ကွမ်းလုံကြိုးတံတားသည် ၁၉၆၅ ခုနှစ်က တည်ဆောက်ပြီးစီးခြင်း ဖြစ်သဖြင့် နှစ်ပေါင်း ၅၃ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကွမ်းလုံကြိုးတံတားသည် အရပ်မျက်နှာ အနောက်မှအရှေ့သို့စီးဆင်းနေသည့် သံလွင်မြစ်ကို တောင်မြောက်ဖြတ်သန်း တည်ဆောက်ထားပြီး ၎င်းဒေသတစ်ခွင်ရှိ ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ဟိုပန်မြို့နေ တိုင်းရင်းသားပြည်သူများ နေ့စဉ်အသုံးပြုနေကြသော၊ တစ်ခုတည်းသော မြစ်ကူးတံတားတစ်စင်း ဖြစ်ပါကြောင်း၊ ခေတ်စနစ်များကို ဖြတ်သန်းခဲ့ရပြီး အန္တရာယ်အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော်လည်း ယခုထိတိုင် နိုင်ငံတော်နှင့်ပြည်သူများကို အကျိုးပြုဆဲ သမိုင်းဝင်တံတား တစ်စင်းဟု မှတ်ယူ၍ရနိုင်ပါကြောင်း၊ သို့သော် ယခုအခါ မြောင်းမြကြိုးတံတား ဖြစ်စဉ်က တာဝန်ရှိသူများကို သတိပေးတပ်လှန့်သကဲ့သို့ ဖြစ်ခဲ့ရပြီး နိုင်ငံတစ်ဝန်းလုံးရှိ ကြိုးတံတားများ၏ ခိုင်ခံ့မှု စစ်ဆေးခြင်း၊ ဖြတ်သန်းခွင့်တန်ချိန် လျှော့ချခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဤသို့ဆောင်ရွက်ခြင်းသည် ဖြစ်လာမည့်ပြဿနာကို ယာယီဟန့်တား ဖြေရှင်းခြင်းသာဖြစ်သဖြင့် ရေရှည်တည်တံ့နိုင်မည့် စီမံမှုမျိုးကို လျာထားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒေသတစ်ခုလုံး၏ အဓိကအားထား ဖြတ်သန်းနေရသည့် ကွမ်းလုံကြိုးတံတားသည် တစ်ခုတည်းသော ဆက်သွယ်မှုကွန်ရက် ကြိုးတံတားဖြစ်သဖြင့် ဒေသခံများစိုးရိမ်ပူပန်မှု ဖြစ်ရခြင်းမှာ မြောင်းမြကြိုးတံတားဖြစ်စဉ်မျိုး ပေါ်ပေါက်လာပါက လူမှုစီးပွားအခက်အခဲမျိုးစုံ ကြုံတွေ့ရလာနိုင်ပြီး ဝမ်းစာဖူလုံရုံမျှရှိသော ဆင်းရဲနွမ်းပါး တိုင်းရင်းသားများအတွက် ဝန်ထုပ်ဝန်ပိုးများစွာကို ဖြစ်ပေါ်လာနိုင်စေပါကြောင်း၊ ထို့အတူ ကုန်သွယ်မှု ပမာဏ တတိယအများဆုံးရှိ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုများလည်း ပြတ်တောက်နှောင့်နှေး သွားနိုင်ပါသဖြင့် ကြုံတွေ့လာနိုင်သည့် အခက်အခဲများစွာအတွက် ဒေသခံ တိုင်းရင်းသားများအတွက် ကြိုတွေးပူပန်မှုများ ဖြစ်နေပါကြောင်း၊
