(က)-ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS)အတွက် လိုအပ်သောအထောက်အကူပြုပစ္စည်းကိရိယာများနှင့် ရုံးလုပ်ငန်း အသုံးစရိတ်များအတွက် သီးခြားရန်ပုံငွေ ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ (၈.၈.၂၀၁၈)

 

(က)-မြို့နယ်များတွင် ဖွင့်လှစ်ထားရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) လုပ်ငန်းများအောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသနည်း၊ ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS)အတွက် လိုအပ်သောအထောက်အကူပြုပစ္စည်းကိရိယာများနှင့် ရုံးလုပ်ငန်း အသုံးစရိတ်များအတွက် သီးခြားရန်ပုံငွေ ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

 

ပြည်သူတို့၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သော ဝန်ဆောင်မှုအလေ့အကျင့်များ ပြုစုပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာဝန်ထမ်းများအပေါ် အားကိုးယုံကြည်မှု တိုးပွားလာစေရန်၊ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ဦးစီးဌာနများအလိုက် အပြန်အလှန်ထိန်းကျောင်းမှု ပြုပြင်နိုင်ရေးအ‌ထောက်အကူပြု နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၅ ခုနှစ်တွင် ခရိုင်နှင့်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးများ စတင်ဖွင့် လှစ်ခဲ့ပါကြောင်း၊ နယ်မြေအခြေအနေအရ မဖွင့်လှစ်သေးနိုင်သောမြို့နယ်များ အနည်းငယ် ကျန်ရှိနေသေးကြောင်းလည်း သိရှိရပါကြောင်း၊ မြို့နယ်အသီးသီးတွင် One Stop Shop ကောင်တာများကိုယ်စီဖြင့် ဌာနအလိုက်ဖွင့်လှစ်ခြင်း၊ တာဝန်ချထားခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ခဲ့ရပါကြောင်း၊ အချို့နေရာများတွင် ရုံးများဆောက်လုပ်ပြီးစီးပြီ ဖြစ်ပါကြောင်း၊

 

ယနေ့အချိန်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) နှင့်ပတ်သက်၍ ကောင်တာခုံများပြန်လည် ပိတ်သိမ်းပြီး ကြော်ငြာဆိုင်းဘုတ်များကိုသာ မြင်တွေ့ရပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံးများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အားနည်း၍ ပြန်လည်ပိတ်သိမ်းသွားခြင်းလား၊ နည်းပညာရပ်များဖြစ်သော Online System ၊ E-Government စသည့် စနစ်များ ပြည့်စုံလုံလောက်မှု မရှိ၍လား၊ ပြည်သူလူထုပူးပေါင်းပါဝင်မှု၊ အားကိုးယုံကြည်မှု နည်းပါး၍လားဆိုသည်ကို မေးခွန်းထုတ်ရမည့် အနေအထားမျိုး ဖြစ်နေပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံးများက ဆောင်ရွက်ပေးသော လုပ်ငန်းများသည်လည်း ပြည်သူလူထုအမှန်တကယ် လိုအပ်သောလုပ်ငန်းများ ဖြစ်နေပါကြောင်း၊ ဥပမာ-နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်းကိစ္စ၊ မြေစာရင်းပုံစံ (၁၀၅) ရေးကူးခြင်းကိစ္စ၊ ပွဲမိန့်လျှောက်ထားခြင်း၊ သတင်းပေးတိုင်ကြားခြင်း စသည့်ကိစ္စရပ်များ ဖြစ်နေပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) စနစ်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ပြည်သူများအတွက် အချိန်နှင့်ငွေကြေး သက်သာစေခြင်း၊ အဂတိလိုက်စားမှု (ကြိုးနီစနစ်) လျော့နည်းစေခြင်း၊ ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ကျစေခြင်း၊ အစိုးရအဖွဲ့ အစည်းများ၏ ဂုဏ်သိက္ခာတိုးတက် ကောင်းမွန်လာစေခြင်း စသည့်အကျိုးများ ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအား ကူညီဖြည့်ဆည်းပေးနိုင်မည့် ဝန်ဆောင်မှုကောင်းများ ပေါ်ထွက်လာစေရေးအတွက် မေးခွန်း (၁) မြို့နယ်များတွင် ဖွင့်လှစ်ထား ရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) လုပ်ငန်းများ အောင်မြင်စွာ ဆက်လက်အကောင်အထည်‌ ဖော်နိုင်ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားပါသနည်း၊ မေးခွန်း (၂) ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) အတွက် လိုအပ်သော အထောက်အကူပြုပစ္စည်း ကိရိယာများနှင့် ရုံးလုပ်ငန်းအသုံး စရိတ်များအတွက် သီးခြားရန်ပုံငွေ ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိမြို့နယ်များတွင် ဖွင့်လှစ်ထားသော ပြည်သူ့ဝန်ဆောင်မှုရုံးများ (One Stop Shop) သည် ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသော ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သော ဝန်ဆောင်မှု အလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအပေါ် အားကိုးယုံကြည်မှု တိုးပွားလာစေရန်နှင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဦးစီးဌာနများအလိုက် အပြန်အလှန်ထိန်းကျောင်းမှု ပြုနိုင်ရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံးများ (One Stop Shop) ထူထောင် ဖွင့်လှစ်အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀-၅-၂၀၁၅ ရက်စွဲပါစာဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ လက်ရှိတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၅-၇-၂၀၁၈ ရက်စွဲပါစာဖြင့် ယင်းကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊

