(စ)-လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များအတွက် မြေငှားဂရန်ထုတ်ပေးရေးနှင့်ပတ်သက်၍ ဂရန်ပေးရေးစီမံချက်အတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂.၈.၂၀၁၈)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်သည် ၆-၃-၁၉၇၉ ရက်နေ့တွင် မီးလောင်ကျွမ်းခံ ခဲ့ရပါကြောင်း၊ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးမောင်မောင်ခက ၎င်းရပ်ကွက်ကို သက်ဆိုင်ရာဌာနဆိုင်ရာများက မည်သည်‌့စီမံကိန်းမျှ ဆောင်ရွက်ရန်မရှိသဖြင့် ၎င်း၏မဲဆန္ဒရှင်များကို ပြန်လည်နေရာချထားပေးရန် ညွှန်ကြားခဲ့ပါကြောင်း၊ အဆိုပါညွှန်ကြားချက်နှင့်အတူ မြို့နယ်ပြည်သူ့ ကောင်စီ၊ မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်‌ ပြည်သူ့အင်အား ဦးစီးဌာနတို့မှ လမ်းနယ်များစနစ်တကျ ရေးဆွဲဖော်ထုတ်ပြီး (၂၃ ပေ x  ပေ ၄၀) အကျယ်ရှိ မြေကွက်များကို ပြန်လည် နေရာချထားပေးခဲ့ပါသော်လည်း မြေဂရန်ပါမစ်ထုတ်ပေးရန် ကျန်ရှိနေပါသဖြင့် မြေဂရန်ထုတ်ပေးရေးနှင့် ပတ်သက်ပြီး ၂၄-၉-၂၀၁၃ ရက်နေ့တွင် လှိုင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးကိုယ်စားလှယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ရာတွင် စည်ပင်သာယာရေးဝန်ကြီးမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ လှိုင်မြို့နယ် အမှတ် (၁) ရပ်ကွက် ပြည်သူများအတွက် နှစ် ၆၀ ဂရန်ချထားပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၄) သို့တင်ပြခဲ့ရာ ၃-၄-၂၀၁၄ ရက်နေ့တွင် ဆုံးဖြတ်ချက် အပိုဒ် ၂၇ အရ မူအားဖြင့် သဘောတူခဲ့ပါကြောင်း၊ အဆိုပါမြေကွက်ပေါ်နေထိုင်သူများမှ ‌မြေဂရန်ရရှိရေး လျှောက်ထားလာမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၅) ဆုံးဖြတ်ချက် အပိုဒ် ၈ အရ ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးကော်မတီမှ မြေဂရန်ရရှိရေး ဆက်လက် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရည်ညွှန်း (၁) ပါစာဖြင့် လွှဲပြောင်းပေးအပ်သော မြေတိုင်းမြေကွက် အမှတ် (၁၃/ကမာရွတ်) အမည်ဖြင့် မြေကွက် ၂၁ ကွက်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အမည်ပေါက်မြေကွက် ၁၇ ကွက် စုစုပေါင်းမြေကွက် ၃၈ ကွက်အတွင်း နေထိုင်လျက်ရှိသော အိမ်ထောင်စု ၁၃၀၀ ခန့်ကို နှစ် ၆၀ မြေဂရန်ချထားပေးရေး၊ Block Map ရေးဆွဲ ရေး၊ မြေပေါ်နေထိုင်ပိုင်ဆိုင်သူများ၏ စာရင်းကို အတည်ပြုခြင်း၊ ဂရန်ပေးရေးစီမံချက်အဖွဲ့ကို အတည်ပြုခြင်းများကို ဆက်လက်ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ၂၉-၁၀-၂၀၁၇ ရက်နေ့တွင် တင်ပြခဲ့ရာတွင် ၃၀-၁၁-၂၀၁၇ ရက်နေ့တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄၂/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် ၃၂ အရ တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုမှ ပြန်လည်စိစစ်ရေးကော်မတီက စစ်ဆေးပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြားခဲ့ပါကြောင်း၊ ဂရန်ပေးရေးစီမံချက်အတိုင်း ဆောင်ရွက်မှုရပ်ဆိုင်း သွားခဲ့ပါကြောင်း၊ လှိုင်မြို့နယ်အမှတ် (၁) ရပ်ကွက်သည် ၁၉၇၉ ခုနှစ်ကတည်းက စနစ်တကျနေရာချထားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြေဂရန်ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်လည်း စည်ပင်သာယာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကတိပြုဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ သိမ်းဆည်းခံမြေလည်း မဟုတ်ပါကြောင်း၊ ဘာမှပတ်သက်ခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ပြည်သူများအတွက် နှစ် ၆၀ မြေဂရန် ထုတ်ပေးရေးနှင့်ပတ်သက်၍ ဂရန်ပေးရေးစီမံချက်အတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်များသည် ၆-၃-၁၉၇၉ ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ပါကြောင်း၊ ထိုသို့ မီးလောင်ကျွမ်းပြီးနောက် မူလနေထိုင်သူများအား ပြန်လည်နေရာ ချထားပေးရန်အတွက် လှိုင်မြို့နယ်ပြည်သူ့ကောင်စီ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ လမ်းနယ်များကို စနစ်တကျရေးဆွဲဖော်ထုတ်၍ (၂၃ ပေ x ၄၀ ပေ) အကျယ်ရှိမြေကွက်များ ချထားဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်နေရာ ချထားသည့် အချိန်တွင် ကျူးလွန်ခြင်းပြေစာ သို့မဟုတ် နေထိုင်ရန်မြေချပါမစ် တစ်စုံတစ်ရာဖြင့် နေရာချထားပေးခြင်း မရှိကြောင်း သိရှိရပါကြောင်း၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ နေထိုင်သူများအား မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် မီးလောင်ရာတွင်ပါဝင်သည့် မြေများအားစိစစ်ခဲ့ရာ လူပုဂ္ဂိုလ်အမည်ပေါက် လိုင်စင် (သက်တမ်းကုန်) မြေ/ နှစ် ၆၀ ဂရန်မြေ/မြေလပ်‌မြေဧရိယာ ၆.