(ဃ)-မကျီးကုန်းကျေးရွာအုပ်စု၊ မြောင်းတော်ကျေးရွာမှ မြင်တောင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာသို့ ဆက်သွယ်သွားလာသော ကျေးလက်ဇော်ဂျီမြစ်ချောင်းကူး ဆင်သေ (၅၉ ပေx၁၄ ပေx၁၇ ပေ) တံတားကို အသစ်ပြန်လည်တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ (၃၀.၇.၂၀၁၈)

 

ရပ်စောက်မြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ မြောင်းတော်ကျေးရွာမှ မြင်တောင်ကျေးရွာအုပ်စု၊ ဆင်သေ ကျေးရွာသို့ ဆက်သွယ်သွားလာသော ကျေးလက်ဇော်ဂျီမြစ်ချောင်းကူး ဆင်သေ (၅၉ ပေ x ၁၄ ပေ x ၁၇ ပေ) တံတားကို အသစ်ပြန်လည်တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရပ်စောက်မြို့နယ်၊ မြင်တောင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာသည် အိမ်ခြေ ၂၁၈ အိမ်နှင့် လူဦးရေ ၁၀၀၀ ကျော် နေထိုင်လျက်ရှိပြီး လယ်ဧက ၁၆၀၊ ယာစိုက်ဧက ၂၀၀၀ ကျော်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်း အဓိကထားလုပ်ကိုင်ဆောင်ရွက်သော ကျေးရွာကြီးဖြစ်ပါကြောင်း၊ အဓိကစိုက်ပျိုး သီးနှံများဖြစ်သော စပါး၊ ပြောင်း၊ ပဲစင်းငုံ၊ သရက်စသည့် ဒေသထွက်ကုန်များကို မြို့ဈေးပွဲရုံများသို့ သယ်ပို့ရောင်းချရာတွင် ဇော်ဂျီချောင်းကူးတံတား ဆင်သေသည် အဓိကကုန်ထုတ် တံတားအဖြစ်သော် လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများအကျိုးရှိစွာ အသုံးပြုလျက်ရှိသော ကျေးလက်တံတား ဖြစ်ပါကြောင်း၊ သို့သော်လည်း နှစ်စဉ် ပြုပြင်ပြီးမှ သွားလာနေရပါကြောင်း၊ ယခုအခါ ရေလည်တိုင် ယက်မ၊ မျောများကြံ့ခိုင်မှု အားနည်းလာပြီး အန္တရာယ်ရှိတံတားအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါ၍ အသစ်ပြန်လည်တည်ဆောက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီလတွင် ကျင်းပသော ပထမအကြိမ် ဒသမပုံမှန်အစည်းအဝေးတွင် ဇော်ဂျီမြစ်ချောင်းကူးတံတား (ဆင်သေ) ပြန်လည်ပြုပြင် တည်ဆောက်ပေးနိုင်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်းကိုမေးမြန်း တင်ပြခဲ့သော်လည်း ယနေ့အချိန်အထိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ် မကျီးကုန်းကျေးရွာအုပ်စု၊ မြောင်းတော်ကျေးရွာနှင့် မြင်တောင်ကျေးရွာအုပ်စု ဆင်သေကျေးရွာသို့ ဆက်သွယ်သွားလာသော ကျေးလက်ဇော်ဂျီမြစ် ချောင်းကူးတံတား (ဆင်သေ) အလျား ၅၉ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၇ ပေ တံတားကို အသစ်ပြန်လည် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ ဒေသခံပြည်သူများ၏ကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရပ်စောက်မြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ မြောင်းတော်ကျေးရွာမှ မြင်တောင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာသို့ ဆက်သွယ်ထားသော ဇော်ဂျီချောင်းကူး-ဆင်သေတံတားသည် မြောင်းတော်-ကြာအင်းလမ်းမှ တစ်ဆင့် ရပ်စောက်-ပင်းတယလမ်းမကြီးသို့ ဆက်သွယ်ထားသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော ဆင်သေ-မြောင်းတော်လမ်းပေါ်တွင် တည်ရှိသည့် သစ်သားတံတားဖြစ်ပါကြောင်း၊ အဆိုပါတံတားအား ၂၀၀၁ ခုနှစ်တွင် ကျေးရွာများမှ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနှစ်ရွာ၊ အိမ်ခြေပေါင်း ၃၆၅ အိမ်၊ လူဦးရေ ၁၇၀၀ ခန့်ကို အကျိုးပြုသောတံတား ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ပျက်စီး ယိုယွင်းလျက်ရှိပြီး ပြန်လည်ပြုပြင်ရန် လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် မြောင်းတော်ကျေးရွာမှ ဆင်သေကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ ဇော်ဂျီချောင်းကူး-ဆင်သေတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမူလရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါသဖြင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။