မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများသည် တစ်ပတ်ကို တစ်ကောင်ကျ သတ်ဖြတ်ခံနေရပါကြောင်း၊ ယခင်က တောဆင်ရိုင်း ၁၀၀၀၀ ကျော်ရှိခဲ့သော်လည်း ယခုအခါ အကောင်ရေ ၂၀၀၀ အောက် ကျဆင်းနေပြီး ဆင်မုဆိုးများကိုလည်း ပူးပေါင်းအဖွဲ့နှင့် အရေးယူ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ၎င်းတို့အသုံးပြုသည့်မြှား၊ မြှားဆိပ်များ မည်သို့ဖော်စပ်သည်နှင့် တိကျတဲ့ဖြေဆေးရှိ/မရှိကိုလည်း သိလိုပါကြောင်း၊
မြန်မာနိုင်ငံအတွင်း တောဆင်ရိုင်း အကောင်ရေ ၁၄၀ ကျော် သတ်ဖြတ်ခံနေရသည်ဟု သိရှိရပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၃၅ ကောင်၊ ၂၀၁၆ ခုနှစ်တွင် ၂၆ ကောင်၊ ၂၀၁၇ ခုနှစ်မှာ ၅၉ ကောင် အထိ ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် သတ်ဖြတ်မှုခံရမှု ပိုမိုများပြားပါကြောင်း၊ ဆင်များကို ထိန်းသိမ်းရန် ၁၈၇၉ ခုနှစ် ကုန်းဘောင်ခေတ်ကတည်းက ဆင်ထိန်းသိမ်းရေးဥပဒေများ ပြုလုပ်ခဲ့ပါကြောင်း၊ ၁၈၈၃ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ခဲ့ပြီး ၁၉၃၆ ခုနှစ်တွင် သားရဲတိရစ္ဆာန်ကာကွယ်ရေးဥပဒေ(The Wildlife Protection Act, 1936) ပြဋ္ဌာန်း ခဲ့ပါကြောင်း၊
၁၉၉၄ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေ များ ထိန်းသိမ်းရေးဥပဒေထုတ်ခဲ့ပါကြောင်း၊ သို့သော်လည်း တောဆင်ရိုင်းတွေက အသတ် ခံနေရဆဲ၊ လူများနှင့် ပဋိပက္ခများလည်း ဖြစ်နေဆဲဖြစ်ပါကြောင်း၊ တောဆင်ရိုင်းများကို လုံးဝ ကာကွယ် ထားသည့်တိရစ္ဆာန်၊ သာမန်ကာကွယ်ထားသည့်တိရစ္ဆာန်၊ ရာသီအလိုက် ကာကွယ်ထားသည့် တိရစ္ဆာန် ဆိုပြီး ခွဲခြားထားမှုများ ရှိ/မရှိသိလိုပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအခန်း(၂) ပုဒ်မ ၃ ပုဒ်မခွဲ(ဂ)(ဃ) အရ ကာကွယ်ထိန်းချုပ်ဖို့လိုပါကြောင်း၊ ထို့ကြောင့် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ အမာခံထိန်းသိမ်းရေးနယ်မြေ၊ ကြားခံနယ်မြေ စသည်ဖြင့် သတ်မှတ်ထားခြင်းရှိ/မရှိ၊ ရှိပါက သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံပြီးပါက အာရှဆင်(Asian Elephant)အများဆုံးပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဆင်များကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင် ပြည်နယ်တို့တွင် သဘာဝသစ်တောများမှာ အဓိကကျက်စားလျက် ရှိပါကြောင်ါ်၊ ဌာန၏ မှတ်တမ်းမှတ်ရာများနှင့် ပညာရှင်များ၏ ခန့်မှန်းမှုအရ တောဆင်ရိုင်းကောင် အရေအတွက်သည် တဖြည်းဖြည်းကျဆင်းလျက်ရှိပါကြောင်း၊ တောဆင်ရိုင်းကောင်ရေ ကျဆင်း စေသည့် အဓိကအကြောာင်းအရာကသည် သတ်ဖြတ်ခံရခြင်းဖြစ်ပါကြောင်း၊ ဆင်စွယ်အပါအဝင် ၎င်းတို့၏အစိတ်အပိုင်းများကို တရားမဝင်ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းများသည် အိမ်နီးချင်း နိုင်ငံများနှင့် ပြည်တွင်းဈေးကွက်များတို့က ဝယ်လိုအားမြင့်တက်နေမှုကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ စာရင်းဇယားအရကြည့်မည်ဆိုပါက ၁၂၃ ကောင် အသတ်ခံရသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အကောင် ၂၀၊ ၂၀၁၇ ခုနှစ်တွင် ၄၆ ကောင် ၊ ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ ၁၄ ကောင်သတ်ဖြတ်ခြင်းခံနေရပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် အဓိကအများဆုံး သတ်ဖြတ်ခြင်းခံရသည်ကိုတွေ့ရှိရပါကြောင်း၊