သို့ဖြစ်ပါ၍ သိန္နီ-ကွမ်းလုံ-ဟိုပန်-လောက်ကိုင်-ချင်းရွှေဟော် လမ်းမပေါ်ရှိ သံလွင်မြစ်ကူး ကွမ်းလုံကြိုးတံတား၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို အသုံးပြုသူတိုင်းရင်းသား ပြည်သူများ စိုးရိမ်ပူပန်မှု ဖြေလျှော့စေရေးအတွက် ကြိုးတံတားအားအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် နောင်ဆောင်ရွက်ရမည့် စီမံကိန်းသစ် အလားအလာများကို ဒေသခံများသိရှိနိုင်စေရေးအတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း မိုင်တိုင်အမှတ် (၅၁/၇) နှင့် (၅၂/၁) ကြားတွင် တည်ရှိသည့် ကွမ်းလုံမြို့အဝင် တံတားအမှတ် (၁/၅၃)၊ ကွမ်းလုံကြိုးတံတားသည် အရှည် ၇၈၉ ပေ ရှိပြီး ယာဉ်သွားလမ်းအကျယ် ၁၉ ပေ ၆ လက်မရှိသည့် သံမဏိကြိုးဆိုင်းတံတား (Suspension Bridge) ဖြစ်ပါကြောင်း၊ ကွမ်းလုံကြိုးတံတားကို ၂၉-၂-၁၉၆၄ ရက်နေ့တွင် တရုတ်ပညာရှင်များ၏ အကူအညီများဖြင့် တည်ဆောက်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ တံတား၏အသုံးပြုမှု သက်တမ်းမှာ နှစ်ပေါင်း ၅၀ ခန့်ကြာမြင့်ခဲ့ပြီး ဖြစ်သည့်အတွက် တံတား၏ခံနိုင်ဝန် လျော့ကျလာပါကြောင်း၊ ကွမ်းလုံကြိုးတံတား၏ ကြံ့ခိုင်မှုအခြေအနေကို ၂-၆-၂၀၁၈ ရက်နေ့မှစပြီ ၄-၆-၂၀၁၈ ရက်နေ့အထိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာဌာနမှ ပညာရှင်များနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာပညာရှင်များ ပူးပေါင်း၍ စစ်ဆေးတိုင်းတာခဲ့ပြီး တံတားကြီး၏အခြေအနေကို စစ်ဆေးခဲ့ကြပါကြောင်း၊ စစ်ဆေးချက်အရ လိုအပ်သည့် သစ်သားကြမ်းခင်းအချို့ ဆွေးမြေ့နေသည့် နေရာများတွင် Decking ပြင်ဆင်ခြင်းကို အချိန်နှင့်တစ်ပြေးညီ အစားထိုးအသစ်လဲလှယ် တပ်ဆင်ခဲ့ပြီးဖြစ်ပါကြောင်း၊ တံတား၏ မူလခံနိုင်ဝန်တန် ၄၀ ထားခဲ့သော်လည်း ယခုအခါ တံတား၏ခံနိုင်ဝန် လျော့ကျလာမှုအတွက် (ကုန်+ယာဉ်) ၂၅ တန်သာ ဖြတ်သန်းရန် ပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ ဤတံတားသည် ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် Lincang City ထိ ဆက်သွယ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နယ်စပ်ကုန်သွယ်ရေး ဒုတိယမြောက်နယ်စပ် ကုန်သွယ်ရေးဖြစ်လာမည့်လမ်းကြောင်း ဖြစ်သည့်အတွက် ၎င်းတံတားသည် အရေးပါသော တံတားဖြစ်ပါကြောင်း၊ ထို့ကြောင့် ကွမ်းလုံကြိုးတံတား နှစ်လမ်းသွားသံကူကွန်ကရစ် တံတားအသစ် တည်ဆောက်နိုင်ရန်အတွက် လမ်းအူကြောင်းသုံးနေရာကို ရှာဖွေခဲ့ပါကြောင်း၊
