(ခ)-မန်တုံမြို့နယ် ပညာရေးမှူးရုံး၊ ရုံးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ (၁၄.၈.၂၀၁၈)

မိမိတို့မြို့နယ်၏  မြို့နယ်ပညာရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်း ၁၄ ဦးရှိသည့် အနက် ဝန်ထမ်းတစ်ဦးကသာ  မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းအိမ်ရာတွင် နေထိုင်နိုင်၍ သုံးဦးသည် အိမ်ငှား၍လည်းကောင်း၊ ကျန်သုံးဦးသည် နတလအဆောင်တွင် လည်းကောင်း နေထိုင်ရပါကြောင်း၊ အခြားမြို့နယ်မှ လာရောက်တာဝန် ထမ်းဆောင်ရသော ဝန်ထမ်းများသည် လစာစရိတ်ဖြင့် အိမ်ငှားနေထိုင်ရခြင်းသည် ဝန်ထမ်းမိသားစုများ ဘဝရပ်တည်ရေးအတွက် ဝန်ထမ်များ၏ ဘဝလုံခြုံမှုကို ပေးစွမ်းနိုင်ခြင်း မရှိပါကြောင်း၊ အထူးသဖြင့် မအေးချမ်းသည့် ဒေသများတွင် ဌာနဆိုင်ရာဝန်ထမ်များ အားလုံးအတွက် လုံခြုံသည့် အိမ်ရာအဆောက်အဦများကို စီမံချက်တစ်ခုချမှတ် တည်ဆောက်ပေးစေ လိုပါကြောင်းနှင့် မန်တုံမြို့နယ်ပညာရေးမှူးရုံး၊ ရုံးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန်တုံမြို့နယ် မြို့နယ်ပညာရေးမှူးရုံးတွင် မြို့နယ်ပညာရေးမှူး ၁ ဦး၊ ဒုတိယမြို့နယ်ပညာရေးမှူးတစ်ဦး၊ လက်ထောက်မြို့နယ် ပညာရေးမှူး ၃ ဦး၊ ဒုတိယ ဦးစီးမှူး ၁ ဦး၊ စာရေး (၃) အဆင်‌့ (၃) တစ်ဦး၊ စာရေး (၁) အဆင်‌့သုံးဦး၊ ရုံးအကူတစ်ဦး၊ ဥယျာဉ် လုပ်သားတစ်ဦး၊ သန့်ရှင်းရေးတစ်ဦး၊ ရုံးစောင့်တစ်ဦး စုစုပေါင်းဝန်ထမ်းအင်အား ၁၄ ဦး တာဝန် ထမ်းဆောင်နေပါကြောင်း ရှိသည့်အနက် ရပ်ဝေးမှလာရောက်၍ တာဝန်ထမ်းဆောင်သူ ကိုးဦးရှိပါကြောင်း၊ မန်တုံမြို့နယ် ပညာရေးမှူးရုံးရှိ (၁၈ ပေ X ၁၅ ပေ) သွပ်မိုး၊ ပျဉ်ကာဝန်ထမ်း အိမ်ရာဆောင်၊ မန်တုံမြို့ နတလဆောင်၊ မန်တုံမြို့အခြေခံပညာ အထက်တန်းကျောင်း ဝန်ထမ်း အိမ်ရာတို့တွင် ‌ခြောက်ဦးနေထိုင်ပြီး ကျန်ဝန်ထမ်းသုံးဦးသည် မန်တုံမြို့ပေါ်၌ အိမ်ငှား၍ နေထိုင် ရသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန အနေဖြင်‌့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းတည်ဆောက်ရေး လျာထားချက်များ ဆောင်ရွက်ရာတွင် အသစ်တည်ဆောက်ရန် လိုအပ်သောကျောင်းများ၊ အန္တရာယ်ရှိ ကျောင်းဆောင်များ၊ ကျောင်းသား ဦးရေအရ တိုးချဲ့ဆောက်လုပ်ရန် လိုအပ်သောကျောင်းများ၊ သိပ္ပံဆောင်လိုအပ်သော ကျောင်းများ၊ သဘာဝဘေးဒဏ်ကြောင်‌့ နေရာရွှေ့ပြောင်းရမည်‌့ ကျောင်းများစသဖြင်‌့ လုပ်ငန်းများခွဲခြားပြီး ဦးစားပေးအဆင်‌့အလိုက် စနစ်တကျလျာထား ဆောင်ရွက်ခဲ့ရာ မန်တုံမြို့နယ်အတွက် ၂၀၁၈-၁၉ ခုနှစ် ခြောက်လဘတ်ဂျက်အတွင်း အခြေခံပညာကျောင်းဆောင်များ လုပ်ငန်းသစ်ခြောက်ခုကို မြို့နယ်ဦးစားပေး အစီအစဉ်ဖြင်‌့ ထည်‌့သွင်း လျာထားခဲ့ပါကြောင်း၊

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ၁၂ လ ဘတ်ဂျက်လျာထားရာတွင် ပြီးခဲ့သည့် ခြောက်လဘတ်ဂျက်မှ ရာနှုန်းပြည့် ပြီးစီးမှုမရှိသည့် လုပ်ငန်းများကို ဦးစားပေးပြီးရာနှုန်းပြည့် ပြည့်မီအောင် ဦးစားပေး ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းသစ်များတိုးချဲ့ လျာထားဆောင်ရွက်ခဲ့ရာတွင် အခက်အခဲများစွာ ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန်တုံမြို့နယ် မြို့နယ်ပညာရေးမှူးရုံး ရုံးဝန်ထမ်းများ အတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရမည့် အ‌ခြေအနေထက် ပိုမိုဦးစားပေး ဆောင်ရွက်ရမည်‌့ လုပ်ငန်းများဖြစ်သော အန္တရာယ်ရှိကျောင်းများ၊ ကျောင်းသားဦးရေအရ တိုးချဲ့ဆောင်ရွက်ရသည်‌့ ဆောက်လုပ်ရေးလုပ်ငန်းများ လိုအပ်ချက်များ ရှိနေခြင်းကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးလုပ်ငန်းအနေဖြင့် လျာထားခြင်း မရှိပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်သို့ ရောက်ရှိမှသာ အဆိုပါဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်းရန်ပုံငွေ ခေါင်းစဉ် အောက်မှ ခွဲဝေရရှိမည့်ရန်ပုံငွေ အခြေအနေပေါ်တွင် မူတည်၍ ဦးစားပေးအဆင့်အလိုက် သတ်မှတ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။