ထို့ပြင် မြို့နယ်များအလိုက် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) များ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေး ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၏ ၁၁-၈-၂၀၁၅ ရက်စွဲပါစာဖြင့် ညွှန်ကြားချက်အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ မြို့နယ်အလိုက် ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် မြို့နယ် ၃၃၀ ရှိသည့်အနက် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) ၃၁၆ ရုံး ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖွင့်လှစ်ရန် ၁၄ ရုံး ကျန်ရှိပါကြောင်း၊ အဆိုပါရုံး ၁၄ ရုံးက နယ်မြေအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ရုံးမရှိသော ရုံး ၁၃ ရုံးနှင့် ဒေသအနေအထားအရ ဌာနဆိုင်ရာ ရုံးများနှင့်နီးကပ်စွာ တည်ရှိနေသော ဖွင့်လှစ်ပေးခြင်းမရှိသည့် ရုံးတစ်ရုံးတို့ဖြစ်ပါကြောင်း၊ မြို့နယ်များတွင် ဖွင့်လှစ်ထားရှိသော ပြည်သူ့ဝန်ဆောင်မှုရုံးများ (One Stop Shop) ရှေ့ပြေးအစီအစဉ် အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းစသော ဌာနခုနစ်ခုဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်နှင့် တောင်းဆိုချက်များ အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနစသည့် ဌာနရှစ်ခုကို ထပ်မံထည့်သွင်းပြီး ယခုအခါ စုစုပေါင်းဌာန ၁၅ ခုဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အဆိုပါဌာန ၁၅ ခုသည် ပြည်သူ့ဝန်ဆောင်မှု ရုံးတိုင်းတွင် ဆောင်ရွက်လျက်ရှိပြီး အချို့မြို့နယ်များတွင် ထပ်တိုးဆောင်ရွက် ရသောဌာနများ ထပ်မံဖြည့်စွက်ဆောင်ရွက်လျက် ရှိသည့်အတွက် တစ်နိုင်ငံလုံးစာရင်းချုပ်အနေဖြင့် စုစုပေါင်း ၂၄ ဌာန ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊

