(ဃ)-လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၈.၂၀၁၈)

လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းသည် စီမံကိန်းပြီးစီးသွားသော်လည်း ပေးဆွဲခြင်းမပြုတော့သည့် အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းစေရန် ကောင်းမွန်၍စနစ်ကျသော စီမံခန့်ခွဲမှုများဖြင့် မည်သည့်အချိန်တွင် မည်ကဲ့သို့ပြန်လည်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

မြန်မာ့မီးရထားလုပ်ငန်းကို မိမိတို့နိုင်ငံတွင် ၁.၅.၁၈၇၇ ရက်နေ့က ရန်ကုန်-ပြည်ရထားလမ်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၈၈ ခုနှစ်အထိ လမ်းမိုင်ပေါင်း ၂၀၀၀ လောက်ဖောက်လုပ်ခဲ့ပြီး၁၉၈၈ ခုနှစ်မှ ဒီဘက်ကာလကို လမ်းမိုင်ပေါင်း ၂၀၀၀ လောက် ဆက်လက်တိုးချဲ့ဖောက်လုပ်ခဲ့သည့်အတွက် စုစုပေါင်း မိုင် ၄၀၀၀ လောက်ရှိသော်လည်း တကယ်လက်တွေ့ပြေးဆွဲနေသည်မှ  မိုင်ပေါင်း ၁၆၀၀ လောက်ဖြစ်ပြီး ၎င်းလမ်းပိုင်းများတွင် လှိုင်သာယာ-ဟင်္သာတ-ကျော-ဆိပ်ဖြူ-မင်းဘူး၊ ဆိပ်ဖြူ-ကျော-ဂန့်ဂေါ-ဆိုက်ခေါင်-မိုးနဲ စသည့်လမ်းပိုင်း ၁၃ ပိုင်း၏ လမ်းမိုင်ပေါင်း  ၅၆၈.၈၂ မိုင်ကို ယနေ့ ပိတ်သိမ်း ထားရပါကြောင်း၊  လှိုင်သာယာ-ဟင်္သာတရထား လမ်းပိုင်းကို ၄.၅.၂၀၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ် သည့် အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၀) မှ ဥက္ကဋ္ဌကြီးက မိမိတို့ အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့သည် နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် အကျိုးရှိဖွံ့ဖြိုးတိုးတက်မည့် စီမံကိန်းကြီးများကို စနစ်တကျ လေ့လာပြီးမှ စိစစ်ခွင့်ပြုပေးပါ ဆိုသည့်မှတ်ချက်ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းလမ်းတွင် အဓိကကျသည့် ဧရာဝတီမြစ်ကူးတံတား(ညောင်တုန်း) ဖွင့်ပွဲကို  ၂၇.၁၁.၂၀၁၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊  ၎င်းတံတားကြီးဖွင့်ပြီး လမ်းပိုင်းကို ဆောင်ရွက်နေစဉ် ပျက်စီးဆုံးရှုံးမှုများကို  ၎င်းအချိန်က ပုသိမ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ယခု လက်ရှိ နိုင်ငံတော်သမ္မတကြီးဖြစ်သည့် ဦးဝင်းမြင့်မှ လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ပါကြောင်း၊  ပထမအကြိမ် နဝမပုံမှန်အစည်းအဝေးတွင် ၎င်းလမ်း အတွက် ကုန်ကျစရိတ်များ၊ လမ်းပိုင်းပျက်စီးမှုများ၊ ဖွင့်နိုင်မည့်အချိန်နှင့်  ဖွင့်ခဲ့ပါက ပြည်သူများ စိတ်ချလုံခြုံစွာစီးနိုင်ရန် မည်ကဲ့သို့ဆောင်ရွက်ထားခြင်း စသည်တို့ကို မေးမြန်းခဲ့ပါကြောင်း၊ ၂၄.၅. ၂၀၁၄ ရက်နေ့တွင် စတင်ပြေးဆွဲခွင့်ပြုခဲ့သည့်အတွက် ရထားဝန်ကြီးမှ ၎င်းလမ်းကြီးသည် ဧရာဝတီမြစ်အရှေ့၊ အနောက်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့် တိုင်းငါးတိုင်းမှ ပြည်သူများ ကုန်စည်စီးဆင်းမှုနှင့် တိုက်ရိုက် ကူးလူးဆက်ဆံမှုများကိုရမည်ဖြစ်သည့်အတွက် အင်မတန် အကျိုးရှိမှာဖြစ်သည့်အတွက် မိမိတို့ ရထား ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရကျိုး အပင်ပန်းခံရကျိုးနပ် သည်ဟု ယုံကြည်သဖြင့် ၎င်းလမ်းကြီးကို ဖွင့်ပေးခဲ့သော်လည်း ဖွင့်ပြီးမကြာခင် စီးမည့်လူမရှိသည့်အတွက် ပိတ်လိုက်ရပါကြောင်း၊ ၎င်းလမ်းကို အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့(၁/၂၀၁၀)မှ လမ်းကြီးတည်ဆောက်ရန် အတွက် အချိန် လေးနှစ် ယူရပြီး ကုန်ကျစရိတ်မှ ရထားလမ်းနှင့်ပတ်သက်၍ ၂၈ ဘီလီယံကျော် ၊ တံတားအတွက် ဘီလီယံပေါင်း ၈၉ ကျော် ၊ ယူရိုငွေ ၂၆ သန်း သုံးစွဲခဲ့သည့်ဟု သိရပါကြောင်း၊ လယ်မြေဧက ဧက ၂၀၀၀ သိမ်းယူပြီး တည်ဆောက်ခဲ့ရပါကြောင်း၊ ယခုအချိန်အထိ လျော်ကြေးများ ပေးလျော်ခြင်းမပြတ်သေး သည့်အတွက် အချိန်၊ ငွေ၊ လုပ်အား၊ လယ်ယာမြေများ၊ စိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးများ၊ နစ်နာဆုံးရှုံးပြီး လက်ရှိလည်း အကောင်အထည်ဖော်ဆောင်ရွက်၍ မရတော့သည့် ၎င်းလမ်းပိုင်းကြီး အပေါ်ကို ကောင်းမွန်၍စနစ်ကျသော ခန့်ခွဲမှုများဖြင့် ဆက်လက်၍ဆောင်ရွက်လို့ရ/မရ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းသည် ၈၉.၇၆ မိုင်အကွာအဝေးရှိပြီး နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၅.၃.၂၀၁၀ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၁၀) ဆုံးဖြတ်ချက်အရ ယခင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊  အဆိုပါရထားလမ်း၏ ဟင်္သာတ-ဇလွန်လမ်းပိုင်း ၁၆.၂၅ မိုင်ကို ၂၀-၇-၂၀၁၀ ရက်နေ့မှာလည်းကောင်း၊ ဇလွန်-ညောင်တုန်းလမ်းပိုင်း ၄၆ မိုင်ကို ၂၃-၅-၂၀၁၃ ရက်နေ့တွင်လည်းကောင်း၊ ညောင်တုန်း-လှိုင်သာယာလမ်းပိုင်း ၂၇.၇၅ မိုင်ကို ၂၄-၅-၂၀၁၄ ရက်နေ့တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း မိုင် ၉၀ အတွက် ကုန်ကျစရိတ်ဘဏ္ဍာငွေမှာ ကျပ် ၂၈.၇ ဘီလီယံဖြစ်ပါကြောင်း၊  လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်း စီမံကိန်းတွင် ဖောက်လုပ် ပြီးစီးခဲ့သည့် အပိုင်းအလိုက် လူစီးရထားများ ပြေးဆွဲမှုကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ခရီးအစအဆုံး ပြေးဆွဲမှုကို ၂၄.၅.၂၀၁၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊  နေ့စဉ်ပြေးဆွဲခဲ့သည့် လူစီးရထားများမှာ ဟင်္သာတမှ လှိုင်သာယာသို့ နံနက်ပိုင်းတွင် အမှတ်(၁၇၉) အဆန်ရထားနှင့် လှိုင်သာယာမှ ဟင်္သာတသို့ ညနေပိုင်းတွင် အမှတ်(၁၈၀)အစုန်ရထားတို့ ဖြစ်ပါကြောင်း၊ ရထား၏ ပျမ်းမျှအမြန်နှုန်းမှာ တစ်နာရီလျှင် ၁၅ မိုင်ခန့်သာရှိသဖြင့် ခရီးအစအဆုံး ပြေးဆွဲချိန်မှာ ၆ နာရီ ၃၀ မိနစ်ခန့်ဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အမှတ်(၁၇၉)အဆန်ရထားသည် တစ်ရက်ပျမ်းမျှ ခရီးသည် ခုနစ်ဦး၊ ဝင်ငွေ ၃၆၄၂ ကျပ်နှင့် အမှတ်(၁၈၀)အစုန်ရထားသည် တစ်ရက်ပျမ်းမျှခရီးသည်ငါးဦး၊ ဝင်ငွေ ၂၈၀၀ ကျပ်၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အမှတ်(၁၇၉) အဆန်ရထားသည် တစ်ရက် ပျမ်းမျှခရီး သည် ခြောက်ဦး၊ ဝင်ငွေ ၂၉၁၅ ကျပ်နှင့် အမှတ်(၁၈၀) အစုန် ရထားအတွက် တစ်ရက်လျှင် ပျမ်းမျှခရီး သည် လေးဦး၊ ဝင်ငွေ ၂၅၅၈ ကျပ်၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရထားပြေးဆွဲမှုရပ်ဆိုင်းခြင်း မပြုမီကာလ အထိ အမှတ်(၁၇၉) အဆန်ရထားသည် တစ်ရက်ပျမ်းမျှခရီးသည် ၁၁ ဦး၊ ဝင်ငွေ ၈၆၁၃ ကျပ်နှင့် အမှတ် (၁၈၀) အစုန်ရထားသည် တစ်ရက်ပျမ်းမျှခရီးသည် ၁၃ ဦး၊ ဝင်ငွေ ၉၃၃၈ ကျပ်သာ ရရှိခဲ့ပါကြောင်း၊  

ရရှိသည့် တစ်ရက် ပျမ်းမျှဝင်ငွေသည် တစ်ရက်ပျမ်းမျှ စက်သုံးဆီဖိုးနှင့် ကျန်တဲ့အသုံးစရိတ်၊ အုပ်ချုပ် မှုစရိတ်များလည်း လုံးဝကာမိနိုင်ခြင်းမရှိပါကြောင်း၊ လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းသည် ကားလမ်း နှင့်ယှဉ်လျက်တည်ရှိနေခြင်း၊ ကားဖြင့်အချိန်မရွေးသွားလာနိုင်သည့် ကာလမ်းခရီးဖြင့် ၃ နာရီ ၃၀ မိနစ်သာကြာမြင့်ခြင်း၊ ရထားစီးမည့်ခရီးသည်များသည် ရန်ကုန်မြို့တွင်းမှ လှိုင်သာယာအထိ ၁၆.၁ မိုင်ခန့် ခရီးကို ကားဖြင့် ၁ နာရီ ၂၀ မိနစ်ခန့်သွားရောက်ရပြီး တစ်ဖန် လှိုင်သာယာ ကားဂိတ်မှတစ်ဆင့် ဘူတာသို့ ထပ်မံသွားရောက်ရခြင်း၊ ဟင်္သာတသို့ ညအချိန် ၈း၃၀ နာရီမှသာ ရထားရောက်ရှိခြင်း စသည့် အချက်များကြောင့် ခရီးသည်များ သွားလာရေးအဆင်မပြေမှုများဖြစ်ပေါ်ပြီး ရထားအသုံးပြုမှု လွန်မင်းစွာ နည်းပါးခဲ့ရခြင်းဖြစ်ပါကြောင်း၊ လှိုင်သာယာ-ဟင်္သာတ ရထားလမ်းစီမံကိန်း ကို အထက် အာဏာပိုင်များ၏ လမ်းညွှန်မှုကြောင့် အကောင်အထည်ဖော်ခဲ့ရခြင်းဖြစ်၍ ဖြစ်မြောက် နိုင်စွမ်းလေ့လာမှု (Feasibility Study) မပြုလုပ်နိုင်ခဲ့ခြင်း၊ ရေဝပ်ဧရိယာများကို ဖြတ်သန်းဖောက်လုပ်ထားသည့်အတွက် ရထား၏ ပျမ်းမျှ အမြန်နှုန်းက ၁ နာရီ ၁၅ မိုင်နှုန်းခန့်သာ ပြေးဆွဲနိုင်၍ ကားလမ်းခရီးနှင့် ယှဉ်ပြိုင်နိုင်မှုမရှိခြင်း၊ ရထား ပြေးဆွဲမှု ကုန်ကျစရိတ်မှာ စက်သုံးဆီဖိုးကိုပင်မကာမိနိုင်ခြင်း စသည့် အကြောင်းများကြောင့် လှိုင်သာယာ - ဟင်္သာတလမ်းပိုင်းမှာ ရထားပြေးဆွဲမှုကို ၁၀.၆.၂၀၁၆ ရက်နေ့တွင် စတင် ရပ်ဆိုင်းခဲ့ပါကြောင်း၊

လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမည့် ရထား ပြေးဆွဲမှုဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ကုန်မြို့တွင်းသို့ တိုက်ရိုက်ရောက်ရှိမည့်ရထားလမ်း သို့မဟုတ် ရန်ကုန်မြို့တွင်းနှင့်ချိတ်ဆက်နိုင်သည့် ရထားလမ်းကွန်ရက် လိုအပ်မည်ဖြစ်ပြီး ရထားလမ်းကိုလည်း ကားလမ်းနှင့်အပြိုင် ပြေးဆွဲနိုင်မည့်အရည်အသွေးသို့မြှင့်တင်ရန် လိုအပ်သည့်အပြင် အခြားသယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်မှုရှိသော ဘူတာရုံများ လုံခြုံစိတ်ချ ရမှုရှိသော အချက်ပြ စနစ်များ၊ သွားလာရေးစနစ်များ၊ ခေတ်မီစက်ခေါင်းနှင့် တွဲဆိုင်းများလည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများစွာလိုအပ်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ မည်ဆိုပါကလည်း ခရီးသည်စီးနင်းမှုမှာ စီးပွားရေးတွက်ခြေကိုက်နိုင်သည်အထိ တိုးတက်လာနိုင်ခြေ ရှိ/မရှိကို အသေးစိတ် လေ့လာဆန်းစစ်မှုများပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ဆောင်ရွက်လျှင်ဖြစ်စေ၊ ပုဂ္ဂလိကဖြင့်ဆောင်ရွက်သည်ဖြစ်စေ၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ ဆောင်ရွက်သည်ဖြစ်စေ၊ ၎င်းသဘော တရားအတိုင်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လှိုင်သာယာ-ဟင်္သာတရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သည့် ထန်းတပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်နှင့် ဟင်္သာတမြို့နယ်များအတွင်းရှိ သိမ်းဆည်း မြေများအတွက် မြန်မာ့မီးရထားမှ လျော်ကြေးငွေများပေးချေခဲ့ပြီးဖြစ်ပါကြောင်း၊  ကျန်ရှိသည့် လှိုင်သာယာ မြို့နယ် အတွင်းရှိ သိမ်းဆည်းမြေ များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျော်ကြေးတန်ဖိုး အတည်ပြုချက်ရရှိသည့်အခါ မြေယာလျော်ကြေးငွေများ ဆက်လက်ပေးချေသွားမှာဖြစ်ပါကြောင်း၊  လှိုင်သာယာ-ဟင်္သာတရထား လမ်းပိုင်းတစ်လျှောက် သိမ်းဆည်းမြေများနှင့် သံလမ်းနှင့် ဆက်စပ် ပစ္စည်းများကို မြန်မာ့မီးရထားက ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ မြန်မာ့မီးရထား အနေဖြင့် နိုင်ငံတစ်ဝန်းရှိ ရထား လမ်းပိုင်းအားလုံးကို အကြီးစားပြုပြင်တည်ဆောက်သွားရန် လိုအပ်နေ သော်လည်း ရထားပို့ဆောင်ရေး အဆောက်အဦတည်ဆောက်ပြုပြင်သည့်လုပ်ငန်းသည် အရင်းအနှီး ကြီးမားသဖြင့် အချိန်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  လက်ရှိ မြန်မာနိုင်ငံရထားဈေးကွက် ၏ ၈၅ ရာခိုင်နှုန်းကျော်ရှိပြီး ခရီးသည်နှင့် ကုန်စည်များအတွက် အဓိကရထားလမ်းကြောင်းများဖြစ်သည့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်-မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းများကိုပြုပြင် တည်ဆောက် ၍ အဆင့်မြှင်တင်ခြင်းစီမံကိန်းများကို နိုင်ငံခြားချေးငွေဖြင့်လည်းကောင်း၊ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့် လည်းကောင်း ဦးစားပေးပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုမှလိုလားသည့် လုံခြုံစိတ်ချ လျင်မြန် အချိန်မှန် သက်တောင့်သက်သာရှိမည့်ရထားပြေးဆွဲမှု ကို မဖြစ်မနေလိုအပ်လာသည့်အခါ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ လက်ရှိပြေးဆွဲနေတဲ့ရထားများ၏ အမြန်နှုန်းထက်မြင့်မားသည့် လျှပ်စစ်သုံးရထားများ ပြေးဆွဲနိုင်သည့်ရထားလမ်းကို လှိုင်သာယာနှင့် ရန်ကုန်ကြား တစ်ဆက်တစ်စပ်တည်းဖောက်လုပ်ပြီး စီးပွာရေးတွက်ခြေကိုက်စွာ ပြေးဆွဲနိုင်မည့် အချိန် တွင် စနစ်တကျစီမံကိန်းချမှတ်ဆောင်ရွက်ဖြစ်ပါကြောင်းနှင့် လက်ရှိမှာတော့ လှိုင်သာယာ-ဟင်္သာတ ရထားလမ်းပိုင်းကို ပြုပြင်တည်ဆောက်ပြီး ရထားပြန်လည်ပြေးဆွဲရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။