ဆီဆိုင်မြို့နယ်တွင် ပအိုဝ်း တိုင်းရင်းသား ၇၀ ရာခိုင်နှုန်းခန့်နှင့် ရှမ်း၊ ဗမာ၊ ကယန်း၊ အင်းသားနှင့် အခြားတိုင်းရင်းသား လူမျိုးစုများ စုစုပေါင်း ၁၅၀၀၀၀ ခန့် စုပေါင်းနေထိုင်လျက်ရှိကြပါကြောင်း၊ အဆိုပါဒေသတွင် အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ အ.ထ.က(ခွဲ) ခုနစ်ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းအပါအဝင် စုစုပေါင်းကျောင်းပေါင်း ၂၂၀ ဖွင့်လှစ် ပညာသင်ကြား လျက် ရှိကြပါကြောင်း၊ စာသင်ကျောင်းများရှိရာ ကျေးရွာအများစုသည် ကျောင်းဆောင်များ၊ ဆရာဆရာမ နေအိမ်များနှင့် အခြားကျောင်းလိုအပ်ချက်များကို ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ခဲ့ကြပြီး ဆရာဆရာမများ အတွက် သွားရေးလာရေးနှင့် အခြားပံ့ပိုးမှုများကို ယခင် ၁၀ စုနှစ်များစွာကတည်းကပင်စတင်၍ ယခုထိတိုင် လိုအပ်သလို ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
ဆိုက်ခေါင်အခြေခံပညာအထက်တန်း ကျောင်းသည် ၁၉၉၅-၁၉၉၆ ပညာသင်နှစ်မှ စတင်ပြီး နယ်စပ် ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျောင်းသား ၆၀၀ ကျော်ဖြင့် စတင် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ၁၅၁ ဦးနှင့် ကျောင်းသူကျောင်းသားပေါင်း ၁၄၃၆ ဦး ပညာသင်ကြားလျက်ရှိပြီး ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ၁၈၀ ဦးအပါအဝင် အထက်တန်းအဆင့် ၃၄၁ ဦး စုစုပေါင်းကျောင်းသား ၁၆၅၁ ဦး တိုးတက်များပြားလျက်ရှိပါကြောင်း၊ ဆရာဆရာမအင်အားအနေနှင့် အထက်တန်းပြငါးဦး၊ ကာယတစ်ဦး၊ အလယ်တန်းပြ ၁၁ ဦး၊ မူ/လယ်ဆင့် လေးဦး၊ မူလတန်းပြ ၁၁ ဦးနှင့် အခြားအဆင့် ခြောက်ဦး စုစုပေါင်း ၃၉ ဦး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဆိုက်ခေါင် အထက်တန်းကျောင်းတွင် စုစုပေါင်းစာသင်ဆောင် ခြောက်ဆောင်ရှိပြီး ၁၉၉၆-၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်မှ ပေ ၁၂၀ နံရံကပ်အုတ်ညှပ်တစ်ဆောင်၊ ၂၀၁၄-၂၀၁၅ ခုနှစ် ပညာသင်နှစ်တွင် ပေ ၁၄၀ နံထပ် RC နှစ်ဆောင်ချထားဆောက်လုပ်ပေးခဲ့ပါကြောင်း၊ ပြည်သူလူထုမှ ပေ ၁၅၀ နှစ်ထပ်အုတ်ညှပ် တစ်ဆောင်၊ ပေ ၂၂၀ မူလအုတ်ညှပ်တစ်ဆောင်၊ ပေ ၁၂၀ အုတ်ညှပ်တစ်ဆောင်၊ ပေ ၆၀ အုတ်ညှပ်တစ်ဆောင် အပြင် လက်ရှိဆရာဆရာမ ၃၉ ဦး နေထိုင်လျက်ရှိသည့် စုစုပေါင်းဝန်ထမ်းအိမ်ရာ ခုနစ်လုံးကို ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ခဲ့ကြပါသည့်အပြင် ၁၀ ဧကခွဲခန့် ကျယ်ဝန်းသည့် ကျောင်းဝန်း လေးဘက်လေးတန် တံတိုင်းကာရံခြင်းကိုလည်း အလှူရှင်မိဘများက ဝိုင်းဝန်းကူညီ လှူဒါန်းပေးခဲ့ကြပါကြောင်း၊ ဝန်ထမ်းအိမ်ရာရှစ်လုံးတွင် ကျောင်းအုပ်နေအိမ်အား ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော်မှ သွပ်မိုး၊ ပျဉ်ကာဖြင့် ဆောက်လုပ်ပေးခဲ့ပြီး ကျောင်းအုပ်အိမ်အခန်းတစ်ခန်း ထပ်မံ တိုးချဲ့ခြင်း၊ မျက်နှာကြက်တပ်ဆင်ခြင်း၊ မီးရိုက်ခြင်းများကိုလည်း ဒေသခံများက ဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ ဆရာဆရာမများ ဝန်ထမ်းနေထိုင်ရာ အိမ်ရာခြောက်လုံးသည် ၁၉၉၃ ခုနှစ် ဝန်းကျင်ကတည်းကပင် ဒေသရှိ သစ်၊ ဝါး၊ ပျဉ်ကာများနှင့် ဆောက်လုပ်ထားခြင်းကြောင့် လုံခြုံမှု မရှိဘဲ ပြိုလုပျက်ကျမတတ် အခြေအနေ များသို့ အချို့ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆိုက်ခေါင်အခြေခံပညာ အထက်တန်းကျောင်း၌ အရေးတကြီးလိုအပ်လျက်ရှိသော ဆရာဆရာမများ ဝန်ထမ်းအိမ်ရာအား သင့်တော်သောအိမ်ရာ အစီအစဉ်ဖြင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင် အခြေခံ အထက်တန်းကျောင်းများတွင် စာသင်ဆောင်အားဖြင့် ကိုယ်စားလှယ်ကြီးတင်ပြသကဲ့သို့ ခြောက်ဆောင် တည်ဆောက်ပြီး ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူဦးရေအနေဖြင့် မူလတန်းအဆင့်သင် ကျောင်းသား ၆၆၅ ဦး၊ အလယ်တန်းအဆင့်သင်ကျောင်းသားကျောင်းသူ ၄၇၂ ဦး၊ အထက်တန်း အဆင့်သင်ကျောင်းသားကျောင်းသူ ၃၀၂ ဦးစုစုပေါင်း ၁၄၉၃ ဦးရှိပါကြောင်းနှင့် အဆိုပါကျောင်းတွင် အထက်တန်းကျောင်းအုပ်တစ်ဦး၊ အထက်တန်းပြခြောက်ဦး၊ အလယ်တန်းပြ ၁၄ ဦး၊ မူလတန်းပြ ၁၂ ဦး၊ ဝန်ထမ်းငါးဦး စုစုပေါင်း ၃၈ ဦးရှိပြီး ရပ်ဝေးမှ လာရောက်အမှုထမ်းသူ ၂၉ ဦး၊ ဒေသခံဝန်ထမ်းကိုးဦးရှိပါကြောင်း၊ သို့ပါ၍ ရပ်ဝေးမှလာသော ဝန်ထမ်း ၂၉ ဦး အတွက် ဝန်ထမ်းအိမ်ရာများအဖြစ် ၂၀ ပေ x ၁၆ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင်တစ်ဆောင်၊ ၃၂ ပေ x ၁၈ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင်တစ်ဆောင်၊ ၅၀ ပေ x ၂၂ ပေ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ကာဆောင်တစ်ဆောင်၊ ၂၀ ပေ x ၁၄ ပေ သွပ်မိုး ထရံကာတစ်ထပ်ဆောင်တစ်ဆောင်၊ ၃၀ ပေ x ၁၆ ပေ သွပ်မိုး ပျဉ်ကာတစ်ထပ်ဆောင် တစ်ဆောင်၊ ၅၀ ပေ x ၂၂ ပေ ထရံကာတစ်ထပ်ဆောင် တစ်ဆောင်၊ ၆၇ ပေ x ၂၈ ပေ သွပ်မိုးပျဉ်ကာတစ်ဆောင်၊ ၄၀ ပေ x ၁၆ ပေ သွပ်မိုးပျဉ်ကာ တစ်ထပ်ဆောင် စုစုပေါင်းဝန်ထမ်းအိမ်ရာရှစ်ဆောင် ဖြည့်ဆည်းပေးပြီးဖြစ်ပါကြောင်း၊
ဆီဆိုင်မြို့နယ်အတွင်းမှာ လာမည့် ဘတ်ဂျက်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း အဆောက်အဦ ဆောက်လုပ်မှုလုပ်ငန်း ၁၉ ခုကို လျာထားသတ်မှတ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် ဦးစားပေး အစီအစဉ်များ သတ်မှတ်ရာတွင် စာသင်ဆောင်များ၊ ကျောင်းသားဦးရေ တိုးလာ၍ တိုးချဲ့ခြင်းများ၊ အန္တရာယ်ရှိအဆောက်အဦများပြန်လည်ဆောက်လုပ်ခြင်းများ၊ ဆက်စပ်သိပ္ပံဆောင်၊ စာကြည့်တိုက်ဆောင်များသည် ဦးစားပေးဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာများကို ဘတ်ဂျက်အခြေအနေ ခွင့်ပြုရင်ခွင့်ပြုချက်အရ လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ ခုနှစ် ၁၂ လဘတ်ဂျက်သည် ခြောက်လဘတ်ဂျက်တွင် ဆောင်ရွက်ရန်ရှိသောလုပ်ငန်းများကို ပြီးပြတ်အောင်သာ လျာထားခြင်းဖြစ်သည့်အတွက် ဝန်ထမ်းအိမ်ရာဖြည့်ဆည်းခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
