မိမိတို့ ကျောက်တန်းမြို့နယ်ခွဲဖြစ်သည့် တံတားမြို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနကနေပြီး ပြည်ထောင်စုဝန်ကြီးဟောင်း၏ လမ်းညွှန်မှုဆိုပြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနပိုင် ဂိုထောင်သုံးလုံးကို ပြင်ဆင်ပြီးမှ သင်တန်းကျောင်း ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းဂိုထောင်သုံးလုံး၏ ပြင်ဆင်စရိတ်အဖြစ် ၂၀၀.၂ သန်း အကုန်အကျခံထားကြောင်းကို ကမ္ဗည်းမော်ကွန်းကျောက်စာလည်း ရေထိုးထားသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသင်တန်းကျောင်း အတွက်ဆိုပြီး ၄.၇ သန်း အကုန်အကျခံပြီး ခြံစည်းရိုးကာရံခဲ့သော်လည်း အသုံးပြုနိုင်ခြင်းမရှိခြင်းကြောင့် မေးခွန်းမေးရခြင်းဖြစ်ပါကြောင်း၊ ရေစက်များလည်း သင်တန်းကျောင်းထဲတွင် ရေ၊ မီးအစုံရှိနေသော်လည်း သင်တန်းဖွင့်မည်ဆိုသည့် ခေါင်းစဉ်အောက်တွင် သင်တန်းများရှိမနေပါကြောင်း၊ သင်တန်းသားများ ရှိမနေသည့်အတွက်ကြောင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊
ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနကနေပြီး မကြာခဏ ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်းတို့ကို ရက်တိုသင်တန်းအဖြစ် ဖွင့်ပါကြောင်း၊ သို့သော်လည်း များသောအားဖြင့် သင်တန်းကြီးများ ပိတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အသုံးပြုခဲ့သည့် ဘတ်ဂျက်များ ကုန်ရကျိုးမနပ်သည့် အတွက်ကြောင့် ကုန်ရကျိုးနပ်သည့် သင်တန်းမျိုးများ ဖွင့်ပေးစေချင်ပါကြောင်း၊ ကျောက်တန်း၏ တံတားမြို့ခွဲသည် သုံးခွမြို့နှင့်လည်း ကပ်လျက်ရှိပါကြောင်း၊ အနီးအနားပတ်ဝန်းကျင်တွင် ခရမ်းတို့၊ သုံးခွတို့သည်လည်း သွားလာရန်ခက်ခဲသည့် ကျေးရွာများရှိပါကြောင်း၊ ထိုသို့သွားလာရန် ခက်ခဲခြင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျခြင်းသည် လူငယ်လေးများ စာသင်ခန်းပြင်ပကို ရောက်ခဲ့ရပါကြောင်း၊ မိမိတို့၏ အနီးတဝိုက်တွင် သီလဝါအထူးစီးပွားရေးဇုန် ကြီးလည်းရှိပါသောကြောင့် ၎င်းအတွက်ကို အထောက်အကူပေးမည့် သင်တန်းမျိုးများလည်း အများကြီးလိုအပ်ပါကြောင်း၊ ထို့အပြင် စာသင်ခန်း ပြင်ပရောက် ကလေးများအတွက် အသက်မွေးဝမ်းကျောင်းပညာများ ဖွင့်ပေးရန်အတွက် လိုအပ်လျက် ရှိနေပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်အကုန်ခံထားပြီးသားဖြစ်သည့် သင်တန်းကျောင်းကြီးတွင် သင်တန်းသား ဘယ်နှစ်ယောက်ကို မည်ကဲ့သို့ သင်တန်းမျိုးများ စဉ်ဆက်မပြတ်ပေးမည်နည်း။ မည်ကဲ့သို့မျိုးဘတ်ဂျက်များ လျာထားပေးမည်နည်းဆိုသည့် အစီအစဉ် လိုအပ်လျက် ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်တန်းမြို့နယ်၊ တံတားမြို့ခွဲရှိ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းတွင် အသက်မွေးဝမ်းကျောင်း ပညာများစဉ်ဆက်မပြတ် သင်ကြားပို့ချနိုင်ရန် ဘတ်ဂျက် ချထားပေးရန်နှင့် ရက်တို/ရက်ရှည် သင်တန်းများဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သင်တန်းကျောင်းအဆောက်အဦသည် ကျောက်တန်းမြို့နယ်၊ တံတားမြို့တွင် ယခင်ရှိခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနပိုင် သိုလှောင်ရုံများကို လွှဲပြောင်းရယူပြီးပြုပြင်ရသည့် အဆောက်အဦကိုပြုပြင်ခြင်း၊ ပြုပြင်ရန် အခြေအနေမပေးသည့် အဆောက်အဦများကို ဖျက်သိမ်းပြီး အသစ်တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိခြင်း ဖြစ်ပါကြောင်း၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လွှဲပြောင်းရယူခဲ့သည့် သိုလှောင်ရုံသုံးလုံးသည် ကာလကြာမြင့်ခဲ့ခြင်းနှင့်အတူ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းဒဏ် ခံစားရသည့်အတွက် ပျက်စီးခြင်းများ ရှိနေခဲ့သည့်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေဖြင့် သိုလှောင်ရုံသုံးရုံအနက် နှစ်ရုံကိုဖျက်သိမ်းပြီး ထွက်ရှိလာသည့် ဆယ်တင်ပစ္စည်းများနှင့် ကျန်သိုလှောင်ရုံတစ်ရုံကို