ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦးအနက် ( ၃၈၃ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း (၆) ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်က မေးမြန်းသော သနပ်ပင်မြို့နယ်၊ မင်းရွာARDC ခလပ်စုရိုးအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေလျာထားဆောက်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၂) ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမဲဆန္ဒနယ်က မေးမြန်းသော မြစိမ်းရောင်စီမံကိန်းအား ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများ၌ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ထပ်မံတိုးချဲ့ဆောင်ရွက်ပေးရန်အတွက် လတ်တလော အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး(စကု)မြို့နယ်တွင် အမှန်တကယ်လိုအပ်နေသော 33/11KV 5MVA မုန်တောင်ဓာတ်အားခွဲရုံအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဦးစားပေးတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားနိုင်မည့်အလားအလာ ရှိပြီး ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါက အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးမြတ်လေးဦး၊ ထီးလင်းမဲဆန္ဒနယ်က မေးမြန်းသော ထီးလင်းမြို့နယ်အတွင်း ကျင်းကျေးရွာဒေသရှိ ကျေးရွာ(၉)ရွာ လျှပ်စစ်မီးရရှိရေးစီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က နည်းပညာအခြေအနေနှင့် အဆိုပါဒေသ၏ မြေမျက်နှာပြင် အနေအထား အခက်အခဲများကြောင့် လတ်တလော ဆောင်ရွက် ပေးနိုင်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးနေမျိုးထက်၊ ကျောက်တံတားမဲဆန္ဒနယ်က မေးမြန်းသော Base Load ဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းများကို လျှပ်စစ်လိုအပ်လျက်ရှိသော မြန်မာနိုင်ငံအတွင်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အသေးစိတ်စိစစ်ပြီး သင့်လျော်မှုရှိသော ရေအားလျှပ်စစ် အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရန်အတွက် ရေအားလျှပ်စစ် စီမံကိန်းများကို ဆက်လက်စီမံဆောင်ရွက်နေပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးခွန်သန်းထူး၊ ဆီဆိုင်မဲဆန္ဒနယ်က မေးမြန်းသော တောင်ငူ-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်းမပေါ် ဆိုက်ခေါင်မှ တောင်ဘက် ကယားနယ်စပ်အထိနှင့် (၂)မိုင် အတွင်းရှိ ကျေးရွာများအား ဓာတ်အားလိုင်းသွယ်တန်းပေးမည့် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) ဥပဒေကြမ်း (၁) ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော သစ်တောဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောကွဲလွဲသည့် ၃၃ ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
( ဂ ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဒေါ်ဝင့်ဝါထွန်း၊ ရှားတောမဲဆန္ဒနယ်က တင်သွင်းသည့် သမဝါယမဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ပြန်လည်ဆန်းစစ်သုံးသပ်ပြီး လိုအပ်သည့် ပံ့ပိုးမှုများအပါအဝင် ပြုပြင် ပြောင်းလဲမှုများအား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၁၃)ဦးမှ ဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပမည့်ရက်ကို ၁၄.၈.၂၀၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
