မိမိ၏မေးခွန်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပါဝင်နိုင်ရန်အတွက် ၃ လပိုင်းကတည်းက မေးထားခြင်း ဖြစ်ပါကြောင်း၊ မြေပုံမြို့နယ်က အမ်းမြို့နယ်ကို ဆက်သွယ်ထားပါကြောင်း၊ မိုင်အားဖြင့် ၇ မိုင်နှင့် ၄ ဖာလုံ ရှိပါကြောင်း၊ မြေပုံမြို့နယ်အပိုင်းတွင် ၃ မိုင်နှင့် ၄ ဖာလုံရှိပြီး အမ်းမြို့နယ်အပိုင်းတွင် ၄ မိုင်ရှိပါကြောင်း၊ ၎င်းလမ်းပေါ်တွင် တည်ရှိသည့်ချောင်းများသည် တံတားများမထိုးရသေးပါကြောင်း၊ ပေအများဆုံးက ၁၈၀ ခန့်သာကျယ်ပါကြောင်း၊ ချောင်းနှစ်ချောင်းဖြစ်သည့် ဘုန်းကြီးပြွန်ချောင်းနှင့် မညင်းပြွန်ချောင်း ဆိုသည်မှာလည်း မြေသားဖြင့်ပိတ်၍ရသည့် ချောင်းများဖြစ်ပါကြောင်း၊ ၎င်းကိုမိမိတို့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မြေသားလမ်းခြောက်မိုင်ကို ဖောက်ခဲ့ပါကြောင်း၊ မြေပုံမြို့နယ်အပိုင်းကို တစ်ဆင့်ဂုဏ်ဆောင်ကုမ္ပဏီက ဖောက်ခဲ့ပြီး အမ်းမြို့နယ်အပိုင်းကို ရာစုသစ်မြင့်မိုရ်ကုမ္ပဏီက ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း နှစ်ကာလကြာလာသဖြင့် လယ်သမားများက ထိုလမ်း မပျက်အောင်ဆိုပြီး မြေသားများနှင့်ကန်သင်းရိုးဖို့ပြီး ထိန်းထားခြင်းဖြစ်ပါကြောင်း၊ ထိန်းထားသော်လည်း ရာသီဥတုပြင်းထန်သည့်အတွက် တချို့နေရာများတွင် ကျိုးပေါက်သွားခြင်းများလည်း ရှိပါကြောင်း၊ မညင်းပြွန်ချောင်းရိုး၊ မြေသားဖို့ရန်လိုအပ်နေသည့် နေရာကိုကွင်းဆင်းပြီး တိုင်းတာခဲ့ခြင်းဖြစ်ပါကြောင်း၊ မနှစ်က ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျန်သည့် ၁ မိုင်နှင့် ၄ ဖာလုံကို နေကျော်ကြားထွန်းတောက် ကုမ္ပဏီက ဖောက်လုပ်ခဲ့ပါကြောင်း၊ ၎င်းမှာ မြေသားကောင်းသည့်နေရာ ၃ ဖာလုံကို ဖောက်ခဲ့ပါကြောင်း၊ သို့သော်လည်း ကျန်ရှိသည့် ၉ ဖာလုံကို အခက်အခဲရှိသည်ဆိုပြီး ဘဏ္ဍာငွေကို သက်ဆိုင်ရာသို့ ပြန်အပ်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာကလည်း ကြည်ကြည်ဖြူဖြူလက်ခံခဲ့ပါကြောင်း၊ ရူးချောင်းသည်လည်း နွေရာသီတွင် ရေမရှိပါကြောင်း၊ ၎င်းလမ်းကို အပြီးအပိုင်ဖောက်လုပ်ရန် မိမိတို့အနေဖြင့် ၉ ဖာလုံ ခန့်သာ ကျန်ရှိပါကြောင်း၊ တချို့မြေသားလမ်းပိုင်းများသည် အကုန်လုံးပျက်စီးကုန်ပါကြောင်း၊ ၎င်းကိုအချိန်မီ ဖောက်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်မည်ဟု ဒေသခံများကလည်း မျှော်လင့်နေကြပါကြောင်း၊ ထို့ကြောင့် မြေပုံမြို့နယ်၊ ရေခေါင်းချိန်ကျေးရွာမှ ရူးကျေးရွာကို ဆက်သွယ်ထားသော လမ်းသာပေါက်မည်ဆိုလျှင် မိမိတို့မြို့နယ်တွင်ရှိသည့် ၎င်းတို့ပတ်ဝန်းကျင်က ကျေးရွာများက ရူးကျေးရွာကတစ်ဆင့် ဆက်သွယ်ထားသော လမ်းမကြီးကိုရောက်သွားနိုင်ပါကြောင်း၊ ထိုအခွင့်အရေးကို လိုချင်သည့်အတွက် ဒေသခံများအနေဖြင့် မျှော်လင့်နေကြသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