ပြုပြင်မွမ်းမံခဲ့ပါကြောင်း၊ ဖျက်သိမ်းခဲ့သည့် သိုလှောင်ရုံနှစ်ရုံကို အုတ်ခုံခံ သံမဏိယက်မတိုင်၊ သံအမိုးဒိုင်း၊ အကာအုတ်၊ အမိုးသွပ်တို့ဖြင့် အသစ်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အအုံ၏ အတိုင်းအတာက ပေ ၈၀ x ပေ ၄၀ x ၁၁ ပေ ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ယင်းအဆောက်အအုံသုံးလုံးတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သင်တန်းများကို သက်ဆိုင်ရာဦးစီးဌာနများနှင့် ပေါင်းစပ်ပြီး ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး တစ်တိုင်းလုံးအနေဖြင့်ကြည့်မည်ဆိုလျှင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၉၅ သန်းနှင့် သင်တန်းသား ၂၃၇၃ ဦးအတွက် သင်တန်းအကြိမ်ရေ ၆၅ ကြိမ် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လတာ ကာလအတွင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၇ သန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ၁၉ ကြိမ် ဖွင့်လှစ်ရန် လျာထားဆောင်ရွက်သည့်အနက် ၁၃ ကြိမ် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့နယ်ခွဲရှိသည့် သင်တန်းကျောင်းအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေကျပ် ၂၄ သန်းဖြင့် ကျေးရွာလေးရွာ၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေကျပ် ၂၃ သန်းဖြင့် ကျေးရွာငါးရွာ၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် လေးသန်းဖြင့် ကျေးရွာနှစ်ရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊
တံတားမြို့နယ်တွင် တည်ရှိသည့် သင်တန်းကျောင်း အဆောက်အဦများသည် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း တည်နေရာအနေအထားအရ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှု မရှိခဲ့သည့် အခြေအနေဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ဒေသခံများ၏ စိတ်ပါဝင်စားမှု၊ ဆန္ဒသဘော ထားကလည်း သင်တန်းအစီအစဉ်ရေးဆွဲရန်အတွက် လိုအပ်ချက်တစ်ခုအဖြစ် ရှိနေသည့်အနေအထား ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရန် ခွဲဝေရရှိခဲ့သည့် ရန်ပုံငွေအပေါ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဆောင်ရွက်ပေးရန် လိုအပ်နေသည့် အခြားဒေသခံများအတွက်ကိုလည်း ကျေးရွာအလိုက် အလှည့်ကျ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
ထိုကဲ့သို့သော အကြောင်းတရားများကြောင့် တံတားမြို့တွင်ရှိသည့် သင်တန်းကျောင်းတွင် စဉ်ဆက်မပြတ် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း မရှိသည့်အခြေအနေဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် သင်တန်း အဆောက်အအုံများကို အကျိုးရှိစွာအသုံးချပြီး အသက်မွေးဝမ်းကျောင်းပညာများ ယခုထက်ပိုမိုပို့ချ နိုင်ရန်အတွက် တံတားမြို့နယ်ခွဲတွင်ရှိသည့် ဒေသခံများ၏ လိုအပ်ချက်၊ သဘောထားဆန္ဒ မေးမြန်းရရှိနိုင် ရေးကို စီမံဆောင်ရွက်ပြီး သင်တန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိဝန်ကြီး ဌာနအောက်ရှိ လုပ်ငန်း၊ ဌာနများနှင့် အခြားဌာနများအနေဖြင့် ဒေသခံများအတွက် ပညာပေးလုပ်ငန်းများ၊ သင်တန်းပို့ချမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အပြင် ဒေသနှင့် နီးကပ်စွာ တည်နေရှိနေသော သီလဝါစီးပွားရေးအထူးဇုန်မှ လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သား လိုအပ်ချက်အရ သင်တန်းပို့ချနိုင်ရေးအတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်လည်း စီစဉ်လုပ်ကိုင်သွားမည် ဖြစ်ပါကြောင်း၊ ၎င်းအစီအစဉ်အရ ဒေသခံများအလုပ်အကိုင် ရရှိရေးအတွက်ကို ရည်ရွယ်ထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ စီမံဆောင်ရွက်ချက်များက ပို့ချမည့်သင်တန်း အစီအစဉ် ရေးဆွဲနိုင်မှုအပေါ် မူတည်ပြီး လိုအပ်မည့် ရန်ပုံငွေကို တင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
