(က)-တိုင်းရင်းမီဒီယာများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားသတင်းမီဒီယာကျောင်း(ကောလိပ်) ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂.၈.၂၀၁၈)

ပထမဦးဆုံးအကြိမ် တိုင်ရင်းမီဒီယာညီလာခံကို မော်လမြိုင်မြို့တွင် ၂၀၁၃ ခုနှစ်က ကျင်းပခဲ့ပါကြောင်း၊ နှစ်စဉ်ဆက်တိုက် ချင်းပြည်နယ် (ဟားခါး)၊ ရှမ်းပြည်နယ် (တောင်ကြီး)၊ ရခိုင် ပြည်နယ် (မြောက်ဦး)၊ ကယားပြည်နယ် (လွိုင်ကော်) တို့တွင် ကျင်းပလာခဲ့ပြီး ဆဋ္ဌမအကြိမ် ညီလာခံကို ကရင်ပြည်နယ် (ဘားအံ) တွင် ၂၇-၄-၂၀၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် လာမည့်ညီလာခံကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ကျင်းပမည် ဖြစ်ပါကြောင်း၊ ဘားအံညီလာခံကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့လည်း တက်ရောက်မိန့်ခွန်း ပြောခဲ့ပါကြောင်း၊ ညီလာခံတွင် တိုင်းရင်းသားပေါင်းစုံ မီဒီယာသမားများ၊ ပြည်တွင်း/ပ မြန်မာ့မီဒီယာများ၊ အလှူရှင်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ညီလာခံ၏ဆောင်ပုဒ်က တိုင်းရင်းမီဒီယာ ရေရှည်တည်တံ့ရေးနှင့် မီဒီယာအသင်းမြှင့်တင်ရေး ဖြစ်ပါကြောင်း၊ ထိုညီလာခံတွင် တိုင်းရင်းမီဒီယာများ ရင်ဆိုင်နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရိုသားပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါကြောင်း၊ ပထမအကြိမ် မော်လမြိုင်ညီလာခံတွင် တိုင်းရင်းသား မီဒီယာအဖွဲ့များသည် နယ်စပ်ဒေသနှင့် တစ်ဖက်နိုင်ငံတွင် ရှိနေကြပါကြောင်း၊ ယခု ပွင့်လင်းလာသည်နှင့်အတူ မိခင်နယ်မြေကို ပြန်ရောက်ပြီး ဒေသအရေး၊ တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးများကို အခက်အခဲမျိုးစုံကြားက ကိုယ်စွမ်းရှိသမျှ လုပ်ဆောင်နေကြပါကြောင်း၊ တိုင်းရင်းမီဒီယာ ရေရှည်တည်တံ့ရေးဆိုသည်မှာ ဖွံ့ဖြိုးမှုနောက်ကျသည့် တိုင်းရင်းသား ဒေသများအတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုဖြစ်ပါကြောင်း၊ မိမိတို့၏ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ Identity ကို ပင်ပန်းကြီးစွာ ထိန်းသိမ်းတည်ဆောက် နေရသည်လည်း ဖြစ်ပါကြောင်း၊ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုးဆိုသော်လည်း ရေရှည်တည်တံ့ရန် အခက်အခဲအများကြီး ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဆီက ပံ့ပိုးကူညီမှုသည် နေရာတိုင်းမကောင်းပါကြောင်း၊ နိုင်ငံရေးရှုပ်ထွေးချိန်ကာလများတွင် စေတနာသန့်သန့်နှင့် ကူညီသည်ဆိုသော်လည်း နိုင်ငံရေးအရ အသုံးချ အမြတ်ထုတ်ခြင်းများ ဖြစ်သွားနိုင်ပါကြောင်း၊ တိုင်းရင်းသားများအတွက် ပုံနှိပ်မီဒီယာသတင်း ဂျာနယ်ထုတ်ဝေခြင်း၊ အသံလွှင့်မီဒီယာ ဒေသန္တရ FM လွှင့်ခြင်းဆိုသည်မှာ ငွေကြေးနှင့်နည်းပညာ အခက်အခဲရှိပြီး FM ဥပဒေကလည်း ရှိသေးပါကြောင်း၊ တိုင်းရင်းသားများအတွက် မီဒီယာဆိုသည်မှာ မရှိမဖြစ်အရာ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုထဲတွင် စုပေါင်းနေထိုင်သူများ ဖြစ်သည့်အတွက် တန်းတူ သွေးစည်းချစ်ကြည်သော ဖွံ့ဖြိုးသည့်ဖက်ဒရယ် ပြည်ထောင်စုသည် မိမိတို့၏အိပ်မက် ဖြစ်ပါကြောင်း၊ ဗမာမီဒီယာ၊ ရှမ်းမီဒီယာ၊ ရခိုင်မီဒီယာ၊ ချင်းမီဒီယာ လူမျိုးပေါင်းစုံမီဒီယာများသည် ပြည်ထောင်စု ပန်းဥယျာဉ်ထဲတွင် ရောင်စုံဖူးပွင့်သင်းပျံ့နေရန်လည်း လိုပါကြောင်း၊ ရှမ်းမီဒီယာနှင့်အတူ ပအိုဝ်း၊ ပလောင်မီဒီယာ၊ ရခိုင်မီဒီယာနှင့်အတူ မြို၊ ခမီး၊ ဒိုင်းနက်၊ သက်မီဒီယာများ ဖူးပွင့်နေရပါမည်။ အရည်အချင်းပြည့်ဝသည့် ပင်လုံစိတ်ဓာတ်ကို ရင်ဝယ်ကိန်းအောင်းနေသည့် မီဒီယာမျိုးဆက်များ စနစ်တကျ ပေါ်ထွန်းလာရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ ၎င်းတို့သည် ဖက်ဒရယ်ခရီးသည်များ၊ ဖက်ဒရယ်သားကောင်းရတနာများ ဖြစ်ပါလိမ့်မည်။ နိုင်ငံတော်အနေနှင့် အထူးသဖြင့် တိုင်းရင်းလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ တာဝန်တစ်ရပ်အနေနှင့် အလေးအနက်ထားရန် အကြံပေးလိုပါကြောင်း၊ တိုင်းရင်းမီဒီယာများကို ပံ့ပိုးကူညီရန် အဘက်ဘက်က လိုအပ်သကဲ့သို့ ကူညီရန်အတွက်လည်း လိုအပ်ပါကြောင်း၊ ခေတ်မီသည့် တိုင်းရင်းသားမီဒီယာ ကောလိပ်တစ်ခု ဖွင့်ရန်လည်း လိုပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားမီဒီယာကောလိပ် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တောင်ပေါ်၊မြေပြန့်ဒေသ အသီးသီးတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော် မှီတင်‌း‌နေထိုင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသား လူမျိုးများ၏ ဒေသအသီးသီးရှိ လူမှုစီးပွားတိုးတက် မြင့်မားရေးအတွက် ဆောင်ရွက်သည့် နေရာတွင် တိုင်းရင်းမီဒီယာများသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါကြောင်း၊ ၂၀၁၂ ခုနှစ် သြဂုတ်လကစပြီး ကြိုတင်စိစစ်သည့် ဆင်ဆာစနစ် (Pre-Publication Censorship) ကို ဖျက်သိမ်းပြီးသည့်နောက်ပိုင်း ပုဂ္ဂလိကမီဒီယာများ၏ အခန်းကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက် လာခဲ့ပါကြောင်း၊ ယခင်က ပြည်ပနှင့်နယ်စပ်ဒေသများတွင် အခြေချခဲ့သည့် တိုင်းရင်းမီဒီယာ အများစု အပါအဝင် မီဒီယာများသည် ပြည်တွင်းသို့ဝင်ရောက် အခြေပြုခဲ့ကြပါကြောင်း၊ တိုင်းရင်းမီဒီယာအချို့ စုပေါင်းပြီး နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (Burma News International-BNI) ကို အဖွဲ့ဝင် ၁၁ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၁၃ ဦးရှိပြီဟု သိရှိရပါကြောင်း၊ BNI အဖွဲ့ဝင် မဖြစ်သေးသည့် တိုင်းရင်းမီဒီယာ အများအပြားရှိနေသေးကြောင်းလည်း သိရှိရပါသည်။ BNI အဖွဲ့က ဦးစီးပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တိုင်းရင်းမီဒီယာ ညီလာခံစုစုပေါင်း (၆) ကြိမ်ကို ပြည်နယ်အသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယင်းညီလာခံများကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရတို့က ပူးပေါင်းအားပေး ကူညီခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ဆက်လက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ တိုင်းရင်းမီဒီယာ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုမှာ မျက်မှောက်ကာလတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင် မီဒီယာဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြားတွင် တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းကို ၁၅-၁၀-၂၀၁၃ ရက်နေ့မှစပြီး တိုင်းရင်းသားဘာသာ ၁၁ ဘာသာဖြစ်သည့် ရခိုင်၊ ရှမ်း၊ ‘ဝ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ လိုင်းဇို (ချင်း)၊ ချိုး (ချင်း)၊ မွန်စသည်တို့ဖြင့် ထုတ်လွှင့်ပေးလျက် ရှိပါကြောင်း၊ ထုတ်လွှင့်ချိန် တစ်သမတ်တည်း မဖြစ်စေရေးအတွက် ၄ လ တစ်ကြိမ် အက္ခရာစဉ်အလိုက် ပြောင်းလဲထုတ်လွှင့် ပေးလျက်ရှိပါကြောင်း၊ အလားတူ မြန်မာ့အသံ (ရေဒီယို) တွင် တိုင်းရင်းသားရေဒီယို အစီအစဉ်ကို တိုင်းရင်းသားဘာသာ ၁၇ မျိုးဖြစ်သည့် ရှမ်း၊ ချင်း၊ ချိုး (ချင်း)၊ ရခိုင်၊ ‘ဝ၊ ကိုးကန့်၊ ပအိုဝ်း၊ ဓနု၊ ကချင်၊ ဂေဘား၊ မွန်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ စကောကရင်၊ ကယား၊ ကယန်း၊ ဂေခိုတို့ဖြင့် ထုတ်လွှင်‌့ပေးလျက် ရှိပါကြောင်း၊ တစ်ချိန်တည်းမှာ ပြန်ကြားရေးဝန်ကြီးဌာန၏ ကိုယ်ပွားသတင်းစာတိုက် (မော်လမြိုင်) တွင် မွန်ဘာသာ၊ စကောကရင်ဘာသာ၊ ပိုးကရင်ဘာသာ၊ ပအိုဝ်းဘာသာတို့ဖြင့် ၁-၈-၂၀၁၄ ရက်နေ့မှစပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရောင်စုံစာမျက်နှာ လေးမျက်နှာဖြင့် မြန်မာ့အလင်းနှင့်ကြေးမုံ သတင်းစာများတွင် ထည့်သွင်းထုတ်ဝေ ဖြန့်ချိပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားကဏ္ဍ (ကချင်ဘာသာ) အချပ်ပိုကို ၉-၉-၂၀၁၇ ရက်နေ့မှစပြီး တစ်ပတ်တစ်ကြိမ် စနေနေ့တိုင်း မန္တလေးကိုယ်ပွား သတင်းစာတိုက်တွင် ပုံနှိပ်ပြီး ကချင်ပြည်နယ်အတွင်း ဖြန့်ချိပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားကဏ္ဍ (မြန်မာဘာသာ) ကို ကြေးမုံသတင်းစာအတွင်း ၃၀-၉-၂၀၁၇ ရက်နေ့ကစပြီး အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေပြီး အချပ်ပိုအဖြစ်ညှပ်ပြီး ဖြန့်ချိလျက်ရှိပါကြောင်း၊ ထိုနည်းတူစွာ ရွှီပြည်ရခိုင်ပုံရိပ် (ရခိုင်ဘာသာ) အချပ်ပိုကို ၂၀-၉-၂၀၁၇ ရက်နေ့ကစပြီး ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ) တွင် ပုံနှိပ်ထုတ်ဝေပြီး ရခိုင်ပြည်နယ်အတွင်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဖြန့်ဝေလျက် ရှိပါကြောင်း၊ ရခိုင်ရွှေမြေအထူးကဏ္ဍ (မြန်မာဘာသာ) ကိုလည်း ၅-၁၀-၂၀၁၇ ရက်နေ့ကစပြီး ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ) တွင် ပုံနှိပ်ပြီးအပတ်စဉ် ကြာသပတေးနေ့တိုင်း ရခိုင်ပြည်နယ်အတွင်း ဖြန့်ဝေလျက်ရှိပါကြောင်း၊

