(ဃ)-မင်းတပ်မြို့နှင်‌့ မကွီအိမ်နူးမြို့ကို ဆက်သွယ်ထားသောလမ်းပေါ်ရှိ အုံရွာနှင့်ကင်းလှိရွာကြား မုန်းချောင်းကိုဖြတ်၍ ကွန်ကရစ်တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၆.၈.၂၀၁၈)

မကွီအိမ်နူးမြို့က မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝလေးမြို့နယ်၏ အဆုံတွင်တည်ရှိပြီး တံတားလေးကို ဖောက်လုပ်ပေးလိုက်မည်ဆိုလျှင် မကွီအိမ်နူးမြို့အပါအဝင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝလေးမြို့နယ်တွင်ရှိသည့် ပြည်သူများအကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ မကွီအိမ်နူးမြို့နှင့် မင်းတပ်မြို့ကို ဆက်သွယ်ထားသော လမ်းကြောင်းသည် တောအထပ်ထပ် တောင်အစွယ်စွယ်ကို ခက်ခက်ခဲခဲဖြင့် ဖောက်လုပ်ထားသည့် လမ်းကြောင်းဖြစ်ပါကြောင်း၊ မင်းတပ်မြို့ကို ချောင်းဖျားခံပြီး စီးဆင်းသွားသော မုန်းချောင်းတွင် ယခုလူကူးကြိုးတံတားလည်း ရှိပါကြောင်း၊ တောင်ကျချောင်းဖြစ်သဖြင့် တောင်ပေါ်မှအရှိန်ပြင်းစွာ စီးဆင်းသည့်ရေများကြောင့် ကြောက်စရာကောင်းသည့် အချိန်ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် ဒေသခံပြည်သူများစတင်ပြီး ပူပန်သောကများ ရောက်ရှိလာပါကြောင်း၊ နှစ်အလိုက် ရံဖန်ရံခါဆိုသကဲ့သို့ ၎င်းတံတားသည် ချောင်းရေကြီးပြီး ဖြတ်ကူးသည့်တံတားလေး ပါသွားခြင်းမျိုးများ ဖြစ်တတ်ပါကြောင်း၊ ထိုအချိန်မျိုးဆိုလျှင် ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအပါအဝင် တိုင်းပြည်၏တာဝန်ကို ထမ်းဆောင်သည့် ဝန်ထမ်းများသည်လည်း ချောင်း၏တစ်ဖက်တစ်ချက်တွင် ရှိသည့်နေရာကို တာဝန်ထမ်းဆောင် ရမည်ဆိုလျှင် ၎င်းချောင်းကိုဖြတ်ပြီး မဖြစ်မနေသွားရပါက အိမ်အပြန်လမ်းကို မိဘများက မည်သည့်အချိန်တွင် ပြန်ရောက်လာမည်နည်းဆိုသည့် စိုးရိမ်စိတ်များ စတင်ရောက်ရှိသည့် အချိန်ဖြစ်ပါကြောင်း၊ ၎င်းတံတား ပါသွားပြီဆိုလျှင် ကြိုးလေးပေါ်မှ တိုင်းပြည်တာဝန်များကို ထမ်းဆောင်ရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့်အကြောင်းများ အဖက်ဖက်ကြောင့် မဖြစ်မနေ ကူးသန်းသွားလာ ရမည်ဆိုလျှင် အလွန်အန္တရာယ်များပါကြောင်း၊ သက်ဆိုင်ရာက လာရောက် ဖြေကြားမည့်ဝန်ကြီးသည် ချင်းပြည်နယ်ကို အခေါက်ပေါင်းများစွာ ရောက်ရှိသည့်အတွက် ချင်းပြည်နယ်၏ အကြောင်းကို အကြောင်းစုံသိရှိပြီးသား ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတံတားကို လာမည့်ဘဏ္ဍာရေး နှစ်တွင်မဖြစ်မနေ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မင်းတပ်မြို့နှင့် မကွီအိမ်နူးမြို့ကို ဆက်သွယ်ထားသော လမ်းပေါ်ရှိ အုံရွာနှင့်ကင်းလှိရွာကြားရှိ မုန်းချောင်း တံတားသည်  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းပေါ်ရှိတံတား ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်တွင် အရှည် ၂၂၇ ပေ၊ အကျယ် ၄ ပေရှိ မုန်းချောင်း ဖြတ်ကျော်သည်‌့ ဆိုင်ကယ်ကူးကြိုးတံတားတစ်စင်း တည်ဆောက်ထားပြီး ကျေးရွာ ၁၄ ရွာနှင့်မကွီအိမ်နူး မြို့သစ်ရှိ ပြည်သူများရာသီမရွေး အသုံးပြုလျက်ရှိကြပါကြောင်း၊ အဆိုပါ အုံကျေးရွာနှင့် ကင်းလှိကျေးရွာ ကြားရှိ မုန်းချောင်းကူးတံတား တည်ဆောက်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်း မရှိသေးသဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။