(ည)ဂျာနယ်လောကအရည်အသွေးမြင့်မားလာရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၇-၂-၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့မေးမယ့် မေးခွန်းကတော့ မီဒီယာကိစ္စဖြစ်ပါတယ်။ မီဒီယာကိစ္စဟာ အလွန်တစ်ရာမှလေးနက် ပြီးတော့ ကျယ်ဝန်းတဲ့အတွက်ကြောင့် အနည်းငယ်ဦးစွာရှင်းပြခွင့်ပြုစေလိုပါတယ်။ ယနေ့ကျွန်တော်တို့ နိုင်ငံတော်မှာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာမှာ မဏ္ဍိုင်လေးခုနှင့်ဖော်ဆောင်နေသလို စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ မီဒီယာနှင့် ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူပါဝင်တာအားလုံးအသိပဲဖြစ်ပါတယ်။ ဒီနေရာမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာရဲ့အခန်းကဏ္ဍဟာ အလွန်တစ်ရာမှအရေးပါတဲ့အချိန်ဖြစ်ပါတယ်။ ယနေ့ ပြည်သူများဟာလည်း အပြောင်းအလဲကိုလိုချင်တယ်။ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကလည်း ပြည်သူ့ အသံကို မီဒီယာကနေတစ်ဆင့်နားထောင်ပြီးတော့ နိုင်ငံတော်မှာပြုပြင်ပြောင်းလဲနေတဲ့ကာလဖြစ်ပါ တယ်။ ဥပမာအနေနဲ့တင်ပြရရင် ယနေ့ပြည်သူတွေက ယခင်ရှိတဲ့ Consultative ဖြစ်တဲ့ ရှေးရိုးစွဲတွေကို သိပ်မလိုလားတော့ပါဘူး။ ယနေ့ပြည်သူများအခြေမှာ ဝင်ပြီးတော့နားထောင်ကြည်‌့ရင် အားလုံးကအပြောင်းအလဲကို ကြိုက်ပါတယ်။ Consultative ဆိုတဲ့သဘောအရကိုက ပြောင်းလဲမှု နှေးကွေးမယ်။ ပြဿနာမတက်ဘူး။ အေးချမ်းစွာနဲ့နေနိုင်တယ်။ သို့သော် Liberal ရဲ့သဘောအရ တော့ သွက်သွက်လက်လက်နဲ့ပြောင်းလဲနိုင်တယ်။ အခက်အခဲတွေကိုကြုံရမယ်။ ယနေ့ပြည်သူကြိုက် တာ Liberal ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနေရာမျိုးမှာ မီဒီယာကတစ်ဖက်ကနေစောင်းပြီးတော့ရေး လိုက်ရင် ပြည်သူဟာအထင်မှားပြီးတော့ ယိမ်းသွားနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့လိုချင်တဲ့ ဦးတည်ချက် လားရာတွေလည်းပြောင်းလဲပြီးတော့ နှေးကွေးသွားနိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ မီဒီယာရဲ့တန်ဖိုး၊ မီဒီယာရဲ့အရေးပါမှုဟာ ဘယ်လောက်အထိအရေးကြီးတယ်ဆိုတာကို တင်ပြလိုတာ ဖြစ်ပါတယ်။ မီဒီယာလက်နက်ကအလွန်တစ်ရာမှ အစွမ်းထက်တဲ့အချိန်ဖြစ်ပါတယ်။ ဥပမာတစ်ခု အနေနဲ့တင်ပြရရင် အိမ်တစ်အိမ်မှာ အမိုးကလည်းမလုံဘူး။ အခင်းကလည်း မကောင်းဘူး။ အကာ တွေကလည်း ကောင်းကောင်းမွန်မွန်မရှိဘူး။ အဖေနဲ့အမေကတော့ သားသမီးတွေရဲ့စားဝတ်နေရေး အတွက်ဆောင်ရွက်နေရတယ်။ သားသမီးတွေကလည်း စားဝတ်နေရေးလောက်လောက်ငှငှမရှိဘူး။ ဒီအချိန်မှာ မိခင်ဖြစ်တဲ့အမေကတော့ နေ့စဉ်အိမ်မှာသားသမီးတွေရဲ့အခက်အခဲသိတဲ့အတွက်ကြောင့် စားဝတ်နေရေးပြေလည်ဖို့အတွက် အဓိကထားပြီးတော့ဖန်တီးမှာဖြစ်ပါတယ်။ သို့သော် ဖခင်ဖြစ်တဲ့ အဖေက ရတဲ့ငွေနဲ့အိမ်မှာလာပြီးတော့ တီဗွီတွေဝယ်လာတယ်။ ရေခဲသေတ္တာတွေဝယ်လာတယ်။ ပြန်စဉ်းစားကြည်‌့ရင်တော့ အဖေရောအမေရော နှစ်ဦးလုံးရဲ့ဆန္ဒကတော့ သားသမီးတွေအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် ဦးတည်ချက်နှင့်ရည်ရွယ်ချက်မတူကြပါဘူး။ ဒါကို မီဒီယာကအမျိုးမျိုး ရေးသားလို့ရပါတယ်။ မီဒီယာက အမေဘက်ကလိုက်ရေးမှာလား။ အဖေဘက်ကလိုက်ရေးမှာလား။ သူရေးလိုက်တဲ့အရေးအသားသည် ကျန်တဲ့သားသမီးတွေကို ထင်ရောင်ထင်မှားဖြစ်စေမှာဖြစ်ပါတယ်။ အမှန်တကယ်အဖြေကတော့ ဒီအဖေနှင့် အမေနဲ့တိုင်ပင်ပြီးတော့ သားသမီးတွေအတွက် အများဆုံး အကျိုးပြုနိုင်တဲ့အဖြေသည် အမှန်ဆုံးဖြစ်မှာဖြစ်ပါတယ်။ ဒါကို မီဒီယာများက မှန်မှန်ကန်ကန်နဲ့ ရှုမြင်သုံးသပ်ပြီးရေးရင် နိုင်ငံတော်အတွက်များစွာအကျိုးရှိပါတယ်။ ခုနက ကျွန်တော်တင်ပြတဲ့ ဥပမာ မှာပါတဲ့အတိုင်းပဲ သားသမီးတွေအတွက်အများဆုံးအကျိုးရှိနိုင်မယ့် လတ်တလောသားသမီးတွေက စားဝတ်နေရေးမပြေလည်တဲ့အတွက်ကြောင့် စားဝတ်နေရေးကိုဖြည်‌့ဆည်းပေးနိုင်တဲ့ အဖြေဟာ မှန်မယ်လို့ ကျွန်တော့်အနေနဲ့ယူဆပါတယ်။ ဒါမျိုးကို မီဒီယာကမှန်မှန်ကန်ကန်နဲ့ ဇောင်းပေးပြီးတော့ ဖော်ပြတတ်ဖို့လိုပါတယ်။ ကျွန်တော် အခုတင်ပြသွားတဲ့ မဏ္ဍိုင်ငါးခုဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူဆိုတဲ့ မဏ္ဍိုင်တွေကတော့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာက ထောက်ပြနေတဲ့အတွက်ကြောင့် ပြုပြင်မှု၊ ပြောင်းလဲမှုလုပ်နိုင်မယ်‌့အခြေအနေဖြစ်ပါတယ်။ သို့သော် ဒီလေးခုကိုထောက်ပြနေတဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကိုဘယ်သူကထိန်းကျောင်းမှာလဲ။ သူ့ကိုလည်း အလားတူစောင့်ကြည့်ပေးဖို့၊ ထိန်းကျောင်းပေးဖို့ နိုင်ငံတော်နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့တွေနဲ့ ဆောင်ရွက်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ ယနေ့ မီဒီယာကိုထိန်းကျောင်းပေးဖို့အတွက် မီဒီယာတွေက လည်းသူ့ကိုထောက်ပြပေးခြင်း၊ အကြံပေးခြင်း၊ အပြုသဘောနဲ့ဝေဖန်ခြင်းတွေကို ဝမ်းပန်းတသာနဲ့ လက်ခံကြိုဆိုပြီးတော့ မီဒီယာကဏ္ဍကနေလည်း ပြုပြင်ရမှာဖြစ်ပါတယ်။ ဒီအတွက် ယနေ့ပြန်ကြားရေး