ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၄.၇.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်)

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၀)ဦးအနက် (၃၈၂)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)   ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း

          (၁)    ဦးစိုင်းဆမ်၊ မိုင်းယန်းမဲဆန္ဒနယ်မှ မေးမြန်းသော မိုင်းယန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၏ လစ်လပ်နေသော အထက်တန်းအဆင့် ဘာသာပြ ဆရာ၊ ဆရာမများကို အချိန်မီခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လာမည့်ပညာသင်နှစ်တွင် ဆရာဆရာမများ အပြောင်းအရွှေ့၊ ရာထူးတိုးများ ခန့်ထားဆောင်ရွက်ချိန်၌ ဆန္ဒပြုလျှောက်ထားသူများအနက်မှ သင်ကြားမည့် ဘာသာရပ် ကိုက်ညီသူများအား လုပ်သက်မူဘောင်အရ ဖြည့်ဆည်းခန့်ထားဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း   ပြန်လည်ဖြေကြားခဲ့သည်။

          (၂)    ဒေါက်တာဒေါ်ကြည်မို့မို့လွင်၊ စဉ့်ကိုင်မဲဆန္ဒနယ်မှ မေးမြန်းသော စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မုန်ပင်တွင် လိုအပ်လျက်ရှိသော စာသင်ဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေးရန်နှင့် လစ်လပ်လျက်ရှိသော ရာထူးနေရာ များတွင် ဖွဲ့စည်းပုံပြည့်မီအောင် ဝန်ထမ်းများခန့်ထားပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရောက်ရှိမှသာ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဦးစား ပေးအဆင့် ဖြည့်ဆည်းပေးရန် လျာထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၃)    ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ မေးမြန်းသော သံဖြူဇရပ်မြို့နယ်အတွင်းရှိ စခန်းကြီးကျေးရွာ မူလတန်းလွန်ကျောင်း အရှေ့မျက်နှာစာ၌ ပိတ်ကာနေသော ကျေးလက်ဆေးပေးခန်းကို ရွာတောင်ဘက်ခြမ်းသို့ ရွှေ့ပြောင်းရေးကို ဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကျန်းမာရေးဆေးပေးခန်းပြောင်းရွှေ့သည့်မြေနေရာ တရားဝင် ရရှိရေး၊ ဘတ်ဂျက်သတ်မှတ်နိုင်သည့်အဆင့် ရောက်ရှိရေးအတွက် အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့်ညှိနှိုင်းပြီး မြေပိုင်ဆိုင်မှု၊         အဆောက်အဦ ပြောင်းရွှေ့ဆောက်လုပ်မှုအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၄)    ဦးခွန်သန်းထူး၊ ဆီဆိုင်မဲဆန္ဒနယ်မှ မေးမြန်းသော ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင် အခြေခံပညာအထက်တန်းကျောင်း၌ လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာအား မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၅)    ဒေါ်နီရွှေလျန်း၊ ထန်တလန်မဲဆန္ဒနယ်မှ မေးမြန်းသော ထန်တလန်မြို့နယ်ရှိ ပညာရေးမှူးရုံးအား (၁၀၀' x ၃၀' x ၂၄') သွပ်မိုး RCC နှစ်ထပ်အသစ်ဆောက်လုပ် ပေးနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေခွဲဝေပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သို့ရောက်ရှိမှသာ အဆိုပါဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်းရရှိမှုရန်ပုံငွေ အခြေအနေအပေါ်မူတည်ပြီး  ဆောင်ရွက်လျာထားပေးမည်ဖြစ်ပါကြောင်း  ပြန်လည် ဖြေကြားခဲ့သည်။

          (၆)            ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်မှ  မေးမြန်းသော ရန်ကုန်တိုင်းဒေသကြီး အ.ထ.က(ခွဲ) ခနောင်ချောင်းဝကျောင်းအား အ.ထ.ကကျောင်းအဖြစ်သို့ အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ခနောင်ချောင်းဝကျေးရွာသည် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဆင့် ရရှိနေသည့်အတွက် အခြေခံပညာ အထက်တန်း ပညာရပ်များကိုလည်း သင်ယူခွင့်ရရှိနေသည့် အနေအထားတွင် သတ်မှတ်ချက်မူ များနှင့် ကိုက်ညီမှု မရှိသေးသည့်အတွက်  ဦးစားပေးအဆင့်တိုးမြှင့်နိုင်သည့် စာရင်းမှာ ပါရှိခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )  အဆို(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်က တင်သွင်းသည့် နိုင်ငံတစ်ဝန်းရှိ ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းအပါအဝင် ခရီးသွားလုပ်ငန်းများ၊ ခရီးသွားဒေသများ တိုးချဲ့သတ်မှတ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ခရီးသွားလာရေး အထိမ်းအမှတ်ပွဲတော်များနှင့် ခရီးသွားလာရေး အထူးနှစ်သတ်မှတ်ခြင်းများ ဆောင်ရွက်၍ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်မှန်ကန်သော ခရီးသွားအစီအမံများဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၁၂)ဦးက ဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       အစည်းအဝေးကို နေ့လယ် ၁၂ း ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမည့်ရက်ကို ၃၀.၇.၂၀၁၈ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။