ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၃.၈.၂၀၁၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၀ )ဦးအနက် (  ၃၆၇ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)   ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း

          (၁)    ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်က မေးမြန်းသော ကမ်းဇော်ဆီသည် ပြည်သူအများ ယုံကြည်သလို ကျန်းမာရေးအတွက် အမှန်ကောင်းမွန်စေနိုင်ခြင်း ရှိ၊ မရှိနှင့် အမှန်အကျိုးပြုလျှင် လူသားများ ခံစားနေရသည့် ရောဂါဆိုးများအား ကာကွယ် ကုသရေးတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ရေး၊ နိုင်ငံခြားငွေ တိုးချဲ့ရှာဖွေ နိုင်ရေး၊ ပြည်သူများ ဝင်ငွေတိုးတက်လာရေး၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ လူသားအကျိုးပြု ဆေးဘက်ဝင်အပင် တိုးချဲ့စိုက်ပျိုးနိုင်ရေး သုတေသနပြု   ဆောင်ရွက်ထားခြင်း ရှိ၊ မရှိကို သိလိုခြင်း  မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမားရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ အတွက် အလွန်အကျိုးရှိသော ကိစ္စရပ်တစ်ရပ် ဖြစ်သည့်အတွက် သုတေသန ဆက်လက်လုပ်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၂)    ဦးကျော်ဆွေဝင်း၊ ကော့မှူးမဲဆန္ဒနယ်က မေးမြန်းသော ကော့မှူးမြို့နယ်ရှိ လူကြီး လူငယ်များ အားကစားနှင့်ကျန်းမာရေး လေ့ကျင့်မှုအတွက် အားကစားကွင်းအား အဆင့်မြှင့်တင်၍ သန့်ရှင်းသော အားကစားလေ့ကျင့်ရာ နေရာတစ်ခု ဖြစ်ပေါ်လာ စေရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမားရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြို့နယ် အားကစားကွင်းအားပြုပြင်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လျာထားတင်ပြထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၃)    ဦးခွန်မောင်သောင်း၊ ပင်လောင်းမဲဆန္ဒနယ်က မေးမြန်းသော ပင်လောင်းမြို့နယ်၊ တီကျစ်တိုက်နယ်ဆေးရုံအား လက်ရှိအဆောက်အဦနှင့် လူနာမမျှတ၍ လူနာဆောင် အဆောက်အဦတစ်ခု ထပ်မံဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လူနာတိုးချဲ့ဆောင်အတွက် ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တို့တွင် ခွဲဝေလျာထားတင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၄)    ဒေါ်နန်းမိုး၊ မန်တုံမဲဆန္ဒနယ်က မေးမြန်းသော မန်တုံမြို့နယ် မြို့နယ်ပြည်သူ့ ဆေးရုံ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်စာရင်းတွင် အမှန်တကယ် အသုံးပြုခြင်းမရှိဟု ကြားသိရသော ငွေစာရင်းခေါင်းစဉ်သေး (မူလခေါင်းစဉ်သေး ကလေး)အား ပြန်လည်စိစစ်ရန် အစီအစဉ် ရှိ၊ မရှိနှင့် အကယ်၍ အမှန်တကယ် အသုံးမပြုဘဲ နိုင်ငံတော်ဘဏ္ဍာမှ စာရင်းတင်တောင်းထားကြောင်း ပေါ်ပေါက်ပါက အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကနဦး စစ်ဆေးခြင်း (PE)၊ ဌာနဆိုင်ရာ စစ်ဆေးခြင်း (DE)တို့ကိုဆောင်ရွက်ပြီး အရေးယူ သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၅)    ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ်က မေးမြန်းသော လွိုင်လင်မြို့နယ် တန့်အယ် ကျေးရွာအုပ်စု၊ ကုန်းကျောင်းရွာတွင် ကျေးလက်ကျန်းမားရေးဌာနခွဲတစ်ခု ဖွင့်လှစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၆)    ဦးသိန်းထွန်း၊ ကျောင်းကုန်းမဲဆန္ဒနယ်က မေးမြန်းသော ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံ ခုတင်(၅၀)ဆံ့အား ခုတင်(၁၀၀)ဆံ့ ဆေးရုံအဖြစ် တိုးချဲ့မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုးမြှင့် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

( ခ )  ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

          အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက်  ၂၃  ချက်ကို သဘောတူညီခဲ့ပြီး သဘောကွဲလွဲသည့် ၁၂ ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

( ဂ )  အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

          ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ်က တင်သွင်းသည့် စိုက်ပျိုးရေး စက်ကိရိယာများ အပြည့်အဝ မတင်သွင်း မသုံးစွဲနိုင်ခင်မှာ ရာသီအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်စေရန် လယ်ယာတွင် အသုံးပြုနေသော ခိုင်းကျွဲ၊ နွားများအား ပြင်ပသို့ တင်ပို့ရောင်းချနေခြင်းအား ကန့်သတ် တားမြစ်ပေးပါရန်နှင့် မှန်ကန်စွာ ကူညီထောက်ပံ့ ဖြေရှင်းပေးပါရန် ပြည်သူ့လွှတ်တော်မှ အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၁၆)ဦးမှ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်ဆန္ဒမဲများသည့်အတွက် လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။      အစည်းအဝေးကို မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပမည့်ရက်ကို  ၆.၈.၂၀၁၈ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။