ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့အစည်းအဝေး မှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ (၁၄.၈.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်      ( ၄၃၀ )ဦးအနက် ( ၃၅၈ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)   ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုမေးမြန်းဖြေကြားခြင်း

          (၁)    ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်က မေးမြန်းသော ပဲခူးမြို့တွင် အစိုးရစက်မှုလက်မှု သိပ္ပံသင်တန်းကျောင်း(AGTI)နှင့် ဆရာအတတ်သင် ပညာရေးကောလိပ် ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပဲခူးမြို့တွင် ပညာရေးကောလိပ်တစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၂)    ဒေါ်နန်းမိုး၊ မန်တုံမဲဆန္ဒနယ်က မေးမြန်းသော မန်တုံမြို့နယ် ပညာရေးမှူးရုံး၊ ရုံးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သို့ရောက်ရှိမှသာ အဆိုပါဘဏ္ဍာနှစ်၏ ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့်ရန်ပုံငွေအခြေအနေပေါ်မူတည်၍ သတ်မှတ် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၃)    ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်က မေးမြန်းသော အခြေခံပညာရေး ကဏ္ဍတွင် အမျိုးသားဆရာဦးရေ သိသာစွာကျဆင်းနေသည့်အတွက် အမျိုးသား ဆရာဦးရေ တိုးချဲ့ခန့်ထားရန် သင့်လျော်သော အစီအစဉ်များ ဆောင်ရွက်ထားခြင်း  ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမျိုးသားဆရာဦးရေ ပိုမိုကျောင်းဝင်ခွင့်ရရှိရေး စီစဉ်ပေးခြင်း၊ အစီအစဉ်အမျိုးမျိုးဖြင့် ဘွဲ့ရရှိသူများအား ကာလတိုဆရာဖြစ်သင်တန်းများပေးခြင်း၊ ဆရာဆရာမများ ခန့်ထားသည့်အခါ ပန်းချီ၊ ဂီတ၊ အနုပညာ၊ အားကစား၊ ကွန်ပျူတာ၊ ဘွဲ့ရဆရာ ဆရာမများအဖြစ် ခန့်ထားခြင်းအစီအစဉ်များအပြင် ဆရာအင်အားများ တိုးတက် များပြားလာအောင် ရေတိုရေရှည်စီမံကိန်းများ ချမျတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၄)    ဦးအောင်ကျော်ဦး၊ မိုင်းတုံမဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမေးခွန်းများ ပုံစံပြောင်းမေးမြန်းရန် စီစဉ်ထား ခြင်းနှင့်ဆက်စပ်၍ မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ချက်ချင်းပြောင်းလဲရန်  စီစဉ်ထားသည်ကို သိလိုခြင်းနှင့် အလေ့အကျင့်ရရှိစေရန် ယခုနှစ်တွင် နဝမတန်း မှသာ စတင်ပြောင်းလဲပေးရန်   အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေးခွန်း ပုံစံလုံးဝပြောင်းလဲသွားခြင်းမဟုတ်ဘဲ မေးခွန်းပုံစံသစ်မှာ မေးခွန်းပုံစံဟောင်းကဲ့သို့ အလွတ်ကျက်မှတ်ရသည့်မေးခွန်းများနှင့် ဆက်စပ်တွေးခေါ်ရသော မေးခွန်းများ ပေါင်းစပ်ပါဝင်မည်ဖြစ်သော်လည်း စဉ်းစားတွေးခေါ်ရသည့် မေးခွန်းများ ပိုမိုပါဝင် မည်ဖြစ်ပါကြောင်းနှင့် သင်ယူသူများအားလုံးအနေဖြင့် သင်ရိုးကုန်လေ့လာစေရန် ရည်ရွယ်ပြီး သင်ခန်းစာများအားလုံးကို လွှမ်းခြုံသည့်မေးခွန်းများအဖြစ် ဆောင်ရွက် မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၅)    ဦးကျော်မြင့်၊ တိုက်ကြီးမဲဆန္ဒနယ်က မေးမြန်းသော တိုက်ကြီးမြို့နယ်ရှိ ငလျင်ဒဏ် ကြောင့် ဖြိုဖျက်ပြီးသော မြို့မ(၁)အ.မ.က(မူလွန်)ကျောင်းကို ပြန်လည်ဆောက် လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် လိုအပ်သော ရန်ပုံငွေများကို ဖြည့်စွက်ရန်ပုံငွေတင်ပြတောင်းခံချိန်တွင် ထပ်မံထည့် သွင်းတင်ပြရန် စီစဉ်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၆)    ဦးညွန့်အောင်၊ မုံရွာမဲဆန္ဒနယ်က မေးမြန်းသော မုံရွာမြို့၊ အလုံရပ်ကွက်၊ မင်းဒေါင့် နယ်မြေ အ.မ.က(၄၂)ကျောင်းဝင်းဟောင်းမြေနေရာအား ကျောင်းပြန်လည်ဖွင့်လှစ် ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက အဆိုပါ ကျောင်းဟောင်းမြေနေရာအား ပြန်လည် လွှဲပြောင်းရရှိရေးအတွက် တရားဝင်လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၇)    ဦးခင်မောင်မြင့်၊ ရပ်စောက်မဲဆန္ဒနယ်က မေးမြန်းသော ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ် ဆက်သွယ်သွားလာသော မြို့နယ်ချင်းဆက် ကျေးလက်လမ်း ဖြစ်သည့် ကြာအင်း-မြောင်းတော်-သနပ်တောင်-ဝန်စို-ဖောင်းပြားလမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေတွင် လျာထားပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့်လမ်း အား အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများ ဆက်လက် တင်ပြသွားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၈)    ဦးယန်ကျင်းကန်၊ ကွမ်းလုံမဲဆန္ဒနယ်က မေးမြန်းသော ကွမ်းလုံမြို့ရှိ သံလွင်မြစ်ကူး ကြိုးတံတားကြီးနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တံတားအသစ်ကို မကြာမီ တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် တံတားအသစ်တည်ဆောက်ပြီးစီးသွားပါက မော်တော်ယာဉ်များ ကုန်+ယာဉ်(၇၅)တန်အထိ ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

