ဖားဆောင်းမြို့နယ်တွင် မြို့နယ်လူဦး၃၃၇၆ ဦးနှင့် ကျေးလက်နေလူဦးရေ ၁၉၁၅၁ဦး ရှိပါကြောင်း၊ စုစုပေါင်းလူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး မြေဧရိယာ အားဖြင့် ၄၁၀၃၃၇ ဧကရှိပြီး လက်ရှိအသားတင် စိုက်ပျိုးမြေ ၁၂၅၉၇ ဧက၊ အခြားမြေ ၂၀၁၈၉ ဧက ရှိသည့်အတွက် ၎င်းမြေများကို ယခုလက်ရှိ စိုက်ပျိုးမြေထက် တိုးချဲ့ဆောင်ရွက်ရန် အခွင့်အလမ်းများ စွာရှိပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် မိုးစပါး ၃၁၅၇ ဧက၊ ဆီထွက်သီးနှံ ၄၆၇၇ ဧက၊ ပဲမျိုးစုံ ၄၆၃ ဧက၊ အစေ့ထုတ် ပြောင်းနှင့် ဖူးစားပြောင်း ၄၂၈ ဧက၊ သီးနှံပြောင်း ၁၁၅ ဧက အပါအဝင် ဟင်းသီးဟင်းရွက် ဥယျာဉ်ခြံ နှင့် ကော်ဖီသီးနှံအပါအဝင် သီးနှံစုစုပေါင်း ၁၆၈၀၆ ဧက စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ပုဂ္ဂလိကပိုင်ထွန်စက်နှစ်စီး၊ လက်တွန်းထွန်စက် ၁၄ စီးသာရှိသည့်အတွက် လယ်ယာ လုပ်ငန်းခွင် တွင် စက်ကိရိယာအသုံးပြုမှု အလွန်နည်းပါးသည့်အပြင် ကျွဲ၊ နွားအသုံးပြုမှုတွင် လည်း ကျွဲ၊ နွားအသုံးပြုမှု ၁၆ ရှဉ်းသာရှိသည့် အတွက် ကျေးလက်နေစိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်သူများ အတွက် စိုက်ပျိုးမှုလွန်စွာ အားနည်းလျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ စိုက်ပျိုးရာသီဖြစ်သည့် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း၊ ဆောင်းကာလများတွင် စိုက်ပျိုး မြေများထွန်ယက်မှုအတွက် အခြားမြို့နယ်များမှ အငှားလာရောက်ထွန်ယက်သည့် ပုဂ္ဂလိကစက်များ၏ တစ်ဧက ထွန်ယက်မှုအတွက် ဈေးနှုန်းများဖြစ်သည့် ထယ်တစ်ဧက ကျပ်၂၅၀၀၀၊ ထွန်တစ်ဧက ကျပ် ၂၀၀၀၀ နှုန်းဖြင့် ငှားရမ်းထွန်ယက်နေရသည့်အတွက် ဒေသခံတောင်သူများအနေဖြင့် အချိန်မီ ထွန်ယက် စိုက်ပျိုးနိုင်မှုမရှိခြင်း၊ ထွန်ယက်ခ ဈေးနှုန်းမြင့်မားသည့် အတွက် သီးနှံစိုက်ပျိုးမှုများတွင် များစွာအခက်အခဲများကြုံတွေ့နေရပါကြောင်း၊ ၂၀၁၈ ခုနှစ် မိုးဦးစိုက်ပျိုး ရာသီတွင် စက်မှုလယ်ယာဦးစီးဌာန လွိုင်ကော်မြို့မှ လယ်ထွန်စက်ကြီးနှစ်စီးအား ပုဂ္ဂလိကစိုက်ပျိုးရေး လုပ်ကိုင်သူတစ်ဦးမှ ငှားရမ်းသုံးစွဲခဲ့သော်လည်း ကန်ထရိုက်စနစ်ဖြစ်သည့်အတွက် တောင်သူအများစုမှာ ငှားရမ်းရန် ခက်ခဲခြင်း၊ ငှားရမ်းသူထံမှ ပြင်ပပေါက်ဈေးနှုန်းပေးပြီး ထွန်ယက်ရခြင်းတို့အတွက်စရိတ်များ စွာ ကြီးမြင့်ခြင်းခံ နေရတာ ကိုလည်း ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးလက် နေပြည်သူများ၏ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်မှ အတည်တကျ စိုက်ပျိုး နိုင်ရေးအတွက် အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် လိုအပ်သော တောင်သူများ အတွက်စက်မှု လယ်ယာ ဦးစီးဌာန မှ ထွန်စက်စခန်းများဖွင့်လှစ် ထွန်ယက်ခြင်း သို့မဟုတ် မြို့နယ်ပိုင် လယ်ထွန် စက်ကြီးများ၊ လက်တွန်းထွန်စက်များ၊ စပါးရိတ်သိမ်း ခြွေလှေ့စက်များ ဝယ်ယူသုံးစွဲခွင့်ပြုပါရန် နှင့် မြို့နယ်ပိုင်အဖြစ် ဖားဆောင်းမြို့အတွက် ချပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စက်မှုလယ်ယာစခန်းတစ်ခု၊ ဒီးမော့ဆိုမြို့နယ်တွင် ရှေ့တန်း စခန်း တစ်ခုနှင့် ဘောလခဲမြို့နယ်တွင် ရှေ့တန်းစခန်းတစ်ခုဖွင့်လှစ်ပြီး လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ကို သတ်မှတ်ဈေးနှုန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လွိုင်ကော်မြို့နယ် စက်မှုလယ်ယာစခန်း တွင် ထွန်စက်ကြီးအစီး ၂၀၊ ရိတ်သိမ်းခြွေလှေ့စက် ၁ စီး၊ ဒီးမော့ဆိုမြို့နယ်ရှေ့တန်း စခန်းတွင် ထွန်စက်ကြီး ၁၀ စီး၊ ရိတ်သိမ်းခြွေလှေ့စက် တစ်စီး၊ ဘောလခဲမြို့နယ်မှာ နှမ်းသီးနှံထွန်ယက် စိုက်ပျိုးရေး ရာသီချိန်တွင် ထွန်ယက်ရေးလိုအပ်မှုအခြေအနေအရ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တွင် လိုအပ်သည့် ထွန်စက်ကြီးအရေအတွက်ကိုပေးပို့၍ ရှေ့တန်းစခန်းဖွင့်လှစ်ပြီး ထွန်ယက်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖားဆောင်းမြို့နယ်တွင် ထွန်ယက်ရေးလုပ်ငန်းများ ရာသီချိန်အမီဆောင်ရွက်နိုင်ရန်အတွက် အမှတ်(၈၆) စက်မှုလယ်ယာစခန်း (လွိုင်ကော်မြို့) မှ ဌာနပိုင် ထွန်စက်ကြီးနှစ်စီးကိုပေးပို့ပြီး ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းအုပ်စု ကျောက်မဲညိုကျေးရွာတွင် ရှေ့တန်းစခန်းဖွင့်လှစ်ပြီး ၁၄.၅.၂၀၁၈ ရက်နေ့မှစပြီး ထွန်ယက်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် လတ်တလောအခြေအနေတွင် စပါးရိတ်သိမ်းခြွေလှေ့စက် ဖြည့်တင်းရန် ရန်ပုံငွေလျာထား နိုင်ခြင်းမရှိသေးသည့်အတွက် ဖားဆောင်းမြို့နယ်အတွက် စပါးရိတ်သိမ်း ခြွေလှေ့စက် ခွဲဝေချထားပေးနိုင်ခြင်းမရှိသေးပါကြောင်း တင်ပြအပ်ပါတယ်။ လက်တွန်းထွန်စက်ဖြင့် ထွန်ယက်ရေးအငှားဝန်ဆောင်မှုလုပ်ငန်းကို ဌာနမှ ဆောင်ရွက်ပေးခြင်းမရှိသော်လည်းဘဲ လက်တွန်း ထွန်စက်ဝယ်ယူလိုသည့် တောင်သူများအတွက် လွိုင်ကော်၊ စက်မှုလယ်ယာစခန်းမှတစ်ဆင့် လက်ငင်းစနစ်ဖြင့်လည်းကောင်း၊ သုံးနှစ်၊ လေးရစ် အရစ်ကျစနစ်ဖြင့်လည်းကောင်း ဌာနမှရောင်းချ ပေးလျက်ရှိပါကြောင်း၊ ထွန်စက်ကြီးနှင့် စပါးရိတ်သိမ်း ခြွေလှေ့စက်များကို ဝယ်ယူလိုသည့် တောင်သူများ အတွက် ဌာနမှ နှစ်နှစ်၊ သုံးရစ် အရစ်ကျဆပ်စနစ်ဖြင့်လည်းကောင်း ပုဂ္ဂလိကကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ကနဦး ၁၀ ရာခိုင်နှုန်း ပေးသွင်းပြီး သုံးနှစ် ခုနစ်ရစ်အရစ်ကျဆပ်စနစ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ရန်အတွက် စီမံဆောင်ရွက်ပေး လျက်ရှိပါကြောင်းနှင့် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရေးကိစ္စ အတွက် ဆောင်ရွက် ပေးနိုင်ပြီး၊ ဌာနသတ်မှတ်ဈေးဖြင့် ထွန်ယက်ပေးနိုင်ရေး အတွက် ဌာနပိုင်လက်တွန်း ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များကို လတ်တလောအခြေအနေတွင် ခွဲဝေချထားပေးနိုင်ခြင်း မရှိသေးသည့်အတွက် ဌာနသတ်မှတ်ဈေးဖြင့် ထွန်ယက်ပေးနိုင်မည့် ထွန်စက်ကြီးနှစ်စီးကို ဖာဆောင်းမြို့နယ် စက်မှုလယ်ယာဝန်ဆောင်မှုရှေ့တန်း စခန်းဖွင့်ပြီး ခွဲဝေချထားပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
