(က)-ကမ်းဇော်ဆီသည် ပြည်သူအများယုံကြည်သလို ကျန်းမာရေးအတွက် အမှန်ကောင်းမွန်စေနိုင်ခြင်းရှိ/မရှိ နှင့် အမှန်အကျိုးပြုလျှင် လူသားများ ခံစားနေရသည့်ရောဂါဆိုးများအား ကာကွယ်ကုသရေးတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာနိုင်ရေး၊ နိုင်ငံခြားငွေတိုးချဲ့ရှာဖွေနိုင်ရေး၊ ပြည်သူများ ဝင်ငွေတိုးတက် လာရေး၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ လူသားအကျိုးပြု ဆေးဘက်ဝင်အပင် တိုးချဲ့စိုက်ပျိုးနိုင်ရေး သုတေသနပြုဆောင်ရွက်ထားခြင်းရှိ/မရှိကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
တနင်္သာရီတိုင်းဒေဒသကြီးအတွင်း ပေါက်ရောက်လျက်ရှိသော ဆေးဘက်ဝင် အပင်ကြီးမျိုးဖြစ်သည့် ကမ်းဇော်ဟုခေါ်သော Madhuca Tree က သစ်စေ့မှထုတ်လုပ် ရရှိသောဆီက လူသားများ ခံစားနေရသော ရောဂါဆိုးဖြစ်သော ကင်ဆာရောဂါမျိုးအပြင် အခြားရောဂါမျိုးစုံကိုလည်း ပျောက်ကင်း သက်သာစေကြောင်း ဒေသခံပြည်သူများက ယုံကြည်နေကြပြီး နှစ်ပေါင်းအတော်ကြာကြာ တိုင်းရင်း ဆေးဝါးအဖြစ်ဖြင့် သုံးစွဲလာခဲ့သည်ကို သိရှိရပါကြောင်း၊ ယခုအခါ Online များအပါအဝင် ကြော်ငြာအတော်များများတွင် ကမ်းဇော်ဆီကို ဈေးနှုန်းကြီးကြီးမြင့်မြင့်ဖြင့် ကြော်ငြာရောင်းချ နေမှုများလည်း တွေ့ရှိရပါကြောင်း၊ ကမ်းဇော်ပင်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်၊ ဘုတ်ပြင်း၊ ထားဝယ်၊ တနင်္သာရီမြို့နယ်များတွင် သဘာဝအတိုင်း ပေါက်ရောက်သော ဆေးပင် အပင်ကြီးမျိုး ဖြစ်ကြောင်းလည်း သိရပါကြောင်း၊ ရေစပ်စပ်ရှိသော ရွှံ့နွံထူထပ်သည့်အပိုင်းတွင် ပိုမိုပေါက်ရောက် ကြောင်းနှင့် ရေကမ်းစပ်တွင်ပေါက်သော ရေကမ်းဇော်နှင့် ကုန်းပိုင်းတွင် ပေါက်သော ကုန်းကမ်းဇော် ဟူ၍ နှစ်မျိုးရှိကြောင်းကိုလည်း သိရပါကြောင်း၊ အပင်နှစ်မျိုး၏ အရွက်၊ အပွင့်၊ အသီးကနည်းနည်း မတူထူးခြားသော်လည်း အစေ့ကရရှိသည့်အဆီက အာနိသင်အတူတူပဲဟု သိရပါကြောင်း၊ ကမ်းဇော်ပင်၏ ရုက္ခအမည်က Bassia Longifolia ဖြစ်ပြီး Supportive case မျိုးရင်းတွင်ပါပြီး အင်္ဂလိပ်လို Madhuca Tree ဟု ခေါ်ကြောင်းလည်း သိရပါကြောင်း၊ တချို့က မယ်ဇယ်ပင်နှင့် ဆင်တူ၍ ရေမယ်ဇယ်ပင်ဟုလည်း ခေါ်ကြပါကြောင်း၊ တောင်မင်းကွတ်၊ သစ်ဂျပိုးဟုလည်း ခေါ်ကြပါကြောင်း၊ အပင်ကြီးမျိုးဖြစ်သည့်အတွက် ပေ ၇၀ မှ ၈၀ အထိ မြင့်ကြပြီး လုံးပတ်က ၆ ပေ၊ ၇ ပေ အထိ ထွားကျိုင်းပြီး နှစ် ၆၀ ခန့် အသီး သီးကြကြောင်းလည်း သိရှိရပါကြောင်း၊ အပွင့်က နို့နှစ်ရောင်ရှိပြီး အသီးက ခရေသီးနှင့်တူပြီး အသီးထဲကအဆံက မြေပဲကဲ့သို့ အဆံလေးများ ပါသည့်အတွက် အဆံကိုမြေပဲဆီ ကြိတ်သကဲ့သို့ ကမ်းဇော်ဆီကို ထုတ်ယူရရှိကြောင်းလည်း သိရပါကြောင်း၊ သစ်မာမျိုးဖြစ်ပြီး ကဆုန်၊ နယုန်လများတွင် အသီးသီးကြောင်းလည်း သိရပါကြောင်း၊ ကမ်းဇော်ဆီသည် ၄၀ ကျပ်သားခန့်ဝင် ပုလင်းတစ်ခုကို လေး၊ ငါးသောင်းခန့် တန်ဖိုးရှိကြောင်းနှင့် လိုအပ်သလို ဝယ်ယူမရနိုင်သည့်အတွက် အတုအပများ ပြုလုပ်ကြောင်းလည်း သိရပါကြောင်း၊ ကမ်းဇော်ပင်၏ သစ်သားအရောင်က နီညိုရောင်ရှိပြီး အသီးအပွင့်များက အဆုပ်လိုက်သီးပွင့် ကြောင်းနှင့် ကမ်းဇော်ဆီကို အဆီအတိုင်း သောက်သုံးကြကြောင်း နှင့် Cholesterol ကို မတိုးပွား စေဘဲ ကင်ဆာရောဂါအပါအဝင် ထိခိုက်ဒဏ်ရာမျိုးစုံ၊ ရောဂါမျိုးစုံကို ပျောက်ကင်းသက်သာသည်ဟု ယုံကြည်သုံးစွဲနေကြကြောင်းလည်း သိရပါကြောင်း၊
ကမ်းဇော်ဆီစစ်စစ်သည် နှစ်နှစ်ခန့်ကြာသည့်တိုင်အောင် အရောင်၊ အဆင်း၊ အနံ့အရသာ မပြောင်းလဲဘဲ သဘာဝအတိုင်းရှိသည်ဟု သိရပါကြောင်း၊ ထို့ကြောင့် ပြည်သူများယုံကြည်သုံးစွဲ နေကြသည့် ဆေးဘက်ဝင်သဘာဝအဆီသည် ကျန်းမာရေးအတွက် အမှန်တကယ်အသုံးဝင်ခြင်း ရှိ/မရှိ၊ ကျန်းမာရေးအတွက် အမှန်တကယ် အသုံးဝင်ပါက သုံးစွဲသူများအတွက် ဘေးအန္တရာယ် မဖြစ်စေရေး၊ သုံးစွဲသည့်အချိုးအစားမှန်ကန်ရေး၊ ယုံကြည်သုံးစွဲနေသူများအတွက် ဘေးထွက် ဆိုးကျိုးများ ကင်းဝေးစေပြီး နည်းမှန်လမ်းမှန် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ရေး၊ လူသားတို့အကျိုးရှိရှိ ရောဂါဆိုးများနှင့် ကုသပျောက်ကင်းနိုင်ရေးအတွက် အမှန်အသုံးဝင်ပါက ခေတ်မီဆေးဝါးများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချနိုင်ရေး၊ အပင်များစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံ နှင့် ပြည်သူအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလာစေရေးအတွက် ကမ်းဇော်ဆီသည် ပြည်သူအများ ယုံကြည်သကဲ့သို့ ကျန်းမာရေးအတွက် အမှန်ကောင်းမွန်နိုင်ခြင်း ရှိ/မရှိနှင့် အမှန်အကျိုးပြုပါက လူသားများခံစားနေရသည့် ရောဂါဆိုးများအား ကာကွယ်ကုသရေးမှ ကျယ်ကျယ်ပြန်ပြန့် သုံးစွဲလာနိုင်ရေး၊ နိုင်ငံခြားငွေတိုးချဲ့ရှာဖွေနိုင်ရေး၊ ပြည်သူများဝင်ငွေတိုးတက် လာရေး၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ လူသားအကျိုးပြု ဆေးဘက်ဝင်အပင် တိုးချဲ့စိုက်ပျိုးနိုင်ရေး သုတေသနပြု ဆောင်ရွက်ထားခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကမ်းဇော်ဆီသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း စသည်တို့တွင် သဘာဝအလျောက် ပေါက်ရောက်ပြီး ရေကမ်းဇော်နှင့် ကုန်းကမ်းဇော်ဟူ၍ နှစ်မျိုးရှိပါကြောင်း၊ ရေကမ်းဇော်က Madhuca Longifolia (Koenig) ခေါ်ပြီး၊ ကုန်းကမ်းဇော်က Payena Paralleloneura Kurz ဖြစ်ပြီး ခရေမျိုးပင်ဖြစ်ပါကြောင်း၊ ကမ်းဇော်ဆီကို အစေ့မှထုတ်ပြီး တိုင်းရင်းဆေးကျမ်း အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်တွင် ပါရှိပါကြောင်း၊ ပထမတွဲ စာမျက်နှာ ၆၆ တွင် ကမ်းဇော်ပင် ရေမယ်ဇယ် ခေါ်ပါကြောင်း၊ Botanical Terms က Bassia Longifolia အဖြစ်ပါပြီး ၎င်း၏ ဂုဏ်နှင့်စွမ်းရည်က ခွန်အားကိုဖြစ်စေခြင်း၊ အနာပေါက်ရောဂါကို ပယ်တတ်ခြင်း၊ အသက်ကို ရှည်စေခြင်း၊ အဆီကိုအရေပြား၌ အသုံးပြုရခြင်း၊ အပွင့်သည် ကြေကျက်လွယ်ခြင်း၊ ဝမ်းသက်ခြင်း၊ အရွက်နှင့်အခေါက်ရေသည် ချုပ်ခြင်းတို့ကို ဖော်ပြထားပါကြောင်း၊ မိမိတို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေသော လက်တွေ့အသုံးချ ဆေးပင်များအတွဲ (၁၁) စာမျက်နှာ ၁၇ မှ ၂၅ တွင်လည်း ကမ်းဇော်ပင်နှင့် ပတ်သက်သော အကြောင်းအရာကို ဖော်ပြထားပါကြောင်း၊ တိုင်းရင်းဆေးပညာအရ အသုံးပြုပုံများ၊ အစေ့မှ အဆီထုတ်ယူရန်လည်း ရှင်းပြထားပါကြောင်း၊ ကမ်းဇော်ဆီကို လိမ်းဆေးများတွင် ထည့်သွင်းဖော်စပ်ခြင်းနှင့် သောက်သုံးခြင်း များရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အသုံးနည်းသည့် ပစ္စည်းတစ်မျိုးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနတွင် မိမိတို့ထုတ်သည့် ဆေးများတွင် ကမ်းဇော်ဆီကို သုံးထားခြင်း မတွေ့ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်ရန် အမှန်တကယ် သုတေသနလုပ်ထားခြင်းလည်း မရှိသော်လည်း တိုင်းရင်းဆေးပညာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကံသာယာဘယ ဆေးဥယျာဉ်တွင် ၂၀၁၅ ခုနှစ်ကစပြီး စိုက်ပျိုးထားသည်မှာ အပင်ပေါင်း ၂၂၅ ပင်ရှိနေပါကြောင်း၊ ကမ်းဇော်ဆီသည် ပြည်သူများ ကျန်းမာရေးအတွက် အမှန်ကောင်းမွန်ခြင်း ရှိ/မရှိကို တိုင်းရင်းဆေးပညာ ဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်တွင် တိုင်းရင်းဆေးမှူးဒေါ်ဝါဝါက ကမ်းဇော်ဆီနှင့်ပတ်သက်ပြီး သူမ၏ တိုင်းရင်းဆေးဖြင့် ဆေးကုသမှုအတွေ့အကြုံ မှတ်တမ်းတင်ထားပြီး ၂၀၀၄ ခုနှစ် ပဉ္စမအကြိမ် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် စာတမ်းဖတ်ပွဲတွင် ဖတ်ကြားပါကြောင်း၊ ၎င်းစာတမ်းတွင် ကမ်းဇော်ဆီလိမ်းပေးခြင်းဖြင့် အကြော၊ အဆစ်ရောင်ရမ်း ခြင်းများကို သက်သာစေပြီး အရေပြားတွင်ဖြစ်သော အနာများကို သက်သာပျောက်ကင်းစေသော အာနိသင်များတွေ့သည်ကို ပြောထားသည့်အပြင် အစာအိမ်နှင့် ပန်းနာရောဂါများအတွက်လည်း ကမ်းဇော်ဆီအား ရေလည်းအမျိုးမျိုးဖြင့် တိုက်ကျွေခြင်းဖြင့် သက်သာပြီး ဘေးထွက်ဆိုးကျိုးများ လည်းမရှိဟု ဖော်ပြထားပါကြောင်း၊
ထို့အပြင် ပညာရေးဝန်ကြီးဌာန ရုက္ခဗေဒဌာနမှ ဒေါက်တာမိုးမိုးလွင်က သူမ၏ပါရဂူကျမ်းပြုစာတမ်း တွင်လည်း ကုန်းကမ်းဇော်ပင်နှင့် ပတ်သက်သော သုတေသနများကို ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ သူမအနေဖြင့် ကမ်းဇော်ပင် အပင်အမျိုးအစားကိုခွဲခြင်း Plant Identification လတ်တလော အဆိပ်အာနိသင်ရှိ/မရှိ စစ်ဆေးခြင်း (Acute Toxicity Test) နှင့် အစာအိမ်တွင် သက်သာမှုရှိ/မရှိ Anti-peptic ulcer activity ကို ဆောင်ရွက်ထားပြီး သုတေသနတွေ့ရှိချက်များအရ ကမ်းဇော်ဆီကို ကြွက်ဖြူကလေးများနှင့် စမ်းသပ်ရာတွင် လတ်တလောအဆိပ် မရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ ကြွက်ဖြူကြီးများနှင့် စမ်းသပ်ရာတွင်လည်း အစာအိမ်ကိုသက်သာစေသည့် အာနိသင် Anti-peptic ulcer activity ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သုတေသနတွေ့ရှိချက်များကို ၂၀၀၄ ခုနှစ်က ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်သောစာတမ်း ဖတ်ပွဲတွင်လည်း ဖတ်ကြား ပါကြောင်း၊ Publication အနေဖြင့် လုပ်ထားပါကြောင်း၊
ဒေါက်တာမိုးမိုးလွင်သည် တွဲဖက်ပါမောက္ခ (ရုက္ခဗေဒ) အနေဖြင့် လားရှိုးတက္ကသိုလ်တွင် လုပ်ပါကြောင်း၊ ကုန်းကမ်းဇော်နှင့် ရေကမ်းဇော်နှစ်မျိုးကို သားအိမ်ခေါင်းကင်ဆာအတွက် စမ်းသပ်နေပါကြောင်း၊ China Scholarship Council Scholarship Program ဖြင့် ၂၀၁၆-၁၇ ခုနှစ် သွားရောက်စဉ်က အတွေ့အကြုံယူပြီး Hela Cell Line ဖြင့် စမ်းသပ်အောင်မြင်နေခြင်း ဖြစ်ပါကြောင်း၊ Hela Cell Line ဆိုသည့် အမျိုးသမီးသည် John