရေအဝင်အားမကောင်းသည့်အတွက် ဟိုဘက်က အထွက်ဘက်ကိုရေမရောက်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့မီးရထား၏ ဝန်ထမ်းတွေသက်သာ ဆောင်ရွက်ထားခြင်းဖြစ်ပါက ဝန်ထမ်းတွေနဲ့ညှိနှိုင်းပြီး မြောင်းဖောက်ရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခင် ရထားလမ်းဟောင်းတွင် ရေထွက်ပေါက် ရှိသော်လည်း ရထားလမ်းလမ်းလွှဲထားသည့် ရထားလမ်းသစ်တွင် ရေထွက်ပေါက်မရှိခြင်းကြောင့် ရေအားလုံးက တံတားအမှတ် ၃၂ ထွက်ပေါက်အထိကို စီးဆင်းလာခြင်းလည်း ဖြစ်ပါကြောင်း၊  ထို့ကြောင့် အဓိကပထမအဆင်‌့အနေဖြင့် အရန်တာပေါင်ကို အရန်တာပေါင်ပြုလုပ်ပြီး ထို့နောက် ရထားလမ်းနှင်‌့အပြိုင် ရေနုတ်မြောင်းပြုလုပ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊  ကန်စွန်းခင်းကိုဖြတ်ပြီး ရေမြောင်းတူးဖော်ရန်သည် မြန်မာ့မီးရထားနှင့် သက်ဆိုင်မည်ဆိုပါကလည်း  စီစဉ်‌ဆောင်ရွက်မှာဖြစ်ပါကြောင်း ဖြေကြားပါသည်။