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် တောဆင်ရိုင်းများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက် ဟူးကောင်းချိုင့်ဝှမ်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော(တိုးချဲ့)၊ ထမံသီကြိုးဝိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မြောက် ဇာမဏီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ရခိုင်ရိုးမဆင်ဘေးမဲ့တောနှင့် တနင်္သာရီသဘာဝ ကြိုးဝိုင်းတို့ ပါဝင်ပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၉၈၆၁.၇၇ ရှိပါကြောင်း၊ အလားတူ တောဆင်ရိုင်းများကောင်ရေအများအပြားကျန်ရှိပြီး ကျက်စားနေထိုင်သည့် သဘာဝသစ်တာ နယ်မြေဖြစ်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် မဟာမြိုင်ဘေးမဲ့တော၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ရှိသည့် လေညာအမျိုးသားဥယျာဉ်၊ တနင်္သာရီအမျိုးသားဥယျာဉ်တို့ကို ဆင်အပါအဝင် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းနိုင်ရေးအတွက် သဘာဝနယ်မြေများအဖြစ် သတ်မှတ်ထားရန်ရည်ရွယ်ကြောင်း အမိန့်ကြော်ငြာပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများကို လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်စာရင်းထဲတွင် ထည့်ထားပြီး အဆင့်မြင့်ဆုံး ကာကွယ်စောင့်ရှောက်ထားပါကြောင်း၊ ဆင်ထိန်းသိမ်းရေး လုပ်ငန်းများဖြစ်သည့် သစ်တောနယ်မြေဖြစ်သော ကြိုးဝိုင်းသစ်တောနှင့် ကြိုးပြင်ကာကွယ် တောများအတွင်း လည်းကောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်းလည်းကောင်း ဆင်များ၏ နေရင်းဒေသအဖြစ်သတ်မှတ်ကာ ဥပဒေနှင့် ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များအဖြစ် တောဆင်ရိုင်းများထိန်းသိမ်းရေးကို အဓိက တာဝန်ယူထားရသော သစ်တော ဦးစီးဌာနကို အင်အားဖြင့်လည်းကောင်း၊ ဆက်စပ်အဖွဲ့အစည်းများနှင့် လည်းကောင်း၊ မိတ်ဖက်ပြည်တွင်း/ပြည်ပ အစိုးရအဖွဲ့အစည်းများနှင့်လည်းကောင်း ပူးပေါင်းပြီး တောဆင်ရိုင်းများ ထိန်းသိမ်းကာကွယ်ခြင်း၊ သတ်ဖြတ်မှုများကို အရေးယူတားဆီးခြင်း၊ ဆင်နှင့် ဆင်အစိတ် အပိုင်းများအား တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းတို့ကို အရေးယူတိုက် ဖျက်လျက် ရှိပါကြောင်း၊
၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်မှုကြောင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝ နယ်မြေများထိန်းသိမ်းရေးဥပဒေ(၁၉၉၄ ခုနှစ်) ပုဒ်မ ၃၇ ပုဒ်မခွဲ(က)နှင့် တရားခံအားလုံး ၅၆ ဦး၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ တရားခံ ၃၂ ဦးကို ဖမ်းဆီးပြီးတော့ ယခင်ဆင် သတ်ဖြတ်ခြင်းပြစ်မှုဟောင်းများမှ တရားခံပြေးများကိုလည်းပဲ ဖော်ထုတ်ဖမ်းဆီး၍ ပြစ်မှုကျူးလွန်စဉ်ကကဲ့သို့ တည်ဆဲဥပဒေနှင့် အရေးယူခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရ တောဆင်ရိုင်းများနှင့်စပ်လျဉ်းပြီး ကျူးလွန်သည့် ပြစ်မှုများအတွက် ပြစ်ဒဏ်ကို ၃ နှစ်မှ ၁၀ နှစ်အတွင်း ထောင်ဒဏ်နှင့် ငွေဒဏ်များ ကို ချမှတ်နိုင်ရန် သတ်မှတ်ထားပါကြောင်း၊ သစ်တောဦးစီးဌာနသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များနဲ့ပူးပေါင်းပြီး ဆင်သတ်မုဆိုးများကို ဖော်ထုတ်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်/တိုင်းဒေသကြီး၊ မြို့နယ်အလိုက် တောဆင်ရိုင်းသတ်ဖြတ်မှုကာကွယ်ရေး၊ ဆင်မုဆိုး ဖမ်းဆီးရေးနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်များအလိုက် ကျေးရွာများကို ကွင်းဆင်းပြီး ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ စည်းရုံးကာ ကျေးရွာနှင့် တောင်ယာတဲအနီးတွင် မသင်္ကာဖွယ်ရာလူစိမ်းများနှင့် ဆင်သတ် မုဆိုးများတွေ့ရှိပါက နီးစပ်ရာသစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဆက်သွယ်သတင်းပေးပို့ အကြောင်းကြားပေးဖို့လည်း ဖုန်းနံပါတ်များကိုလည်း ဖြန့်ဝေပေးထားပါကြောင်း၊