တံတားအူကြောင်း (၁) က တံတားဟောင်း၏အထက် ငါးမိုင်ခန့်အကွာတွင်ရှိပြီး မြစ်၏အကျယ်က ပေ ၄၂၀ ခန့် ရှိပါကြောင်း၊ သိန္နီ-ကွမ်းလုံလမ်း မိုင်တိုင်အမှတ် (၄၈/၄) နမ့်နင်းချောင်း ပေ ၂၀၀ ကို ဖြတ်ပြီး သံလွင်မြစ်ကမ်း တောင်ဘက်ကမ်းအထိ အရှည်နှစ်မိုင်ခန့် လမ်းကြောင်းအသစ် ဖောက်လုပ်ခြင်းနှင့် သံလွင်မြစ်၏ မြောက်ဘက်ကမ်းအရှည် ၄ မိုင်ခွဲခန့် မြို့ရှောင်လမ်း ဖောက်လုပ်ရမည် ဖြစ်ပါကြောင်း၊ တံတားအူကြောင်း (၂) က တံတားဟောင်း၏ အထက် ၄ မိုင်ခန့် အကွာတွင်ရှိပြီး မြစ်၏အကျယ် ၅၁၅ ပေ ရှိပါကြောင်း၊ မြစ်၏တောင်ဘက် သိန္နီ-ကွမ်းလုံလမ်းနှင့် ကပ်လျက်တည်ရှိပြီး မြောက်ခြမ်းတွင် မြို့ရှောင်လမ်း ၅ မိုင် ၆ ဖာလုံခန့် အသစ်ဖောက်လုပ်ရမည် ဖြစ်ပါကြောင်း၊ ယခင်တံတားဟောင်းမှ အချက်အလက်များအရ နွေအခါတွင် ရေအနက် ပေ ၄၀ ရှိပြီး မိုးအခါတွင် ပေ ၅၀ ပေမှ ပေ ၉၀ ထိ ရှိနိုင်ပါကြောင်း၊ တံတားအူကြောင်း (၃) က တံတားဟောင်း၏အထက်ဘက် သုံးမိုင် လေးဖာလုံရှိပြီး သိန္နီ-ကွမ်းလုံလမ်း၏ မိုင်တိုင်အမှတ် (၅၀) တွင် ရှိပါကြောင်း၊ တောင်ဘက်ကမ်းမှ သိန္နီ-ကွမ်းလုံလမ်းနှင့် ကပ်လျက်ရှိပြီး မြောက်ဘက်ကမ်းတွင် ၆ မိုင်ခန့် မြို့ရှောင်လမ်းဖောက်လုပ်ရမည် ဖြစ်ပါကြောင်း၊
ကွမ်းလုံကြိုးတံတားအသစ် တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာစေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ၏ China Grant Aid ရရှိရေးညှိနှိုင်း ဆောင်ရွက်လျက်ပြီး Feasibility Study ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ Memorandum of Understanding (MoU) ကို ၂၆-၁၀-၂၀၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အကူအညီပေးရေးဆိုင်ရာ စာလွှာ (Exchange Letter) လက်မှတ်ရေးထိုးခွင့်အား ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၈) မှ သဘောတူခွင့်ပြုပြီး ဖြစ်ပါသဖြင့် ၂၀-၃-၂၀၁၈ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကွမ်းလုံတံတားအသစ် တည်ဆောက်နိုင်ရေးအတွက် အချိန်ကာလနှစ်နှစ်ကျော် ကြာမြင့်မည်ဖြစ်သဖြင့် လက်ရှိကွမ်းလုံ ကြိုးတံတားအား သတ်မှတ်ခံနိုင်ဝန် (Load Class) များသတ်မှတ်ပြီး မော်တော်ယာဉ်များအား သတ်မှတ် တန်ချိန်အတိုင်း ဖြတ်သန်းသွားလာခွင့်ပြုသွားမည် ဖြစ်ပါကြောင်း၊ တံတားအသစ်ကိုလည်း မကြာမီ တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် တံတားအသစ် တည်ဆောက် ပြီးစီးသွားပါက မော်တော်ယာဉ်များ (ကုန်+ယာဉ်) ၇၅ တန်အထိ ဖြတ်သန်းခွင့်ပြုသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
