(ခ)-၂၀၁၇-၂၀၁၈ ခုနှစ်၌ ကျင်းပခဲ့သည်‌့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ပွဲများတွင် မည်သည့်ငွေစာရင်းခေါင်းစဉ်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂.၈.၂၀၁၈)

 

(ခ)-၂၀၁၇-၂၀၁၈ ခုနှစ်၌ ကျင်းပခဲ့သည်‌့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ပွဲများတွင် မည်သည့်ငွေစာရင်းခေါင်းစဉ်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့ပါသနည်း၊ နောင်တွင် ကျင်းပမည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးချယ်ပွဲများတွင် အဆင်ပြေစွာ ကျင်းပဆောင်ရွက်သွားနိုင်ရန် ဘဏ္ဍာငွေစာရင်းခေါင်းစဉ် သီးသန့်ခွဲဝေချမှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် သက်ဆိုင်ရာကျေးရွာတာဝန်ခံများကိုလည်း ချီးမြှင့်ထောက်ပံ့ငွေ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဒီမိုကရေစီလမ်းစဉ်အရ အများပြည်သူ ပါဝင်သော ရွေးကောက်တင်မြှောက်ပွဲများသည် အဓိကကျသော အခန်းကဏ္ဍ၌ပါဝင်လာပြီး အဆင့်ဆင့်သော ရွေးချယ်တင်မြှောက်ပွဲနှင့် ရွေးကောက်ပွဲများကို လိုအပ်လျှင် လိုအပ်သကဲ့သို့ ကျင်းပဆောင်ရွက် သွားနေရမည် ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း အောက်ခြေအဆင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ဥပဒေနှင့်ညီညွတ်စေရန် ပြန်လည်ရွေးချယ်ခဲ့ပါကြောင်း၊ ထိုသို့ရွေးချယ်ရာတွင် ပြည်သူကတိုက်ရိုက် ရွေးချယ်သောစနစ် ပေါ်ပေါက်လာစေရန် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်း နေထိုင်သော ရပ်မိရပ်ဖငါးဦးကို ကြီးကြပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းပြီး တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ၎င်းကြီးကြပ်ရေးအဖွဲ့က ဆယ်အိမ်စုအဖွဲ့၊ ရာအိမ်စုအဖွဲ့များမှတစ်ဆင့် အုပ်ချုပ်ရေးမှူးကောင်းတစ်ယောက် ထွက်ပေါ်လာသည်အထိ တာဝန်ယူဆောင်ရွက် ပေးခဲ့ကြပါကြောင်း၊ ဆက်သွယ်သွားလာရေး လွယ်ကူသော ရပ်ကွက်နှင့်ကျေးရွာအုပ်စု အဆင့်များတွင် ကြီးကြပ်ရေးမှူးငါးဦးအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ စီစဉ်သွားလာဆောင်ရွက်သည့် နေရာတွင် အခက်အခဲ မရှိသော်လည်း ဆက်သွယ်သွားလာရေးခက်ခဲသည့် ဒေသမ‌ျားဖြစ်သည့် မြစ်ဝကျွန်းပေါ်ဒေသ၊ တောင်ပေါ်ဒေသ၊ ကျေးရွာအုပ်စုကျယ်ပြန့်သည့် ဒေသများတွင် ရက်ရှည်ခရီးစဉ်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့သို့သွားလာ ဆောင်ရွက်ကြသည့် နေရာတွင် နေထိုင်စားသောက်စရိတ်များ၊ ဆိုင်ကယ်ဆီဖိုး၊ မော်တော်ယာဉ်ခများကို မိမိတို့ကိုယ်ပိုင် ငွေကြေးများဖြင့် သုံးစွဲကြရသည့်အပြင် ရွေးကောက်ပွဲ အစမှအဆုံးအထိ စာရွက်စာတမ်းကြေးများ၊ ကွန်ပျူတာမိတ္တူ ကိစ္စများပါ သုံးစွဲကြရမည် ဖြစ်ပါကြောင်း၊ ရွေးကောက်တင်မြှောက်ပွဲဆိုင်ရာ နည်းဥပဒေများ ထွက်ပေါ်ခြင်း မရှိသေးသည့်အတွက် အထူးသတိကြီးစွာဖြင့် ဆောင်ရွက်ခဲ့ကြသည့် ပွဲတစ်ပွဲဖြစ်ပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့် အုပ်ချုပ်ရေးမှူးများသည် အစိုးရအဖွဲ့၏ အောက်ခြေအဆင့် ယန္တရားဖြစ်ပြီး ပြည်သူလူထုနှင့် နေ့စဉ်ထိတွေ့ ဆက်ဆံနေရသော ပုဂ္ဂိုလ်များ ဖြစ်ကြပါကြောင်း၊  ပြည်သူလူထုမှ ဝိုင်းဝန်းရွေးချယ်သော အရည်အချင်းပြည်‌့ဝသည့် အုပ်ချုပ်ရေးမှူး ကောင်းများ ထွက်ပေါ်လာစေရေးအတွက် ဤအောက်ခြေအဆင့် ရွေးကောက်ပွဲများသည် အဓိကကျသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်နေပါကြောင်း၊ ထို့ပြင် ကျေးရွာအုပ်စုအဆင့်များတွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် ကျေးရွာတာဝန်ခံ သို့မဟုတ် ရွာသူကြီးများသည်လည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကိုယ်စား မိမိတို့ကျေးရွာအလိုက် တာဝန်ယူဆောင်ရွက် ကြရသည့်အတွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများထက် တာဝန်ပိုသည့်အတွက် ချီးမြှင့်ထောက်ပံ့ကြေးများလည်း ခံစားခွင့်ရရှိသင်‌့သည်ဟု ယူဆမိသည့်အတွက် ၂၀၁၇-၁၈ ခုနှစ်တွင် ကျင်းပခဲ့သည်‌့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အဆင့်အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ပွဲတွင် မည်သည့်ငွေစာရင်းခေါင်းစဉ်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့ပြီး