Hospital တွင် ၁၉၅၁ ခုနှစ်တွင် ကျောက်ကပ်ကင်ဆာဖြင့် သေသွားပါကြောင်း၊ ၎င်းကျောက်ကပ်က ထွက်သည့်ဆဲလ်များသည် ကျန်သည့်လူများ မတူပါကြောင်း၊ မိမိတစ်ခုတင်ပြချင်သည်မှာ သုတေသနကို ဆက်လုပ်မည်၊ အဓိက သုတေသန လုပ်သည့်အခါ Acute Toxic ချက်ချင်းဖြစ်သည့် Toxicity နှင့် Chronic Toxicity ၊ Long Term Side-effect များကို လေ့လာရပါကြောင်း၊ သို့သော် ငါးနှစ်နေသည့်အခါ Side-effect များ အများကြီးရလေ့ ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အများကြီးလေ့လာရပါကြောင်း၊ လေ့လာသည့်အခါ တိုင်းရင်းဆေးကို အားပေးနေပါကြောင်း၊ တိုင်းရင်းဆေးသည် သုတေသနလုပ်မှသာလျှင် ကမ္ဘာ့အလယ် လက်မထောင်ပြီး ရဲရဲတင်းတင်းပြောနိုင်ပါမည်၊ သုတေသန Data ကို Analysis လုပ်ရန် မသိလျှင် Triple Blind ခေါ်ပါကြောင်း၊ ၎င်းအမျိုးအစားကို Study လုပ်ပြီးမှ ကမ်းဇော်ဆီသည် တကယ် ထိရောက်ခြင်းလား အဆိုအရဆိုလျှင် ပြော၍မရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အနောက်နိုင်ငံများကဲ့သို့ ဆေးတစ်မျိုးထွက်ရန် ၂.၅ ဘီလီယံ ဒေါ်လာခန့်ကျပါကြောင်း၊ မိမိတို့က တစ်ဘီလီယံတောင် မပေးနိုင်သည့် တိုင်းရင်းဆေးကို Clinical Trail များတွင် ယခုကဲ့သို့ ပိုက်ဆံမကုန်ပါကြောင်း၊ တကယ်သာ အကျိုးရှိမည်ဆိုလျှင် စိုက်ပျိုးရေးနှင့်လည်းပေါင်းပြီး ကမ်းဇော်ဆီအပင်များကို ကူစိုက်ရန်လုပ်ပါကြောင်း၊ အာနိသင်များကိုမသိဘဲ စိုက်မည်ဆိုပါက ငွေကုန်ရကျိုးလည်း မနပ်ပါကြောင်း၊ ယခုကဲ့သို့ သုတေသနလုပ်ရန်လည်း ၂၀၁၆-၁၇ ခုနှစ်တုန်းက One Billion ကျပ် ရပါကြောင်း၊ ခြောက်လတွင် 0.5 Billion ကျပ်ရပါကြောင်း၊ ယခုလာမည့် ၂၀၁၈-၁၉ တွင်လည်း 1.5 Billion ကျပ်ရပါကြောင်း၊ ၎င်းကမ်းဇော်ဆီလုပ်ငန်းတွင် သုံးရန် ဆုံးဖြတ်ထားပြီး ဖြစ်ပါကြောင်း၊ သုတေသနပညာရှင်နှစ်ဦးနှင့်လည်း မကြာခင်ဆက်သွယ်ပါမည်။ ကမ်းဇော်ဆီနှင့် ပတ်သက်ပြီး လတ်နောင်းတွင်ရှိသည့် အိန္ဒိယက တော်တော်တိုးတက်နေပါကြောင်း၊ ကင်ဆာနှင့်ပတ်သက်ပြီး အမျိုးသမီးသားအိမ်ခေါင်း ကင်ဆာအတွက်ကိုလည်း ကမ်းဇော်ဆီသည် အမှန်တကယ် effective ဖြစ်မဖြစ်နှင့် ဖြစ်မယ်ဆိုလျှင်လည်း မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိသော ကိစ္စရပ်တစ်ရပ် ဖြစ်မည့်အတွက် မိမိအနေဖြင့် သုတေသနဆက်လက်လုပ်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