ယခုအစိုးရလက်ထက်တွင် စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုကို အကျဉ်းမျှတင်ပြလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက တာဝန်ယူပြီး တိုင်းရင်းသားလူမျိုးများ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား မီဒီယာကဏ္ဍနှင့် တိုင်းရင်းသားသယံဇာတ ခွဲဝေအသုံးချမှု ကဏ္ဍတို့နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို ၁၈-၁-၂၀၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ၎င်းဖိုရမ်ကို တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီး အဖွဲ့များမှ ကိုယ်စားလှယ်တော်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်တော်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်တော်များ၊ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှ ကိုယ်စားလှယ်တော်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်တော်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် မီဒီယာအသီးသီးမှ ကိုယ်စားလှယ်တော်များ တက်ရောက်ဆွေးနွေး ခဲ့ကြပါကြောင်း၊ ၎င်းဖိုရမ်၏ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားမီဒီယာကဏ္ဍတွင် မီဒီယာနှင့် ပတ်သက်သည့် ဖော်ထုတ်ရရှိချက် (၉) ချက် ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားမီဒီယာ သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးသည်လည်း အချက်အလက်တစ်ခု အပါအဝင် ဖြစ်သည်ဆိုသည်ကို ကိုယ်စားလှယ်ကြီး တင်ပြခဲ့သည့်အတွက် သိရှိပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက တိုင်းရင်းသားမီဒီယာ ရှင်သန်ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားသတင်းမီဒီယာကျောင်း (ကောလိပ်) ဖွင့်လှစ်နိုင်ပါက လျော်ကန်သင့်မြတ်ကောင်းမွန်မှု ရှိပါကြောင်း၊ ဖြေကြားထားပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းမီဒီယာများ ရှင်သန်ဖွံ့ဖြိုးရေး အရေးပါပုံကိုကောင်းစွာ အသိအမှတ်ပြုသော်လည်း တိုင်းရင်းသားသတင်း မီဒီယာကျောင်း (ကောလိပ်) ဖွင့်လှစ်ပေးရန် လောလောဆယ်တွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

တိုင်းရင်းသားသတင်းမီဒီယာ ကောလိပ်ဖွင့်လှစ်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ခြင်းထက် လက်ရှိတွင် သတင်းစာအတတ်ပညာ စနစ်တကျသင်ကြား ပို့ချလျက်ရှိသည့် ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်ခြင်းက ပိုမိုသင့်လျော်ကောင်းမွန်မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တွင် သတင်း အတတ်ပညာဌာန (Journalism Department) ကို စနစ်တကျဖွင့်လှစ်ထားပြီး လေးနှစ်ကြာ သင်ရိုးညွှန်းတမ်းကို ယူနက်စကို၏ ပံ့ပိုးကူညီမှုနှင့် နိုင်ငံတကာအဆင့်မီရေးဆွဲ သင်ကြားပေး လျက်ရှိပြီး သင်တန်းအောင်မြင်သူများကို B.A (Journalism) ဘွဲ့ကို ချီးမြှင့်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားသတင်းမီဒီယာကျောင်း (ကောလိပ်) ဖွင့်လှစ်ရန်ကိစ္စကို ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးများ၏ ပေါင်းစပ်ညှိနှိုင်းမှုနှင့် အကောင်အထည်ဖော်နိုင်ရန် သင့်တော်ပါကြောင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပံ့ပိုးကူညီပေးနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။