နောင်တွင်ကျင်းပမည်‌့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးချယ်ပွဲများတွင် အဆင်ပြေစွာကျင်းပ ဆောင်ရွက်သွားနိုင်ရန် ဘဏ္ဍာငွေစာရင်းခေါင်းစဉ် သီးသန့်ခွဲဝေချမှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် သက်ဆိုင်ရာကျေးရွာ တာဝန်ခံများကိုလည်း ချီးမြှင့်ထောက်ပံ့ငွေများ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၂၀၁၇-၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ၁၇-၁၀-၂၀၁၇ ရက်စွဲပါစာဖြင့် ညွှန်ကြားချက်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုအား တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁-၁၀-၂၀၁၁ ရက်နေ့မှစ၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးများ၏  ဘဏ္ဍာငွေအရ/အသုံး ကိစ္စရပ်များကို ပြည်ထောင်စုဘဏ္ဍာငွေ အစီအစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်၏ ဘဏ္ဍာငွေအရ/အသုံး ကိစ္စရပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရုံးချုပ်) ၏ ၈-၇-၂၀၁၂ ရက်စွဲပါစာဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့်ထောက်ပံ့ငွေ ၇၀၀၀၀ ကျပ်နှုန်းဖြင့် ၀၁-၀၂ စရိတ်ချီးမြှင့်ငွေ ခေါင်းစဉ်အောက်မှလည်းကောင်း၊ အုပ်ချုပ်ရေးမှူးရုံး တစ်ရုံး၏ ရုံးအသုံးစရိတ်အား ကျပ် ၅၀၀၀ နှုန်းဖြင့် ၀၃ ပစ္စည်းလုပ်အားခခေါင်းစဉ် အောက်မှ လည်းကောင်း ချီးမြှင့်ထောက်ပံ့ရန် ညွှန်ကြားခဲ့ပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်မည့် ကုန်ကျစရိတ်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၂၉ အရ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အလိုက် လစဉ်ပုံမှန် ခွဲဝေချထားပေးသည့် ငွေစာရင်းခေါင်းစဉ် ၀၃ မှ ကျခံသုံးစွဲ နိုင်ပါကြောင်း၊ အဆိုပါ ငွေစာရင်းခေါင်းစဉ် ၀၃ အောက်တွင်ရှိသည့် ငွေစာရင်းခေါင်းစဉ်ခွဲများမှ ၀၃-၀၁ လုပ်အားခ၊ ၀၃-၀၃ ငှားရမ်းခ၊ ၀၃-၀၄ သယ်ယူပို့ဆောင်ခ၊ ၀၃-၀၅ ရုံးအသုံးအဆောင်၊ ၀၃-၀၆ ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ၊ ၀၃-၀၇ တံဆိပ်ခေါင်း၊ ကြေးနန်း၊ တယ်လီဖုန်း၊ ၀၃-၀၈ လျှပ်စစ်ဓါတ်အားခ၊ ၀၃-၀၉ စာအုပ်စာနယ်ဇင်းသတင်းစာ၊ ၀၃-၂၀ ပုံနှိပ်ခစသည်တို့ ဖြစ်ကြပါကြောင်း၊ ထို့အပြင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲများတွင် အဆင်ပြေစွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၁-၄-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၁၇) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့သည့် ဘဏ္ဍာရေးစည်းမျဉ်း စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းအပိုဒ် ၅၅ အပိုဒ်ခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးသည်‌့ဌာန၊ အဖွဲ့အစည်း၏ အသစ်ဖြစ်သည့် အသုံးစရိတ်များ ကျခံနိုင်ရန် လိုငွေကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ အခြားငွေစာရင်းခေါင်းစဉ်တစ်ခု အောက်ရှိပိုလျှံငွေမှ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရန်ပုံငွေလွှဲ‌ွပြောင်းသုံးစွဲနိုင်ပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန် ဘဏ္ဍာရေးရန်ပုံငွေ တင်ပြတောင်းခံမှုမပြုလုပ်မီ ကြိုတင်သိရှိပါက ငွေလုံးငွေရင်းအသုံးစရိတ်တွင် ထည်‌့သွင်းတင်ပြ တောင်းခံ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ကျေးရွာတာဝန်ခံများအား ချီးမြှင့်ထောက်ပံ့ငွေ သတ်မှတ်ပေးရန် ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းမရှိခြင်း ဖြစ်ပါကြောင်း၊ သို့ပါ၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲတွင် ကျခံသုံးစွဲရမည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ကျခံသုံးစွဲလျက်ရှိပါသဖြင့် သီးသန့်ငွေစာရင်းခေါင်းစဉ် သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ကျေးရွာတာဝန်ခံများအား ချီးမြှင့်ထောက်ပံ့ငွေ သတ်မှတ်ပေးရန် ပြဋ္ဌာန်းထားခြင်းမရှိသဖြင့် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။