ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒသမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၀ ) ဦးအနက် ( ၃၈၁ ) ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း (၆) ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးပါထန်း၊ မတူပီမဲဆန္ဒနယ်က မေးမြန်းသော မတူပီမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြောင်းရေတိုက်စားခြင်းနှင့် မြေပြိုခြင်းကြောင့် နေအိမ်များ ပျက်စီးနေပါသဖြင့် အရေးပေါ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ချင်းပြည်နယ်အစိုးရ အဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်း၍ မတူပီမြို့မြေပြိုခြင်းများကို အရေးပေါ်ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးကံမြင့်၊ သရက်မဲဆန္ဒနယ်က မေးမြန်းသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အခါအားလျော်စွာပေါ်ပေါက်သော အလွဲသုံးစားမှု၊ မသမာမှု၊ လေလွင့်ပြုန်းတီးမှု၊ မမှန်ကန်မှုများနှင့်ပတ်သက်၍ ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက အရေးယူဆောင်ရွက်မှုမရှိလျှင် ပုဒ်မခွဲ(န) ပုဒ်မခွဲငယ်(၂)တွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရထံ အစီရင်ခံစာတင်ပြရန်ဟု ပြဋ္ဌာန်းထားပါသဖြင့် ယင်းပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါ်ခင်သန်းနု၊ မင်းတုန်းမဲဆန္ဒနယ်က မေးမြန်းသော သစ်တောနယ်မြေများအတွင်း စိုက်ထူထားသော ဆက်သွယ်ရေးတာဝါတိုင်များ၏ မြေငှားရမ်းခြင်းအတွက် ကုမ္ပဏီမှ ပေးသော အခကြေးငွေများသည် အခွန်အဖြစ် နိုင်ငံတော်ဘဏ္ဍာသို့ ရောက်ရှိခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြေငှားရမ်းခ၊ လုပ်ငန်းအာမခံ နှင့် လုပ်ငန်းကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း တို့အား နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သက်ဆိုင်ရာခရိုင် သစ်တောဦးစီးဌာန၊ ငွေစာရင်းအမှတ် (ပြည်ထောင်စု ရန်ပုံငွေစာရင်း) တွင် ပေးသွင်းစေခြင်းအားဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၄) ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်က မေးမြန်းသော အာရှနိုင်ငံအချို့တွင် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည့် မန်ဂျန်းရှား (ဂျပန်ပိတောက်) Acacia Mangium သစ်ပင် အမျိုးအစားကို နိုင်ငံအနှံ့ကျယ်ပြန့်စွာ စိုက်ပျိုးလာနိုင်ရေးအတွက် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက နိုင်ငံအနှံ့ ကျယ်ပြန့်စွာ ဆက်လက်စိုက်ပျိုးနိုင်ရန်အတွက် မန်ဂျန်းရှားသစ်မျိုး၏ သွင်ပြင် လက္ခဏာ၊ ကြီးထွားမှု၊ စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းနည်းစနစ်၊ အသုံးဝင်ပုံနှင့် ထုတ်ယူသုံးစွဲမှုများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ သိရှိ ဆောင်ရွက်နိုင်ရန် ပညာပေးဟောပြောစည်းရုံးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်က မေးမြန်းသော တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှုအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားရှိမှုနှင့် လူသားတို့အတွက် အန္တရာယ်မရှိအောင် မည်သို့ကာကွယ်မှုများ ပြုလုပ်ထားသည်ကို သိလိုခြင်းမေးခွန်း နှင့် ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တောဆင်ရိုင်းများကို သတ်ဖြတ်နေခြင်းအား တားဆီးကာကွယ်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်းမေးခွန်းတို့နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက တောရိုင်းဆင်များ တရားမဝင် သတ်ဖြတ်ခံနေရမှု၊ ဆင်စွယ်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်နေမှုများကို ဥပဒေအရ တားဆီးနှိမ်နင်းရေး၊ ဆင်သတ်မုဆိုးအဖွဲ့များအား ဖော်ထုတ်ဖမ်းဆီးရေး တို့ကို သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ဆက်စပ်ဌာနအဖွဲ့အစည်းများမှ ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ စီမံချက် များရေးဆွဲပြီး တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တောဆင်ရိုင်းများ၏ နေရင်း ဒေသများ တည်ငြိမ်ကောင်းမွန်ရေးနှင့် တောဆင်ရိုင်းများကြောင့် လူသားတို့ အန္တရာယ်မရှိစေရေးတို့အတွက် မြန်မာနိုင်ငံဆင်ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်ကို ဆက်စပ်အဖွဲ့ အစည်းများ၊ မိတ်ဖက် INGO များနှင့် လူမှုအဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်မှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပေးပို့လာသော မြန်မာ့သတ္တုတွင်း နည်းဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
( ဂ ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဒေါ်တင်တင်ရီ၊ ကျွန်းစုမဲဆန္ဒနယ်က တင်သွင်းသည့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြား ဈေးကွက်ဝင် သဘာဝငှက်သိုက်တောင်များရှိရာ ကျွန်းများအား ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် အထူးစီမံချက်တစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ဆောင်ရွက် ပေးရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၁.၈.၂၀၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
