ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ ၂၃ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀) ဦးအနက် ( ၃၈၆ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -
(က) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးနှင့် နဝမပုံမှန်အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ချက်များအား ပြည်သူ့လွှတ်တော်သို့ အသိပေးတင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း -
(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအေးကြူ၊ လပွတ္တာ မဲဆန္ဒနယ်၏ ၁-၇-၂၀၁၈ မှ ၁၄-၇-၂၀၁၈ ရက်နေ့အထိ ဂျပန်နိုင်ငံ 13th Study Tour of the Legal Project သို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊
(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်(ခ)ဦးဇေယျာသော်၊ ဇမ္ဗူသီရိ မဲဆန္ဒနယ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၉-၇-၂၀၁၈ မှ ၁၃-၇-၂၀၁၈ ရက်နေ့အထိ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ လွှတ်တော်သို့ လေ့လာရေး သွားရောက်ခဲ့သည့်ခရီးစဉ်၊
(၃) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည်မဲဆန္ဒနယ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၀-၇-၂၀၁၈ မှ ၂၇-၇-၂၀၁၈ ရက်နေ့အထိ နယ်သာလန်နိုင်ငံ HIV ကာကွယ်ရေးနှင့် ဆေးထိုးအပ်သွင်းသူများ အန္တရာယ်လျော့ပါးရေးဆိုင်ရာမူဝါဒနှင့် ဆောင်ရွက်မှုများအား လေ့လာရေးနှင့် (၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊
(ခ) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ မေးမြန်းသော တံဆိပ်ခေါင်းအရောင်းလိုင်စင် ချထားပေးရာတွင် ရောင်းချခွင့်ရှိသည့် တံဆိပ်ခေါင်းအမျိုးအစားနှင့် လက်ဝယ် ထားရှိနိုင်ခွင့်ပမာဏ၊ ထိန်းသိမ်းထားရှိရမည့် စာရင်းမှတ်တမ်း အမျိုးအစားများ၊ ရာသီဥတုကြောင့်ဖြစ်စေ၊ ပိုးမွှားအန္တရာယ်ကြောင့်ဖြစ်စေ ပျက်စီးမှုများ ဖြစ်ပေါ် လာသည့်အခါ အစားထိုးလဲလှယ်နိုင်ခွင့်၊ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချ ခြင်းမပြုနိုင်အောင် ဆောင်ရွက်သည့် ကြီးကြပ်မှုစနစ်နှင့် စည်းကမ်းဖောက်ဖျက် သူများ၊ တရားမဝင်ရောင်းဝယ်နေမှုများအား မည်သို့အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက စည်းကမ်းဖောက်ဖျက်သူများကို လိုင်စင်ပိတ်သိမ်းအရေးယူခြင်း၊ တရားမဝင်ရောင်းဝယ်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်ခြင်း၊ သတင်းပေးတိုင်ကြားစေသည့်စနစ်ကို ကျင့်သုံး ဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၂) ဒေါ်အေးမြမြမျိုး၊ ကျောက်တန်း မဲဆန္ဒနယ်မှ မေးမြန်းသော ကျောက်တန်းမြို့နယ်၊ တံတားမြို့ခွဲရှိ အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်းတွင် အသက်မွေး ဝမ်းကျောင်းပညာများ စဉ်ဆက်မပြတ် သင်ကြားပို့ချနိုင်ရန် ဘတ်ဂျက်ချထား ပေးရန်နှင့် ရက်တို၊ ရက်ရှည်သင်တန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စီမံဆောင်ရွက်ချက်များအရ ပို့ချမည့် သင်တန်း အစီအစဉ် ရေးဆွဲနိုင်မှုအပေါ်မူတည်ပြီး လိုအပ်မည့်ရန်ပုံငွေကို တင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါ်နန်းထွေးသူ၊ ဖားဆောင်းမဲဆန္ဒနယ်မှ မေးမြန်းသော ဖားဆောင်းမြို့နယ် တောင်သူများ အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် ထွန်ယက်နိုင်ရေးအတွက် မြို့နယ်ပိုင် လယ်ထွန်စက်ကြီး(၂)စီး၊ လက်တွန်းထွန်စက်(၄)စီးနှင့် လယ်စပါးရိတ်သိမ်း ခြွေစက်များကို ချပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အရစ်ကျ စနစ်နှင့်ဝယ်ယူနိုင်ရေးကိစ္စအတွက်ကိုသာ ဆောင်ရွက်ပေးနိုင်ပြီး၊ ဌာနသတ်မှတ် ဈေးနှင့် ထွန်ယက်ပေးနိုင်ရေးအတွက် ဌာနပိုင်လက်တွန်းထွန်စက်များ၊ ရိတ်သိမ်း ခြွေလှေ့စက်များကို လတ်တလောအခြေအနေတွင် ခွဲဝေချထားပေးနိုင်ခြင်းမရှိသေး ပါကြောင်းနှင့် ဌာနသတ်မှတ်ဈေးနှင့် ထွန်ယက်ပေးနိုင်မည့် ထွန်စက်ကြီး(၂)စီးကို ဖားဆောင်းမြို့နယ်မှာ စက်မှုလယ်ယာဝန်ဆောင်မှု ရှေ့တန်းစခန်းဖွင့်ပြီး ခွဲဝေ ချထားပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးစိုင်းထွန်းစိန်၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ မေးမြန်းသော မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန် ကျေးရွာအုပ်စု၊ ဝမ်ပေါင်ကျေးရွာ၊ နမ့်ဝုန်းချောင်းရေကို လက်လုပ်ဆည်ဖြင့် သွယ်တန်း၍ ဧက(၁၀၀)ခန့်အား ဆည်ရေများပေးနေမည့်အစား ခိုင့်ခံ့တောင့် တင်းသော သံကူကွန်ကရစ်မပါ သာမန်ကျောက်စီကွန်ကရစ်ဆည်ကို နမ့်ဝုန်းချောင်းမှ တည်ဆောက်သွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုနှင့်အညီ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်း များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ်မှ မေးမြန်းသော မြစ်သား မြို့နယ် စမုံမြစ်နှင့် ပန်းလောင်မြစ်ဘေးရှိ ရွာများအတွက် နောင်တွင် ရေကြီး ရေလျှံရေဘေးသင့်မှုမှ ကင်းဝေးစေရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြစ်ကမ်းပြိုကျမှုထိန်းသိမ်းကာကွယ်ခြင်း၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းများ၊ အသိပညာပေးဆွေးနွေးပွဲများနှင့်ဇာတ်တိုက် လေ့ကျင့်ခန်းများ ပြုလုပ်ပေးလျက်ရှိသည့်အပြင် ရေကြီးရေလျှံမှုဒဏ်ခံစားရသည့် ပြည်သူများအတွက် အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ ကူညီရေးအစီအစဉ်များကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်း များနှင့်ပေါင်းစပ် ညှိနှိုင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးစောသလေးစော၊ ရွှေကျင်မဲဆန္ဒနယ်မှ မေးမြန်းသော စာချုပ်စာတမ်း မှတ်ပုံတင် ရာတွင် သဘောသဘာဝချင်းကွဲပြားသည့် ရောင်းခွန်၊ ဝယ်ခွန်များ ထမ်းဆောင် ခြင်းနှင့် မှတ်ပုံတင်ကြေး ပေးသွင်းခြင်းတို့ကို သီးခြားစီပေးဆောင်စေရန် ပြင်ဆင် ပေးနိုင်ခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ကြေးပေးသွင်းရန်နှင့် ကျသင့်တံဆိပ်ခေါင်း တန်ဖိုးသတ်မှတ်ရာတွင် အခြေခံထားတွက်ချက်ရန် စာချုပ်စာတမ်း မှတ်ပုံတင် လုပ်ငန်းစိစစ်ရေးအဖွဲ့မှ သတ်မှတ်ပေးသည့်စံတန်ဖိုး (Guidance Value)နှင့် တွက်ချက်နည်းစနစ်များကို စာချုပ်စာတမ်း မှတ်ပုံတင်မည့် ပြည်သူများ သိရှိ နိုင်ရန်အတွက် ပွင့်လင်းမြင်သာစွာ ဖော်ပြပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က စာချုပ်စာတမ်းများမှတ်ပုံတင်ရာတွင် သဘောသဘာဝ ခြင်းကွဲပြားသည့် ရောင်းခွန်၊ ဝယ်ခွန်များထမ်းဆောင်ခြင်းနှင့် မှတ်ပုံတင်ကြေး ပေးသွင်းခြင်းတို့သည် သဘောသဘာဝမတူသော်လည်း လုပ်ငန်းတစ်ခုနှင့်တစ်ခု အပြန်အလည်ဆက်စပ်မှုများ ရှိနေသည့်အတွက်ကြောင့် သီးခြားစီ ဆောင်ရွက် ပေး၍မရပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ဂ ) အဆို (၁) ခုတင်သွင်းခြင်း
ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ် က စိုက်ပျိုးရေး စက်ကိရိယာများ အပြည့်အဝ မတင်သွင်း မသုံးစွဲနိုင်ခင်မှာ ရာသီအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်စေရန် လယ်ယာတွင် အသုံးပြု နေသော ခိုင်းကျွဲ၊ နွားများအား ပြင်ပသို့ တင်ပို့ရောင်းချနေခြင်းအား ကန့်သတ် တားမြစ်ပေးပါရန်နှင့် မှန်ကန်စွာ ကူညီထောက်ပံ့ဖြေရှင်းပေးပါရန် ပြည်သူ့လွှတ်တော်မှ အစိုးရသို့ တိုက်တွန်းကြောင်းအဆို တင်သွင်းပြီး ဦးအောင်သောင်းရွှေ၊ ဘူးသီးတောင် မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား မဲခွဲဆုံးဖြတ်ရာ ထောက်ခံသည့်ကိုယ်စားလှယ် ဦးရေက များသည့်အတွက် ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၂၄-၇-၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
(ဃ) နည်းဥပဒေ(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စုပေါင်း ပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေများ ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေး လိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၅-၇-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(င) ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေကြမ်း ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၅-၇-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
၃။ အစည်းအဝေးကို နံနက်(၁၁)နာရီ (၂၅)မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့်ရက်ကို ၂၄.၇.၂၀၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