မြေပုံမြို့နယ်၊ ရူး-ရေခေါင်းချိန်ကျေးရွာချင်းဆက်လမ်း၏ လက်ရှိအခြေအနေသည် မြေပုံမြို့နယ်အပိုင်းတွင် မြေသားလမ်း ၃ မိုင် ၄ ဖာလုံ၊ အမ်းမြို့နယ်အပိုင်းတွင် မြေသားလမ်း ၄ မိုင် စုစုပေါင်း မြေသားလမ်း ၇ မိုင် ၄ ဖာလုံရှိပြီး လမ်းအဆင့်သတ်မှတ်ချက်အရ Class C ဦးစားပေးအဆင့် တစ်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်တွင် ၁၈၀ ပေအကျယ်ရှိ ရေခေါင်းချိန်ရွာချောင်းနေရာ၌ တံတားတစ်စင်း၊ ၁၅၀ ပေ အကျယ်ရှိ မညင်းပြွန်ချောင်းနေရာ၌ တံတားတစ်စင်း၊ ၂၀ ပေအကျယ်ရှိ ချမ်းဗိန်တူးမြောင်းနေရာ၌ တံတားတစ်စင်း၊ ၃၀ ပေအကျယ်ရှိ ဘုန်းကြီးပြွန်နေရာ၌ တံတားတစ်စင်းနှင့်ရေပြွန်များ ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အမ်းမြို့နယ်အပိုင်း၌ မြေသားလမ်း ၁ မိုင် ၄ ဖာလုံ ဆောင်ရွက်ခဲ့ပြီး ရူးကျေးရွာထိပ်မှ စတင်ဆောင်ရွက်ခဲ့သည့်နေရာတွင် ၃ ဖာလုံအတွက် လယ်သမားများကို လျော်ကြေးပေးပြီး ဆောင်ရွက်နိုင်ခဲ့သော်လည်း ကျန်သည့် ၁ မိုင် ၁ ဖာလုံအတွက် လယ်သမားများမှ လျော်ကြေးအဆမတန် တောင်းဆိုခဲ့သည့်အတွက် ညှိနှိုင်း၍မရဘဲ ၎င်းရန်ပုံငွေကို ပြန်လည် အပ်နှံခဲ့ရပါကြောင်း၊
အထက်ပါ ရူး-ရေခေါင်းချိန်ကျေးရွာချင်းဆက် လမ်းနှင့်၎င်းလမ်းပေါ်ရှိ တံတားများကို လယ်ယာမြေ လျော်ကြေးကိစ္စများ ဖြေရှင်းဆောင်ရွက်ပြီးပါက ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများထည့်သွင်းလျာထား ပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဖေသန်း (မြေပုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပထမတစ်ချက်မေးချင်သည်မှာ ၎င်းလျော်ကြေးငွေများကို မည်သူကတွက်ချက်ပြီး လုပ်ရမည်နည်းနှင့် မည်သည့်ဌာနက တာဝန်ယူမည်နည်းဆိုသည်ကို မည်သည့်အချိန်မှပြုလုပ်မည် ဆိုသည့်အချက် ဖြစ်ပါကြောင်း၊ ဒုတိယတစ်ချက်က တင်ဒါလုပ်ငန်းများနှင့် ပတ်သက်ပြီး မကြာခဏကြုံတွေ့ရသည်ကို တွေ့ရှိပါကြောင်း၊ စီမံကိန်းဆွဲသည့် ပုဂ္ဂိုလ်များကလည်း မြေပြင် (Ground) ကို မဆင်းဘဲ မည်သည့် အခက်အခဲရှိသည်ဆိုသည်ကို မသိဘဲ ၃ မိုင် ပေမည်မျှခန့် အနံက ၁၈ ပေ အမြင့်က ၃ ပေဆိုသည်ကို မြေပြင်တွင် တကယ်တမ်း မည်ကဲ့သို့အခက်အခဲရှိသည်ဆိုသည်ကို သွားရောက်မစစ် ဆေးပါကြောင်း၊ တင်ဒါဆွဲသည့် ကုမ္ပဏီများကလည်း