          (၉)    ဒေါ်သန္တာ၊ အိမ်မဲမဲဆန္ဒနယ်က မေးမြန်းသော အိမ်မဲမြို့နယ်အတွက် အဓိက ကျေးလက်လမ်းဖြစ်သည့် မယ်ဇလီစာဖြူစု-မှန်ကုန်းလမ်းကို ရာသီမရွေးသွားလာနိုင် သောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဌာန ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေများတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၁၀)    ဦးစောသလေးစော၊ ရွှေကျင်မဲဆန္ဒနယ်က မေးမြန်းသော ရွှေကျင်မြို့နယ်၊ ရွှေကျင်ဝင်း ကံလမ်းပိုင်းရှိ ကွမ်းဆိပ်-ကျုံချောင် သုံးမိုင်ခွဲမြေသားတားဖို့ လမ်းမကြီးပိုင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၁၁)     ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ်က မေးမြန်းသော ရခိုင်ပြည်နယ်၏ စီးပွားရေးအချက်အချာကျသော အဓိကဝင်ပေါက်ဖြစ်သည့် မင်းဘူး-အမ်း-စစ်တွေ လမ်းမကြီးအား (၁၂)ပေမှ (၁၈)ပေ အကျယ်ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း အဖြစ်သို့ အထူးစီမံကိန်းတစ်ရပ်အသွင်ဖြင့် ဆောင်ရွက်ပေးရန်   အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကတ္တရာလမ်းအဖြစ် အမြန်ဆုံးအဆင့်မြှင့်တင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၁၂)    ဦးစိန်အောင်၊ ပလက်ဝမဲဆန္ဒနယ်က မေးမြန်းသော ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ရှိ  တုံးမဝ-ဘဲဒုံ မြေသားလမ်း(၁၁/-)မိုင် အနက် ကျန်ရှိသော (၂/၄)မိုင်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန်   အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းတောင်းခံပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )  အဆို (၁) ခု တင်သွင်းခြင်း

ဒေါက်တာဦးလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်က တင်သွင်းသည့် မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်စေရန်အတွက် အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနရပ်ဝန်းကောင်းများ ဖော်ဆောင်ပေးပါရန်နှင့် သုတေသန ဆောင်ရွက်သူ ပညာရှင်များအား သုတေသနရန်ပုံငွေ လုံလောက်စွာ ထောက်ပံ့ချီးမြှင့်ပေးပါရန်   ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဦးရည်မွန်(ခ)မောင်တင်သစ်၊ ပုဗ္ဗသီရိမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၁၅.၈.၂၀၁၈ (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

( ဂ )  ဥပဒေကြမ်း (၁) ခု လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာနှင့်အတူ တင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၁၆.၈.၂၀၁၈ (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

၃။       အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပမည့်ရက်ကို ၁၇.၈.၂၀၁၈ ရက် (သောကြာနေ့)နံနက် ၁၀ နာရီတွင် လျာထားပါသည်။