ပြည်သူ့ဝန်ဆောင်မှုရုံး ဌာနဆိုင်ရာများအနေဖြင့် တင်ပြပါလုပ်ငန်းတာဝန်များကို ပြီးပြတ်အောင် ဆောင်ရွက်ပေးပြီး ပြီးပြတ်အောင် ဆောင်ရွက်မပေးနိုင်သော လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပုံနည်းအဆင့်ဆင့်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အသိပေးရှင်းလင်းခြင်းကို သက်ဆိုင်ရာဌာနများသို့ ညွှန်ပြပေးခြင်းများကိုလည်း ဝန်ဆောင်မှုပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံးများရှိ ဌာနဆိုင်ရာများအနေဖြင့် ဒေသခံပြည်သူများ၏ ရင်တွင်းစကားများ၊ ဆန္ဒများ၊ အကြံပြုချက်၊ တိုင်တန်းချက်များကို တင်ပြခွင့်ရရှိပြီး ပွင့်လင်းမြင်သာစွာ ဖြည့်ဆည်းပေး နိုင်ရေးအတွက် Complaint Center များကိုလည်း ထည့်သွင်းဖွင့်လှစ်ထားရှိပြီး အကြံပြုချက်၊ တိုင်တန်းချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလွယ်ကူလျင်မြန်စေရန် ဝန်ဆောင်မှုအသစ်များ ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် UNDP နှင့်ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုရုံးများ (One Stop Shop) လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ ဝန်ထမ်းများကို နိုင်ငံခြားသို့ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) နှင့် လုပ်ငန်းသဘောတူညီသော ရုံးများသို့စေလွှတ်ပြီး လေ့လာစေခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံးများ (One Stop Shop) ဝန်ဆောင်မှုလုပ်ငန်းများသို့ ပြည်သူများ ရင်းနှီးသိရှိနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် အသိပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို အသိပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊

ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) အတွက် လိုအပ်သော အထောက်အကူပြုပစ္စည်း ကိရိယာများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် UNDP တို့မှ ပူးပေါင်းကူညီ ထောက်ပံ့လျက် ရှိပါကြောင်း၊ ရုံးအသုံးစရိတ်များအတွက် လိုအပ်သောစာ ရွက်စာတမ်းခ၊ လျှပ်စစ်မီတာခ၊ ရုံးအဆောက်အဦဆောက်လုပ်ရန် ငွေလုံးငွေရင်းရန်ပုံငွေများကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းရုံးများဖွင်‌့လှစ်နိုင်ရေးနှင့် အဆိုပါရုံးများတွင် ပြည်သူ့ဝန်ဆောင်မှုရုံးများ ထည့်သွင်းဖွင့်လှစ်နိုင်ရေးအတွက် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျပ် ၁.၅ ဘီလီယံစီ ခွဲဝေချထားပေးခဲ့သည့်အပြင်  UNDP မှလည်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ပြည်သူ့ဝန်ဆောင်မှုရုံး ၁၇ ရုံးကို ရုံးသုံးပစ္စည်းကိရိယာများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရုံးအဆောက်အဦဆောက်လုပ်ရန်၊ ရုံးသုံးပရိဘောဂနှင့် စက်ပစ္စည်းများအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ကျပ် ၈၉၇.၆၂၀၅ သန်းကို ထောက်ပံ့ ပေးခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်များတွင် ရုံးအဆောက်အဦဆောက်လုပ်ရန်၊ ရုံးသုံးပရိဘောဂနှင့် စက်ပစ္စည်းများ ဝယ်ယူရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ကျပ် ၂၂၆.၃၃၁ သန်းအားထောက်ပံ့ ပေးခဲ့ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်တွင် ချင်းပြည်နယ်အတွင်း ဟားခါးမြို့နယ်မှအပ ကျန်ရှစ်မြို့နယ်တွင် ရုံးသုံးပရိဘောဂနှင့် ရုံးသုံးစက်ကိရိယာများ ဝယ်ယူရန်အတွက် တစ်မြို့နယ်လျှင် ကျပ် ၁၂.၀၆ သန်း ခွဲဝေချထား ပေးခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) များသည် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ လိုအပ်ချက်များ အမျိုးမျိုးကို ရိုးရှင်းလွယ်ယူစွာ ဖြေရှင်းဆောင်ရွက်ပေးသော ပြည်သူ့ဝန်ဆောင်မှု ရုံးများဖြစ်ပါ၍ အဆိုပါရုံးများ၏ လုပ်ငန်းဆောင်ရွက်မှု အောင်မြင်လာသည်နှင့်အမျှ အစိုးရနှင့်ပြည်သူ အကြားအပြန်အလှန် ယုံကြည်မှုမြင့်တက်လာပြီး အထောက်အကူပြုနိုင်သည့် အားလျော်စွာ ပြည်သူ့ ဝန်ဆောင်မှု ရုံးများအတွက်လိုအပ်သည့် အထောက်အကူပြုပစ္စည်း ကိရိယာများနှင့် ရုံးလုပ်ငန်းအသုံး စရိတ်များအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအမံဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးစိုင်းငေါင်းဆိုင်ဟိန်း(မောက်မယ်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

OSS ရုံးဆိုသည်မှာ ပြည်သူလူထုအတွက် အကျိုးပြုရန်၊ ဝန်ဆောင်မှုပေးရန် ဖွင့်လှစ်ပေးသောရုံးများ ဖြစ်သည့်အတွက် လုပ်သင့်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ထောက်ခံကြိုဆိုပါကြောင်း၊ မိမိတို့ နိုင်ငံတွင် လွယ်ကူသောရုံးကိစ္စများ၊ အမှန်ခက်ခဲရှုပ်ထွေးသော ကိစ္စရပ်များ များစွာရှိပါကြောင်း၊ ဥပမာ -မော်တော်ယာဉ်သက်တမ်းတိုးသော လုပ်ငန်းများကအစ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်သော ကိစ္စမျိုးအဆုံး Agent များ၊ ပွဲစားများကတစ်ဆင့် ဆောင်ရွက်နေရသော လုပ်ငန်းများများစွာ ရှိနေပါကြောင်း၊ ၎င်းတို့ကိုကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံတွင် One Stop Shop ပီပြင်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်နေသည်ကိုလည်း ဖော်ပြနေခြင်းဖြစ်သည့်အတွက် One Stop Shop ကိစ္စများကို ပီပြင်အောင်ဖော်ဆောင်နိုင်ရန်အတွက် ဝန်ကြီးဌာနတွင် မည်ကဲ့သို့လျာထားမှု များရှိပါသနည်း၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွင် ကြည့်ကြည့်တော့လည်း OSS နှင့် ပတ်သက်သော ဖော်ပြချက်မျိုးများ မတွေ့ရှိရပါကြောင်း၊ ဥပမာ-မည်သည့်နေ့တွင် မြို့နယ်မည်မျှကို ပြည့်မီအောင် ဆောင်ရွက်မည်၊ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် One Stop Shop ကို ပြည့်မီ အောင်ဆောင်ရွက်နိုင်မည့် ခန့်မှန်းခြေကာလများကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

မိမိတို့ OSS ရုံး များအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရေး အတွက် ဖြည့်ဆည်းဆောင်ရွက်ရမည့် အချက်များရှိပါကြောင်း၊ ဝန်ဆောင်မှုပေးမည့် လုပ်ငန်းများ ရွေးချယ်ရာတွင် လက်ရှိတာဝန်ယူ ဆောင်ရွက်ပေးသော ဦးစီးဌာန၊ တပ်ဖွဲ့၊ အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့် အာဏာဖြန့်ဝေမှုစသည်နှင့်ပတ်သက်၍ ညှိနှိုင်းသဘောတူညီမှုကို ဦးစွာဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ မိမိတို့ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းအမျိုးအစားအလိုက် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသူများ ပြည်ထောင်စု၊ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မတူညီသော လုပ်ပိုင်ခွင့်အာဏာ ထားရှိမှုများကြောင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင်ရန်ဖြစ်ပါကြောင်း၊  ဝန်ဆောင်မှု နှောင့်နှေးစေသော မလိုအပ်သည့် လုပ်ထုံးလုပ်နည်းများ လျှော့ချနိုင်စေရေးအတွက် လုပ်ငန်းများရွေးချယ်စဉ်က သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်ညှိနှိုင်း၍ သဘောတူညီချက်များ ရယူထားရန် ဖြစ်ပါကြောင်း၊ နောက်တစ်ချက်က အစိုးရ၏မူဝါဒဖြစ်သော ပြည်သူ့ဝန်ဆောင်မှုရုံးများသည် ဦးစီးဌာနတစ်ခုတည်း၊ လုပ်ငန်းတစ်ခုတည်းကို ရည်ရွယ်ဆောင်ရွက်နေခြင်း မဟုတ်ဘဲ ပြည်သူလူထု၏ လိုအပ်သည့် ဝန်ဆောင်မှု အမျိုးအစားအားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင် စေရန်အတွက် ဌာနအားလုံး ပူးပေါင်းဆောင်ရွက်စေရန် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ခံဆောင်ရွက်မည့် အုပ်ချုပ်မှုစနစ်တွင် တာဝန်ရှိသူများအားလုံး ပူးပေါင်‌းဆောင်ရွက်လာစေရန် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။