မြေပြင်ကိုသွားရောက်ပြီး မကြည့်ပါကြောင်း၊ ၎င်းစာရွက်ပေါ်တွင် ဆွဲလိုက်ခြင်းကြောင့် ယခုလိုအခက်အခဲများ ဖြစ်လာပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာများ အလဟဿ ဆုံးရှုံးသည့်အခြေအနေမျိုး ရှိနေပါကြောင်း၊ အမှန်တကယ် တင်ဒါစည်းမျဉ်းများအရ၊ လုပ်ထုံးလုပ်နည်းများအရ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ ပြန်လည်လက်ခံ၍ ရသည့်ငွေမျိုးဖြစ်ပါသလား။ ယခုကဲ့သို့ တခြားကုမ္ပဏီများကိုလည်း မြေပြင်ကိုမဆင်းကြည့်ဘဲ လုပ်နိုင်သည့် အလွယ်တကူဖြစ်မည့် အပိုင်းလေးကိုလုပ်ပြီး မလုပ်နိုင်သည့်အပိုင်းကို ပြန်ပြီးအပ်မည်ဆိုလျှင် ယခင်ကပြောသည့် စည်းမျဉ်းများနှင့်ညီပါသလား။ ထိုကဲ့သို့နောက်တစ်ကြိမ် မပေါ်ပေါက်အောင်အတွက် မိမိတို့ မည်ကဲ့သို့လုပ်မည်နည်း။ ယလိုတွက်ချက်ပြီး အသေးစိတ်ကွင်းဆင်း လေ့လာသုံးသပ်ရန်လည်း လိုအပ်ပါကြောင်း၊ ခုနကပြောသည့် စီမံကိန်းပြန်ပြီး စတင်ရန်အတွက်၊ မြေပြင်ကိုကွင်းဆင်းရန် အစီအစဉ်ကို လျော်ကြေးပေးမည့် ပုဂ္ဂိုလ်များကတွက်ချက်ပြီး တင်ပြမည်ဆိုလျှင် နိုင်ငံတော်တွင်တာဝန်ရှိသဖြင့် မည်သည့်ဌာနက တာဝန်ယူလုပ်မည်နည်းဆိုသည်ကို သိလိုသည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
လျော်ကြေးငွေက ပြည်နယ် (လယ်/စီ) က ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ၎င်းနေရာတွင် ပထမပိုင်းမှာ လယ်သမားများက အပြုသဘောဖြင့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင် လယ်သမား ၅ ဦး အတွက် ငွေကျပ် ၅၂ သိန်းလျော်ထားပြီး ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် ကျန်သည့် ၉ ဖာလုံကို ကျန်သည့်လူများက သိန်း ၅၀၀ ကျော်ကို သွားပေးလိုက်လျှင် မိမိတို့ဘက်က ယခင်လျော်ခဲ့သည့် လူများအားလုံးကို အစအဆုံးပြန်လျော်ရမည်ဆိုသည့်အတွက် ရှင်းလို့မပြီးနိုင်မည် စိုးခြင်းကြောင့် ရပ်ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်ကို တင်ပြထားပါကြောင်း၊ ထိုကိစ္စကို ပြည်နယ်အနေဖြင့် အမြန်ဆုံးညှိနှိုင်းပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ၉ ဖာလုံကျန်ခြင်းဖြစ်ပါကြောင်း၊ သို့သော် ၎င်းတို့က ထိုကိစ္စမရလျှင် မဖယ်ဘူးဆိုသည့်အခါ အခက်အခဲဖြစ်နေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့တောင်းသည်ကို ပေးလိုက်လျှင်လည်း ယခင်လျော်ခဲ့သည့်လူများက ပြန်တောင်းလာနိုင်သည့် အခြေအနေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်ကို မြန်မြန်လေးဖြတ်ပေးရန် တောင်းဆိုထားပါကြောင်းဖြင့် ရှင်းလင်းဖြေကြား ပါသည်။