၂၈၁ ဧက၊ အမည်ပေါက်-အစိုးရ၊ မြေအမျိုးအစား-အစိုးရမြေဧရိယာ ၁၅.၉၀၁ ဧက၊ နိုင်ငံခြားသားအမည်ပေါက် မြေဧရိယာ ၂.၅၈၉ ဧက၊ ဦးတိလောက အမည်ပေါက်အခွန်လွတ် သာသနာမြေဧရိယာ ဝ.၉၈၇ ဧက စုစုပေါင်းဧရိယာ ၂၅.၇၅၈ ဧကဖြစ်ကြောင်း မြေရာဇဝင်များအရ တွေ့ရှိရပါကြောင်း၊ အခွန်လွတ်သာသနာ့မြေနှင့်‌ စပ်လျဉ်း၍ ထပ်မံစိစစ်ခဲ့ရာ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဇေယျမင်္ဂလာလမ်းရှိ ဇေယျမင်္ဂလာကျောင်းတိုက် မြေတိုင်းရပ်ကွက် အမှတ် (၁၃)၊ မြေကွက်အမှတ် (၅၉/ဆ)၊ မြေဧရိယာ ဝ.၉၈၇ ဧကအား ဦးတိလောက အမည်ဖြင့် ၁၉၉၄ ခုနှစ်က အခွန်လွတ်သာသနာမြေအဖြစ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရှိရပါကြောင်း၊

လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်နေ ပြည်သူများအား နှစ် ၆၀ မြေငှားစာချုပ် (ဂရန်) ချထားပေး နိုင်ရေးနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ၃-၄-၂၀၁၄ ရက်တွင် ကျင်းပ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၄) ဆုံးဖြတ်ချက်အပိုဒ် ၂၇ အရ မူအားဖြင့်သဘောတူကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အကြောင်းကြားခဲ့ပါကြောင်း၊ ထိုသို့အကြောင်းကြားမှုအရ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်‌မြေစီမံခန့်ခွဲမှုဌာနမှ ဂရန်ပေးရန်အတွက် ထုတ်ပေးခဲ့သော သတ်မှတ်ပုံစံများတွင် ငယ်စာရင်းအား တိကျမှန်ကန်စွာ ဖြည့်သွင်းပေးနိုင်ရေး လှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဂရန်ရရှိရေးကော်မတီတို့မှ ပူးပေါင်းကောက်ခံရရှိသည့် ငယ်စာရင်း (၃) စုံအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ လှိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပေးပို့ခဲ့ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေ စီမံခန့်ခွဲမှုဌာနမှ အမှတ် (၁) ရပ်ကွက် ဂရန်ပေးရေးစီမံချက် Block Map ရေးဆွဲခွင့်ပြုရေး၊ မြေပေါ်နေထိုင်ပိုင်ဆိုင်မှု စာရင်းများအားအတည်ပြုရေး၊ နှစ် ၆၀ မြေငှားစာချုပ် (ဂရန်) ထုတ်ပေးနိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဖွဲ့စည်းထားသော ဂရန်ပေးရေး စီမံချက်အဖွဲ့အား အတည်ပြုပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့မှုအပေါ် ၃၀-၁၁-၂၀၁၇ ရက်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄၂/၂၀၁၇)၊ ဆုံးဖြတ်ချက် အပိုဒ် ၃၂ တွင် တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများအား ပြန်လည်စိစစ်ရေးကော်မတီမှ စစ်ဆေးပြီးမှ ဆက်လက်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၇-၁၂-၂၀၁၇ ရက်စွဲပါစာဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အကြောင်းကြားခဲ့ပါကြောင်း၊ သို့သော် ၂၄-၅-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၁/၂၀၁၈)၊ ဆုံးဖြတ်ချက်အပိုဒ် ၉၈ အရ ဦးသစ္စာ (ဌာနမှူး၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော အဖွဲ့ဝင်ခုနစ်ဦးဖြင့် မီးလောင်ပြင်မြေပြင်နေရာပြန်လည် စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိနေအိမ်များအတွက် မြေငှားဂရန်ထုတ်ပေးရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးခဲ့သော မီးလောင်ပြင်မြေနေရာ ပြန်လည်စိစစ်ရေးကော်မတီမှ မီးလောင်ပြင်မြေနေရာတွင် နေထိုင်သူများ၏ ပိုင်ဆိုင်မှုအတိုင်း နှစ် ၆၀ မြေငှားစာချုပ် (ဂရန်) ထုတ်ပေးနိုင်ရေးအတွက် စနစ်တကျစိစစ်၍ ဂရန်ပေးရေး စီမံချက်အတိုင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။