သစ်တော ဦးစီးဌာန၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးမိတ်ဆွေများအသင်း(Friends of Wildlife- FOW)နှင့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့(World Wildlife Fund-WWF)တို့နှင့်ပူးပေါင်းပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်(တောင်ပိုင်း)တို့တွင် လူထုအခြေပြု တောဆင်ရိုင်းများစောင့်ရှောက်ရေးလုပ်ငန်းများ ကို ဆက်စပ်ဌာနအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများပူးပေါင်းပါဝင်မှုနှင့် ဆောင်ရွက်လျက်ရှိပြီး ဆုငွေများကို ချီးမြှင့်ရန် အစီအစဉ်များလည်း ပါဝင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် ၉-၃-၂၀၁၈ ရက်နေ့တွင် ဆင်သတ်မုဆိုးကို လက်နက်နှင့်တကွ ဖမ်းဆီးရမိမှုအတွက် သတင်းပေးသူကို ကျပ်သိန်း ၃၀၊ ပူးပေါင်းဖမ်းဆီးသည့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ပေါင်း ၁၃ ဦးကို ကျပ် ၁၃ သိန်းကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၃၁-၃-၂၀၁၈ ရက်နေ့တွင် ဆင်သတ်မုဆိုးတစ်ဦး အပါအဝင် ပါဝင်ပတ်သက်သူ နှစ်ဦးကို ဖမ်းဆီးရရှိမိရာတွင် သတင်းပေးသူကို ကျပ် ၁၀ သိန်း၊ ပူးပေါင်းဖမ်းဆီးရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရခိုင်ရိုးမဆင်ဘေးမဲ့တောဝန်ထမ်းများနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပေါင်း ၁၄ ဦးကို ကျပ်ခုနစ်သိန်းကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ၂၁-၄-၂၀၁၈ ရက်နေ့တွင် ဆင်သတ်မုဆိုးသုံးဦးကို ဆင်ထီးအသေကောင်၊ ဆင်သားရေ၊ ဆင်သတ်သေနတ်၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိရာတွင် သတင်းပေးသူကို ငွေ ၁၀ သိန်း၊ ပူးပေါင်းဖမ်းဆီးသည့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများနှင့် ရပ်ကွက် နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပေါင်း ၂၃ ဦးကို ၁၁.၅ သိန်း အသီးသီးချီးမြှင့်ခဲ့ပါကြောင်း၊
ဒုတိယသမ္မတ(၁)ကလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြိုးဝိုင်းများတွင် ကျက်စား လျက်ရှိသည့် တောဆင်ရိုင်းများ ဖမ်းဆီးသတ်ဖြတ်ခံရမှုမရှိစေရေးအတွက် ဆင်ခိုးဂိုဏ်းများနှင့် ဆင်သတ်မုဆိုးများအား ထိထိရောက်ရောက် ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားရန်နှင့် သတင်းပေးသူ ဖမ်းဆီးအရေးယူသူများအား ဆုချီးမြှင့်နိုင်ရေးကို စီစဉ်ဆောင်ရွက်သွားရန် ခရီးစဉ်အတွင်း လမ်းညွှန်ခဲ့သည့်နည်းတူ ဒုတိယသမ္မတ(၂)ကလည်း ပဲခူးတိုင်းဒေသကြီး ခရီးစဉ်တွင် ဆင်မုဆိုးများကို စနစ်တကျစီမံချက်ချပြီး ဝိုင်းဝန်းဖမ်းဆီးဖော်ထုတ်၍ ထိရောက်စွာ အရေးယူနိုင်ရေး စီမံဆောင်ရွက်သွားရန် ခရီးစဉ်အတွင်းမှာ လမ်းညွှန်မှာကြားချက်ခဲ့သည့်နည်းတူ မိမိတို့၏ ဆောင်ရွက်ချက်များကို အပတ်စဉ် အလိုက် သမ္မတရုံးကို သတင်းပေးပို့လျက် ရှိပါကြောင်း၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့မှူးများအတွက် ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ သွားရောက်ပြီး တောဆင်ရိုင်းကာကွယ် စောင့်ရှောက်ရေးအတွက် ဌာနအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး မြေပြင်အခြေအနေများကို စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆေး တွေ့ရှိချက်များအပေါ် အခြေခံပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သစ်တောဦးစီး ဌာနတို့မှ ဝန်ထမ်းများဖြင့် တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရေး အခြေစိုက်စခန်းများကို ဖွင့်လှစ်ရန် စီမံချက်ရေးဆွဲပြီး ဆင်ကာကွယ်ရေးစခန်းများတွင် အခြေချနေထိုင်ပြီး ဆင်မုဆိုးများ ဝင်ရောက်မှုကို စုံစမ်းအရေးယူဖော်ထုတ်ခြင်း၊ တောဆင်ရိုင်းများအား စောင့်ရှောက်ခြင်းတို့ကို လည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် တပ်ဖွဲ့များသည် တောဆင်ရိုင်းများအား တရားမဝင်သတ်ဖြတ်မှုကို ကြိုတင်တားဆီးရန်နှင့် သတ်ဖြတ်မှုနောက်ကွယ်ရှိ တောရိုင်းတိရစ္ဆာန် တရားမဝင်ကူးသန်း ရောင်းဝယ်သူများကို စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန်အတွက် ထိရောက်သည့် တားဆီးနှိမ်နင်းရေး စီမံချက်များဖြင့် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်၊ ဆင်သတ်မုဆိုးများကို ဖော်ထုတ် ဖမ်းဆီးလျက်ရှိသည့်အပြင် ဈေးကွက်လိုလားချက်များ လျှော့နိုင်ရေးအတွက် သစ်တော ဦးစီးဌာနသည် WWF-Myanmar, INGO များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး တောဆင်များကို တရားမဝင်သတ်ဖြတ်ခြင်း၊ ဆင်နှင့်ဆင် အစိတ်အပိုင်းများ ရောင်းဝယ်ခြင်း၊ အသုံးပြုခြင်းတို့ကိုတားဆီးရန်အတွက် “မိုမိုတို့အတွက် ရင်တွင်း စကားသံများ(Voices for Momos)”လှုပ်ရှားမှုနှင့် ပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်း၊ ပိုစတာနှင့် ဆိုင်းဘုတ်များတပ်ဆင်ခြင်း၊ လူထုလက်မှတ်များစုဆောင်းခြင်း၊ ဗီဒီယိုပြသခြင်းနှင့် သင်တန်းများ ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုပ်မြင်သံကြားအစီအစဉ်များ တွင်လည်း ဆင်သတ်ခံရမှုများ၊ ဆင်နှင့်လူပဋိပက္ခဖြစ်ပွားမှု လျှော့ချရေးအစီအမံများကို Human Elephant Conflict-Size Does Matter အစီအစဉ်နှင့် MITV မှ အပိုင်းများခွဲပြီး ထုတ်လွှင့်လျက်ရှိပါကြောင်း၊
သစ်တောဦးစီးဌာနနှင့် WWF–Myanmar Program တို့ပူးပေါင်းပြီး ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ကိုယ်စားလှယ်များ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၊ ဘုရားပရိဝုဏ်အတွင်းမှာ အမှတ်တရပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များကို ဆင်နှင့်တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများ၊ ဆင့်ပွားထုတ်လုပ်ထားသည့်ပစ္စည်းများ ရောင်းချမှုများကို တရားဥပဒေအရ တားမြစ်ထား ပါကြောင်းနှင့် မရောင်းချရေးတို့ကို အသိပညာပေးဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည့်နည်းတူ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးရှိ နိုင်ငံခြားသားခရီးသည်များ အများဆုံးလည်ပတ်သော အထင်ကရ ဈေးကြီးများနှင့် အမှတ်တရ ပစ္စည်းအရောင်းအဝယ်ဆိုင်များ၊ စားသောက်ဆိုင်များကိုလည်း ဆင် အပါအဝင် တောရိုင်း တိရစ္ဆာန်များနှင့် အစိတ်အပိုင်းများ၊ ဆင့်ပွားပစ္စည်းများ ရောင်းချခြင်း မရှိစေရေး၊ ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်မြို့ကို တောဆင်အစိတ်အပိုင်းများ၊ တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် ကူးသန်းရောင်းဝယ်မှုဈေးကွက် ပိတ်သိမ်းနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးတို့ကို ပညာပေးဟောပြောခြင်း၊ စစ်ဆေးအရေးယူခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးမြို့တွင်လည်း တောဆင်ရိုင်း၏အစိတ်အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့် အခြားတောရိုင်းတိရစ္ဆာန်များအပါအဝင် တရားမဝင်ကူးသန်းရောင်းဝယ်မှုများကို ကင်းစင်ပပျောက်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ခွင့်ပြုချက်ဖြင့် သစ်တောဦးစီးဌာနနှင့် WCS-Myanmar တို့ပူးပေါင်းပြီး မဟာမြတ်မုနိဘုရား ရင်ပြင်တော်တွင်လည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ ကျွဲဆည်ကန်ကားကွင်းကြီးတို့တွင်းလည်းကောင်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း တောဆင်ရိုင်းများအပါအဝင် တောရိုင်းတိရစ္ဆာန်များ အမဲလိုက်သတ်ဖြတ်မှုဖြင့် အမဲအသား ဟင်းလျာများရောင်းချမှု၊ တောဆင်ရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ရောင်းဝယ်နေမှုတို့ကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေပေးခြင်း၊ လေဆိပ်နှင့် ကားဂိတ်များ တွင်လည်းပဲ တားမြစ်ချက်များကို အများပြည်သူများ၊ ခရီးသွားဧည့်သည်များ သိရှိနိုင်ရေး ပိုစတာများ ကပ်ခြင်း၊ ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်အသိပေးခြင်းများကိုလည်းပဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ တောဆင်ရိုင်းများ တရားမဝင်သတ်ဖြတ်ခံနေရမှု၊ ဆင်စွယ်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်မှုများကို ဥပဒေအရ တားဆီးနှိမ်နင်းရေး၊ ဆင်သတ်မုဆိုးအဖွဲ့များအား ဖော်ထုတ်ဖမ်းဆီးရေးတို့ကို သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်းများမှ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပြီးတော့ စီမံချက်များရေးဆွဲပြီး တိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆင်ခိုးသတ်ဖြတ်မှုအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးမှာ တောဆင်ရိုင်းများကျက်စား လျက်ရှိသည့် နယ်မြေများတွင် ဆင်သတ်မုဆိုးများဖော်ထုတ်ဖမ်းဆီးရေး သစ်တောဦးစီးဌာန၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့မှပူးပေါင်းပြီး တပ်စိတ်အင်အားဖွဲ့စည်းကာ ကင်းလှည့်ဆောင်ရွက်ခြင်းများဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
ဒေါက်တာသန်းအောင်စိုး(မင်းလှမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိ၏ မေးခွန်းတွင် ယခုသုံးနေသောမြားဆိပ်ကို သိရှိခြင်း ရှိ/မရှိ၊ မြားဆိပ်ကို မည်သို့ ဖော်စပ်သည်ကို သိရှိခြင်း ရှိ/မရှိ၊ မြားဆိပ်အတွက် တိကျသော ဖြေဆေးကို ရှာဖွေရန် အစီအစဉ်ရှိ/မရှိ၊ Wildlife Conservation Society(WCF)၊ Worldwide Fund for nature(WWF)၊ Smithsonian Institution ၊ Friends of Wildlife အဖွဲ့များနှင့် ဆက်စပ်ပြီး အဆိပ်ဖြေဆေးများကို ရှာဖွေရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
ယခုအချိန်အထိ အဆိပ်နှင့် ပတ်သက်၍ မည်သည်အသံမျှ ကြားသိရခြင်းမရှိသေးပါကြောင်း၊ ထို့ကြောင့် ယင်းအဖွဲ့များကို ပြောကြားပြီး ၎င်းတို့ဆီမှ တင်ပြချက်များကို စုစည်းကာ ကိုယ်စားလှယ်တော်ကြီးထံသို့ ပြန်လည်တင်ပြပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
