(င)-ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်မိုင်နှုန်းအရှိန်ထက် ပိုမိုမောင်းနှင်နေသောကား များအား မည်သို့မည်ပုံဖမ်းဆီးအရေးယူနေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ (၈.၈.၂၀၁၈)

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ရန်ကုန်မြို့အဝင် တိုးဂိတ်တွင် သတ်မှတ်မိုင်နှုန်းအရှိန်ထက် ပိုမိုမောင်းနှင်သော ကားများကိုဖမ်းဆီးအရေးယူနေသော ယာဉ်ထိန်းရဲများကို အများအပြား တွေ့ရှိရပါကြောင်း၊ ထိုနေရာမှ ငါးမိနစ်ခန့်မောင်းရုံနှင့် ရောက်ရှိနိုင်သည့် ထောက်ကြန့်လမ်းဆုံတွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပြီး မီးပွိုင့်ကိုလည်း ဂရုမပြုဘဲ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို ထိန်းကျောင်းပေးမည့် ယာဉ်ထိန်းရဲမရှိသည်မှစတင်ပြီး သတိထားမိပြီး မေးခွန်းပေါ်ပေါက်လာရခြင်း ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ယာဉ်ကြောပိတ်ဆို့မှုကို အကြောင်းပြပြီး ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ခုံးကျော်တံတား တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ဘတ်ဂျက်ထည့်သွင်း တောင်းဆိုထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် ယနေ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ရှိသည့် တိုးဂိတ်များမှာ သတ်မှတ်မိုင်နှုန်း အရှိန်ထက်ပိုမိုမောင်းနှင်နေသော ကားများကို ဒဏ်ငွေတပ်၍ ဖမ်းဆီးနေခြင်းကြောင့် ယာဉ်မတော်တဆမှုများ ပိုမိုလျှော့နည်းလာသည်ဟု ထင်ရပါကြောင်း၊ သို့သော်လည်း ထိုစီမံချက်ကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းက ဦးဆောင်နေခြင်းဖြစ်သနည်း၊ မည်သူတို့နှင့်ဖွဲ့စည်း ထားသနည်းနှင့် စတင်ဖွဲ့စည်းချိန်ကနေပြီး ယနေ့အချိန်အထိ တိကျစွာသိရှိလိုပါကြောင်း၊ ထို့အပြင် ဖမ်းဆီးအရေးယူခံရသော ယာဉ်မောင်းများအား တရားရုံးမှ ဒဏ်ရိုက်သည့် ငွေကြေးများသည်လည်း နောက်ဆုံး မည်သည့်ဌာနသို့ ရောက်ရှိသွားပါသနည်း ဆိုသည်ကိုလည်း သိရှိချင်ပါကြောင်း၊ ဒဏ်ကြေးငွေကို မည်သူက မည်သည့်ရည်ရွယ်ချက်ဖြင့် ၅၀၀၀၀ ကျပ်သတ်မှတ်ခဲ့ပါသနည်း ဆိုသည်ကိုလည်း သိရှိလိုပါကြောင်း၊ ၎င်းကိစ္စများသည် မျှတမှုရှိ/မရှိကိုလည်း သိချင်ပါကြောင်း၊ သတ်မှတ်မိုင်နှုန်းထက် အရှိန်ပိုမောင်းသည့် ကားများကို မည်ကဲ့သို့သော အထောက်အထားဖြင့် ဖော်ပြဖမ်းဆီး နေပါသနည်း၊ ဖမ်းဆီးအရေးယူနေသည့် တာဝန်ရှိပုဂ္ဂိုလ်များကိုလည်း အဂတိတရား ကင်းစင်မှုရှိအောင် မည်ကဲ့သို့ထိန်းကျောင်းထားပါသနည်း၊ ယခုကဲ့သို့ ဖမ်းဆီး အရေးယူမှုပြုလုပ်သည်ကို လူထုအားအသိပညာပေးမှုသည် လုံလောက်မှု ရှိပါသလား၊ ၎င်းစီမံချက်ကို မည်သည့်ကာလအချိန်အထိ သတ်မှတ်သွားမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်တွင် တစ်နေ့ပျမ်းမျှယာဉ်စီးရေ ၂၅၀၀၀ ခန့် ဖြတ်သန်းသွားလာ လျက်ရှိပြီး ယာဉ်မတော်တဆမှုများလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိပါကြောင်း၊ ယာဉ်မတော်တဆမှု ဖြစ်ပွားမှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၇၄၄ မှု၊ သေဆုံးသူ ၁၇၀ ဦး၊ ဒဏ်ရာရရှိသူ ၁၃၀၄ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၅၅၅ မှု၊ သေဆုံးသူ ၁၁၆ ဦး၊ ဒဏ်ရာရရှိသူ ၈၆၃ ဦး၊ ၃၁-၇-၂၀၁၈ ရက်နေ့အထိ ၂၅၉ မှု၊ သေဆုံးသူ ၅၄ ဦး၊ ဒဏ်ရာရရှိသူ ၅၂၇ ဦးရှိပါကြောင်း၊ အမျိုးသား ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီကို ၅-၇-၂၀၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၃၁-၅-၂၀၁၆ ရက်နေ့တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ်ပါဝင် စုစုပေါင်း ၃၅ ဦးဖြင့် ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီသည် ယာဉ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစီမံချက်ကို ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ကာလအထိသတ်မှတ်၍ ကဏ္ဍ ၁၂ ခုရေးဆွဲပြီး စီမံချက်ကာလအတွင်း နှစ်စဉ်လူသေဆုံးမှု ၅၀ ရာခိုင်နှုန်းလျှော့ချရန် ရည်မှန်းချက်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ စီမံချက်တွင် ပါဝင်သည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ ပူးပေါင်း၍ အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့အား ၂၀-၅-၂၀၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံအရ ၅၂.၇၉ ရာခိုင်နှုန်းဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့သည် မိုင်ပေါင်း ၃၆၆ မိုင်အရှည်ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ခရီးသွားပြည်သူများ လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် နေ့/ညမပြတ် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများဖြင့် ယာဉ်မောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးအတွက် စနစ်တကျ ဆောင်ရွက်လျက် ရှိပါကြောင်း၊

