အိမ်နီးချင်းနိုင်ငံများတွင် မြို့ပြလူနေမှုသည် တစ်နေ့တခြားတိုးတက်လာသည်နှင့်အမျှ Living Standard သည်လည်း မြင့်လာသည့်အတွက် ကားများအသုံးပြုမှု ပိုမိုများပြားလာပါကြောင်း၊ အသုံးပြုလာသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှာ ကားကျပ်တည်းမှုကို နှစ်ထပ်လမ်း၊ အမြန်လမ်း Inner Ring Road၊ Outer Ring Road တို့ဖြင့် ဖြေရှင်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယာဉ်ကြောကျပ်တည်းမှု လျော့ပါးစေရန် အမြန်လမ်းနှင့် ရိုးရိုးလမ်းဟုပိုင်းခြားပြီး ဆက်သွယ် တည်ဆောက် ထားရှိပါကြောင်း၊ လမ်းဆုံလမ်းခွများတွင်လည်း ယာဉ်ကျပ်တည်းမှု မရှိစေရန် တံတားများဖြင့် တည်ဆောက်ပြီး လမ်းများကို တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးခွန်းမေးမြန်းသည်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူလူထုများ သွားလာမှုအဆင်ပြေရန်နှင့် ကားကျပ်တည်းမှုများ လျော့ပါးစေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် Inner Ring Road ပြုလုပ်ရန် အစီအစဉ်ရှိသည်ကို သိရှိရပါကြောင်း၊ Inner Ring Road ကို မည်ကဲ့သို့ အစီအမံချပြီး လုပ်ဆောင်နေပါသနည်းနှင့် မည်သည့်အချိန်တွင်စမည်နည်း၊ နောက်ပြီး မည်သည့်အချိန်တွင် ပြီးဆုံးအောင်လုပ်မည်နည်း၊ တည်ဆောက်ပါကလည်းခိုင်ခံ့ပြီး အရည်အသွေး ကောင်းမွန်သော လမ်းမများဖြစ်စေရန် မည်ကဲ့သို့စီမံဆောက်လုပ်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်မြို့၏ မော်တော်ကားလမ်းများအနေဖြင့် ယခုအချိန် အခါဆိုလျှင် Traffic Jam များ ဖြစ်ပေါ်လျက်ရှိပြီး တစ်နေရာမှတစ်နေရာသို့ သွားလာရန်နှင့် မြို့တွင်းမှမြို့ပြင်သို့ထွက်ရန်အတွက် အချိန်တစ်နာရီကျော်ခန့် ပေးနေရပြီး မော်တော်ယာဉ်များ တိုးတက်လာနေသည့်အတွက် ပြည်သူလူထု၏ အချိန်များသည် မလိုလားအပ်ဘဲ ကားပေါ်တွင် ကုန်ဆုံးလျက်ရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ ၎င်းအခြေအနေကို ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန် Inner Ring Road Plan ကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပဏာမအဆိုပြု တင်ပြလာခဲ့ပါကြောင်း၊ အဆိုပါတင်ပြချက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ World Bank Group အဖွဲ့ဝင်ဖြစ်သည့် International Finance Corporation (IFC) အဖွဲ့အစည်းကို Consultant အဖြစ် ငှားရမ်း၍ အဆိုပါ Yangon Inner Ring Road ကို အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် IFC တို့သည် ၁၁-၁-၂၀၁၈ ရက်နေ့တွင် Formal Advisory Services Agreement စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်အရ IFC သည် Yangon Inner Ring Road ဖြစ်သည့် ရန်ကုန်မိုးပျံအမြန်လမ်းမကြီးကို အသုံးပြုသည့်နိုင်ငံ၊ သုံးစွဲမည့်ပြည်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့အကြား အကျိုးရှိအဆင်ပြေမည့် ရင်းနှီးမြှုပ်နှံမှုပုံစံတစ်ခုကို ရှာဖွေပေးရမည် ဖြစ်ပါကြောင်း၊ ထိုပုံစံအရ အကောင်းဆုံးရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်နိုင်မည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ရွေးချယ်ပေး၍ မိုးပျံအမြန်လမ်းမကြီးကို အကောင်အထည်ဖော်ပေးရမည် ဖြစ်ပါကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် IFC အဖွဲ့အစည်းတို့သည် စီမံကိန်းနှင့်သက်ဆိုင်သည့် အင်ဂျင်နီယာပိုင်း၊ ဘဏ္ဍာရေးအပိုင်းတို့၏ အသေးစိတ်ဖြစ်နိုင်စွမ်း လေ့လာမှု Detailed Feasibility Study ကို ဆောင်ရွက်နိုင်ရန် Technical and Engineering Consultant အဖြစ် KDEC နှင့် Nippon Koei တို့ပါဝင်သော Consortium Engineering Consultant ဖြင့် ညှိနှိုင်းစီစဉ်လျက်ရှိပါကြောင်း၊ အဆိုပါ စီမံကိန်းရင်းနှီးမြှုပ်နှံမှုအတွက် PPP စာချုပ်ပုံစံဖြစ်သည့် Concessional Agreement အတွက် Legal Consultant အဖြစ် VDB Loi နှင့် Jones Day Law Firm တို့ကို ငှားရမ်းပြီး နိုင်ငံတကာပုံစ ဥပဒေစာချုပ်ဖြစ်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထက်ပါ ဆောင်ရွက်ချက်များဖြင့် ရင်းနှီးမြှုပ်နှံမှု ရွေးချယ်ရေးလုပ်ငန်း စဉ်အဆင့်တိုင်း၊ ရွေးချယ်မှုတိုင်းတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးနှင့် ပြည်တွင်း/ပ သတင်းထုတ်ပြန်နိုင်ရေးအတွက် Communication Consultant အနေဖြင့် Echo Myanmar Media ကို ငှားရမ်းတာဝန်ပေးထားပြီး ဖြစ်ပါကြောင်း၊ မိမိအထက်တွင် တင်ပြခဲ့သည့် စီမံကိန်းလုပ်ငန်းအတွက် ငှားရမ်းထားသော ကုမ္ပဏီများအနေဖြင့် တိုင်းတာခြင်း၊ တွက်ချက်ခြင်း၊ သတင်းထုတ်ပြန်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါကြောင်း၊
ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းသည် ဗိုလ်တစ်ထောင်ဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်မှ စတင်၍ ဘိုတစ်ထောင်ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်လမ်း၊ မြောက်ဥက္ကလာလမ်း၊ ခရေပင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင်လမ်းတို့ကို ဖြတ်သန်းပြီး ပန်းလှိုင်လမ်းထောင့်တွင်ဆုံးမည့် စီမံကိန်းရှိပါကြောင်း၊ မိုးပျံလမ်းမကြီးတစ်ခုလုံး၏ အရှည်သည် ၄၇ ကီလိုမီတာခန့် ရှိမည်ဖြစ်ပါကြောင်း၊ ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း၏ Phrase (1) အဖြစ် ဗိုလ်တစ်ထောင် ဘုရားလမ်းထိပ်မှ မင်္ဂလာဒုံခရေပင်လမ်းဆုံအထိကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်း ပထမအဆင့်အနေဖြင့် ၁၈-၅-၂၀၁၈ ရက်နေ့တွင် စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest ကို တင်သွင်းရန် နိုင်ငံတော်ပိုင် သတင်းစာများတွင် ကြော်ငြာခဲ့ပြီး ၂၉-၆-၂၀၁၈ ရက်နေ့တွင် တင်ဒါပိတ်ခဲ့ပါကြောင်း၊ သတ်မှတ်ထားသည့် နောက်ဆုံးနေ့အထိ ပြည်တွင်းနှင့်နိုင်ငံတကာ ကုမ္ပဏီ၊ အဖွဲ့အစည်းစုစုပေါင်း ၅၃ ခုမှ စိတ်ဝင်စားမှုလျှောက်လွှာ EOI တင်ပြခဲ့ပြီး မြန်မာနိုင်ငံမှကုမ္ပဏီ ၁၆ ခု၊ တရုတ်နိုင်ငံမှကုမ္ပဏီ ၁၃ ခု၊ ဂျပန်နိုင်ငံမှကုမ္ပဏီ ခုနစ်ခု၊ ကိုရီးယားနိုင်ငံမှ ကုမ္ပဏီလေးခု၊ အိန္ဒိယနိုင်ငံမှကုမ္ပဏီ သုံးခု၊ ထိုင်းနိုင်ငံမှကုမ္ပဏီ နှစ်ခု၊ တူရကီနိုင်ငံမှကုမ္ပဏီ နှစ်ခု၊ မလေးရှားနိုင်ငံမှကုမ္ပဏီ နှစ်ခုနှင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့်ပြင်သစ်တို့မှ ကုမ္ပဏီ တစ်ခုစီ ပါဝင်ခဲ့ပြီး စုစုပေါင်းနိုင်ငံ ၁၂ နိုင်ငံမှ ကုမ္ပဏီ ၅၃ ခုက EOI တင်ပြထားပါကြောင်း၊
စီမံကိန်းဒုတိယအဆင့်အနေဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် Request for Qualification ကို ခေါ်ဆိုသွားမည်ဖြစ်ပြီး RFQ အောင်မြင်သွားသည့် ကုမ္ပဏီများကို စီမံကိန်းတတိယအဆင့်အနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် Request for Proposal ကို ဆက်လက်ခေါ်ယူသွားမည် ဖြစ်ပါကြောင်း၊ နောက်ဆုံးအဆင့်ဖြစ်သည့် Bidder Winning Award and Contracting ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ဆောင်ရွက် ပြီးသည်နှင့်တစ်ပြိုင်နက်တည်း တည်ဆောက်ရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စိစစ်ရွေးချယ်ခြင်းအဆင့်ဆင့်ကို စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ဆုံးပိတ်အောင်မြင်သည့် ကုမ္ပဏီအနည်းဆုံး တစ်ဖွဲ့ သို့မဟုတ် အများဆုံး လေးဖွဲ့အတွင်းမှ အတည်ပြုရွေးချယ်ပြီး ၂၀၁၉ ခုနှစ်အစပိုင်းတွင် Inner Ring Road ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စတင်အကောင် အထည်ဖော် ဆောင်ရွက်သည့်အချိန်မှစပြီး သုံးနှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်သွားမည် မဟုတ်ဘဲ နိုင်ငံတကာကုမ္ပဏီများ၏ ကိုယ်ပိုင်အရင်းအနှီးဖြင့် ထည့်ဝင်ဆောင်ရွက် သွားစေမည်ဖြစ်ပါကြောင်း၊ ပြန်လည်ရရှိမည့် ငွေကြေးစနစ်က Inner Ring Road ကို အသုံးပြုသွားလာမည့် မော်တော်ယာဉ်များထံမှ လမ်းဖြတ်သန်းခကောက်ခံပြီး အရင်းကြေရန်နှင့် အကျိုးအမြတ်ရရန်တို့ကို စီမံဆောင်ရွက်သွားရမည့် စနစ်ပင်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်ပြီးလည်း လုပ်ငန်းစဉ်အဆင့်အလိုက် တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အသေးစိတ်အစီအစဉ်များကို တစ်ဆင့်ချင်းထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်း၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အဖြေနှင့် ပေါင်းစပ်ရှင်းလင်းဖြေကြားပါသည်။