အမြန်လမ်းမကြီးတစ်လျှောက် သွားလာနေသော မော်တော်ယာဉ်များ ယာဉ်အန္တရာယ်ကင်းရှင်း နိုင်ရေးအတွက် စည်းကမ်းလိုက်နာနိုင်ရေးနှင့် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ပါက ယာဉ်အန္တရာယ် ဖြစ်စေနိုင်ခြင်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြော်ငြာခြင်း၊ Skynet up to Date အစီအစဉ်မှတစ်ဆင့် အသိပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သူများအား ၁-၈-၂၀၁၆ ရက်နေ့မှ ၃၁-၈-၂၀၁၆ ရက်နေ့အထိ စစ်ဆေးကြပ်မတ်ခဲ့ပြီး ယာဉ်မောင်း ၁၃၁၃ ဦးအား ဝန်ခံကတိပြုလက်မှတ် ရေးထိုး၍ သတိပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ၁-၉-၂၀၁၆ ရက်နေ့မှစ၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့သည် အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက် ရှိသည့် မော်တော်ယာဉ်များအနက် သတ်မှတ်မိုင်နှုန်းဖြစ်သည့် ကီလိုမီတာ ၁၀၀ အထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား ခေတ်မီ Red Flex(Radar System) စနစ်သုံး ရွေ့လျားတိုင်းတာ ဖမ်းဆီးသည့်စက်များကို အသုံးပြုပြီး ယာဉ်များ၏ ပုံရိပ်တည်နေရာ၊ အချိန်၊ ယာဉ်၏ အရှိန်နှုန်းတို့ကို မှတ်တမ်းဓာတ်ပုံ ရယူခဲ့ပါကြောင်း၊ ထိုမှတ်တမ်းဓာတ်ပုံများကို Viber စနစ်ဖြင့် တိုးဂိတ်၊ မီနီတိုးဂိတ်များရှိ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (အမြန်လမ်း)၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များထံသို့ပေးပို့ပြီး စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းသူများအား ယင်းမှတ်တမ်းကိုပြ၍ မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊

မော်တော်ယာဉ်ဥပဒေပုဒ်မ ၄၉ တွင် မည်သူမျှ အများပြည်သူဆိုင်ရာနေရာတွင် မော်တော်ယာဉ်ကို သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း သို့မဟုတ် သတ်မှတ်ထားသည့် အမြန်နှုန်း အောက်လျှော့၍ မောင်းနှင်ခြင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲ၍သော်လည်းကောင်း၊ အရက် သေစာ မူးယစ်သောက်စား၍သော်လည်းကောင်း မော်တော်ယာဉ်ကို မောင်းနှင်ခြင်း မပြုလုပ်ရဟု ပြဋ္ဌာန်းပါရှိပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ပါက မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၅၈ တွင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငွေငါးသောင်းထက် မပိုသောငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့သည် မော်တော်ယာဉ် ဥပဒေပုဒ်မ ၄၉ ကို ဖောက်ဖျက်ပြီး သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သည့် ပြစ်မှု ကျူးလွန်သော ယာဉ်မောင်းများအား ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်အား သိမ်းဆည်း၍ သက်ဆိုင်ရာ အမြန်လမ်းမကြီးရဲစခန်းများတွင် အမှုဖွင့်လှစ်ပြီး သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ (က) အရ တရားစွဲတင်ပို့ခဲ့ပါကြောင်း၊ ၁-၉-၂၀၁၆ ရက်နေ့မှ ၃၁-၇-၂၀၁၈ ရက်နေ့အထိ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ လှည်းကူးမြို့နယ်တရားရုံးတွင် ၆၈၆၇ မှု၊ ပဲခူးမြို့နယ် တရားရုံးတွင် ၆၄၇ မှု၊ ဖြူးမြို့နယ်တရားရုံးတွင် ၅၇၃၇ မှု၊ တောင်ငူမြို့နယ်တရားရုံးတွင် ၂၉၅ မှု၊ ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ၁၁၅၉၃ မှု၊ မိတ္ထီလာမြို့နယ်တရားရုံးတွင် ၁၈၇၆ မှု၊ တံတားဦးမြို့နယ် တရားရုံးတွင် ၅၇၆၇ မှု စုစုပေါင်း ၃၂၇၈၂ မှုမှ ယာဉ်မောင်းသူ ၃၂၇၈၂ ဦးအား တရားစွဲ တင်ပို့နိုင်ခဲ့ရာ သက်ဆိုင်ရာ မြို့နယ်တရားရုံးများမှ ဒဏ်ငွေစုစုပေါင်းကျပ် ၁၆၃၉.၁ သန်းအား ချမှတ်ခဲ့ပါကြောင်း၊ ထိုဒဏ်ငွေများအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် သတ်မှတ်ထားသည့် ငွေစာရင်းခေါင်းစဉ်များဖြင့် မြန်မာ့စီးပွားရေးဘဏ်များမှတစ်ဆင့် ပေးသွင်းလျက် ရှိပါကြောင်း၊

သို့ပါ၍ ဒုတိယသမ္မတဦးဆောင်သည့် အမျိုးသားယာဉ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီမှ စီမံချက်ရေးဆွဲ၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီများမှ ကြီးကြပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား ခေတ်မီရွေ့လျား တိုင်းတာစက်များဖြင့် အခိုင်အမာမှတ်တမ်းရယူပြီး တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာတရားရုံးသို့ တရားစွဲတင်ခြင်း၊ သက်ဆိုင်ရာတရားရုံးများက တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အမိန့်ချမှတ်ခြင်း ဖြစ်ပါကြောင်း၊ တရားရုံးများမှ ငွေဒဏ်အမိန့်ချမှတ်၍ ရရှိသောဒဏ်ကြေးငွေများကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းလျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် တည်ဆဲဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမောင်မောင်ဦး (အင်းစိန်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမေးသည့် မေးခွန်းထဲတွင် အဂတိတရားကင်းစင်အောင် မည်ကဲ့သို့ ထိန်းကျောင်းသွားပါသနည်း ဆိုသည့်အချက်ကို ဝန်ကြီးဖြေသည့်အထဲတွင် ဖမ်းဆီးသည့်အခါ ရဲတပ်ဖွဲ့များ၊ ရပ်ကွက်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများအပြင် မီးသတ်အဖွဲ့အစည်းများ ပါဝင်ပါကြောင်း ပြောသော်လည်း ၎င်းလမ်းပေါ်တွင် အမြဲတမ်းလိုလို သွားလာ‌နေရသည့် ပြည်သူများအတွက် မိမိသတိထားမိသည်မှာ မတွေ့ပါကြောင်း၊ မြန်မာနိုင်ငံယာဉ်ထိန်း တပ်ဖွဲ့တစ်ခုသာ တွေ့ရှိပါကြောင်း၊ ထို့ကြောင့် တစ်ခါတစ်ရံ အထောက်အထား မရှိသော်လည်း တစ်ခါတစ်ရံ မိမိတို့ရှေ့တွင် မဖမ်းဘဲလွှတ်ပေးလိုက်ခြင်းများလည်း တွေ့ရှိရပါကြောင်း၊ ၎င်းကိစ္စမျိုးကို မိမိက ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အဂတိတရားနှင့် ပတ်သက်၍ မည်ကဲ့သို့ ထိန်းကျောင်းနေပါသနည်း ဆိုသည်ကို ဆက်စပ်မေးခွန်းအဖြစ် မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

မိမိဖြေကြားချက်ထဲတွင် ပါပြီးဖြစ်ပါကြောင်း၊ ခေတ်မီ Red Flex (Radar System) စနစ်သုံး ရွေ့လျား တိုင်းတာရေးစက်များနှင့် မိမိတို့က ယာဉ်ကိုတိုင်းတာပါကြောင်း၊ တိုင်းတာသည့်အခါ ယာဉ်ကို ၎င်းအချိန်တွင် ဖမ်း၍မရပါကြောင်း၊ သက်ဆိုင်ရာ ဂိတ်များရောက်မှသာလျှင် ၎င်းအဖွဲ့မှ စစ်ဆေးပြီး သက်ဆိုင်ရာ လိုင်စင်သိမ်းယူခြင်း၊ ပြီးရင်လည်း သက်ဆိုင်ရာတရားရုံးကို ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ မိမိအနေဖြင့် အဖွဲ့နှင့်ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် အဂတိနှင့်ပတ်သက်၍ မိမိတို့မှအတတ်နိုင်ဆုံး ကင်းရှင်းအောင် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။