ဝန်ကြီးဌာနကနေ မြန်မာနိုင်ငံမှာ Only မီဒီယာလွတ်လပ်ခွင့်နဲ့စပ်လျဉ်းပြီးတော့ ပထမဦးဆုံး ပေါ်ထွက်လာမယ့်ဥပဒေဖြစ်တဲ့ ပုံနှိပ်စက်နှင့်ထုတ်ဝေစာများဥပဒေကို လွှတ်တော်ကိုတင်ပြဖို့အတွက် ကြိုးစားနေပါတယ်။ ဥပဒေမှာ အတိုကောက်ဝေါဟာရတွေ၊ စာပေနှင့် စာနယ်ဇင်းအခွင်‌့အရေးတွေ၊ ရပိုင်ခွင့်နှင့် ကျင့်ဝတ်တွေ၊ ထုတ်ဝေခွင့်ဆိုင်ရာမူဝါဒတွေ၊ Press Council ဖွဲ့စည်းရေးနှင့်ပတ်သက်တဲ့ အချက်အလက်တွေ၊ မှတ်ပုံတင်တာတွေ၊ အဖိုးအခတွေ၊ ပြည်ပကနေပြီးတော့ စာမူတွေတင်သွင်း တာတွေ၊ နောက်ပြစ်ဒဏ်တွေ၊ အထွေထွေ စတဲ့ အခန်း ၁၁ ခန်းပါမယ်လို့ကြားသိရပါတယ်။ ဒီဥပဒေဟာ ၁၉၃၁ ခုနှစ်ကပြဋ္ဌာန်းတဲ့ ထုတ်ဝေစာများနှင့်စပ်လျဉ်းတဲ့ ဥပဒေ၊ ၁၉၆၂ ခုနှစ်က ပြဋ္ဌာန်းတဲ့ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်တဲ့ဥပဒေနဲ့ ပြည်ပ ၁၈ နိုင်ငံက ဥပဒေတွေကို မှီငြမ်းပြီးတော့ ရှေ့နေချုပ်ရုံးကိုတင်ထားတယ်လို့သိရပါတယ်။ ဒါလည်း မကြာခင်ပြဋ္ဌာန်းတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ဝမ်းသာဂုဏ်ယူရမှာဖြစ်ပါတယ်။ မီဒီယာသမားများဟာ ဒီနေ့လေ့ကျင့်ပျိုး ထောင်နေရသည်ထက်ပိုပြီးတော့ ပြည်‌့စုံမယ်ဆိုရင်အရည်အသွေးနှင့် ခံယူချက်၊ အသိအမြင်တွေ ပိုပြီးတော့ ပြည်‌့ဝလာရေးနှင့် သူတို့ရဲ့စားဝတ်နေထိုင်မှုနဲ့ သွားလာရေးအဆင်ပြေဖို့အတွက်လိုအပ်နေ တာတွေ့ရမှာဖြစ်ပါတယ်။ ယနေ့ မီဒီယာလောကကို လေ့လာကြည်‌့မယ်ဆိုရင် လူငယ်မီဒီယာသမား များအနေနဲ့ ကြိုးကြိုးစားစားနဲ့လေ့လာမှုတွေလုပ်နေကြပေမယ့်လို့ ယနေ့ ဒီမိုကရေစီဖော်ဆောင်ရာ မှာ အဓိကအကျဆုံးဖြစ်တဲ့ မဏ္ဍိုင်သုံးခုအတွက်ထဲထဲဝင်ဝင်လေ့လာဖို့လိုမှာဖြစ်တယ်လို့တွေ့ရမှာဖြစ် ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ကြေကြေညက်ညက်နဲ့လေ့လာဖို့လည်းလိုပါတယ်။ ဥပဒေပေါင်း ၄၀၁ ခုနှင့်ပတ်သက်လို့လည်း အကျွမ်းတဝင်ရှိဖို့၊ လေ့လာဖို့လိုပါတယ်။ အလားတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာလည်း လေ့လာဖို့လိုပါတယ်။ ဥပဒေပြုနေတဲ့ လွှတ်တော်နဲ့ပတ်သက်လို့ ပြည်ထောင်စုအဆင့်လို့သတ်မှတ်ပေးထားတဲ့ ကော်မတီတွေရဲ့ ရပ်တည် ချက်၊ လှုပ်ရှားနေရတဲ့အခြေအနေ၊ အစိုးရအဖွဲ့နဲ့ ကော်မတီတွေရဲ့ရှည်လျားတဲ့ဆက်သွယ်ရေး လမ်းကြောင်းတွေ၊ မြို့နယ်အတွင်းမှာ ကိုယ်စားလှယ်တွေကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ဒါတွေကို လည်း မီဒီယာများကသိရှိပြီးတော့ မီးမောင်းထိုးပြတတ်ဖို့လိုမယ်လို့ထင်ပါတယ်။ ဒီ့အပြင် ဒီမိုကရေစီ ရဲ့အသွင်သဏ္ဌာန်နှင့် အနှစ်သာရပြည့်ဝဖို့ဆိုရင် ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ လွှတ်တော် ရှင်သန်ခိုင်မာဖို့အတွက် အားရှိဖို့လိုသလို လွှတ်တော်ကဖွဲ့စည်းတာဝန်ပေးထားတဲ့ ကော်မတီတွေ လည်းအားရှိနေဖို့ အင်အားတောင့်တင်းနေဖို့လိုသလို ဒီကော်မတီနှင့် လွှတ်တော်ရဲ့လုပ်ဆောင်မှု များသည် ပြည်သူလူထုအတွက်ဖြစ်တာမို့ ပြည်သူအနေနဲ့ နေ့စဉ်လွှတ်တော်မှာပြည်သူတွေအတွက် ဘာတွေလုပ်နေကြလဲဆိုတာ ပြည်သူအားလုံးကသိရှိလိုတာအမှန်ပဲဖြစ်ပါတယ်။ ဒါကို မီဒီယာကနေ ဝိုင်းဝန်းဆောင်ရွက်ဖို့လိုပါတယ်။ ယနေ့ထွက်ပေါ်နေတဲ့ ဂျာနယ်တွေကိုကြည်‌့မယ်ဆိုရင် ပြင်ပက ထုတ်တဲ့ဂျာနယ်တော်တော်များများမှာ ဖော်ပြပေးနေတာမှန်ပေမယ့်လို့ ကျွန်တော်တို့လွှတ်တော်စတင် ပေါ်ပေါက်တုန်းကတော့ သတင်းစာတို့၊ ရုပ်မြင်သံကြားတို့မှာနေ့စဉ်ပြည်သူကသိရပါတယ်။ ယနေ့ ပြည်သူတွေအနေနဲ့ ကိုယ်စားလှယ်‌တွေကိုရွေးပြီးလွှတ်လိုက်တာ လွှတ်တော်ထဲမှာဘာတွေလုပ်နေ ကြလဲ၊ သူတို့မြို့နယ်အတွက် လုပ်ရောလုပ်ရဲ့လား။ ဒီလိုသံသယဖြစ်စရာတွေ ဖြစ်လာနိုင်ပါတယ်။  ဒါကြောင့် ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်ကနေပြီး ရုပ်မြင်သံကြားမှာကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို အရေးကြီးတာတွေကောက်နုတ်ဖော်ပြပေးတာတို့၊ အလားတူပဲနေ့စဉ်ထုတ် သတင်းစာတွေမှာ ဖော်ပြပေးတာတို့လုပ်ဖို့လိုပါတယ်။ မနေ့ညက ၁၆-၂-၂၀၁၂ ရက်နေ့မှာတော့ ပြန်လည်ပြီးတော့ဖော်ပြတာတွေ့ရပါတယ်။ ယခင်ရက်တွေကတော့မတွေ့ခဲ့ရပါဘူး။ ယနေ့ မီဒီယာ လောကမှာ ဂျာနယ်ပေါင်းများစွာထွက်ပေါ်လာပါပြီ။ ဂျာနယ်များရဲ့အရေအတွက်ကများပြား ပေမယ့်လို့ အကြောင်းအရာကတော့ တစ်ထပ်တည်းနီးပါးဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါဟာလည်း ဂျာနယ်တွေရဲ့ယနေ့ရှိနေတဲ့ အရည်အသွေးတွေဖြစ်ပြီးတော့ မကြာသောကာလမှာတိုးတက်လာ မယ်လို့ထင်ပါတယ်။ များပြားတဲ့ဂျာနယ်တွေဟာ တရားသူကြီးတွေလိုပဲ မှန်မှန်ကန်ကန်နဲ့ရပ်တည် ပြီးတော့ မျှမျှတတနဲ့ သတင်းတွေ၊ ဓာတ်ပုံတွေကိုရေးသားဖော်ပြပေးနိုင်မယ်ဆိုရင်တော့ အတိုင်း အတာတစ်ခုထိ အောင်မြင်မယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဂျာနယ်တွေဟာ မိမိရဲ့အကျိုးစီးပွားအတွက် ကြည်‌့ရသလို နိုင်ငံတော်အတွက်လည်းကြည်‌့ကြပါ။ အချိန်ကာလအလျောက် ပြောင်းလဲနေတဲ့ ပြည်သူရဲ့အကြိုက်ကိုဆောင်မယ့် သတင်းများကို ပုံသဏ္ဌာန်၊ အရောင်အသွေးအမျိုးမျိုးနဲ့ ဝယ်လိုအား တိုးတက်အောင်ဆောင်ရွက်နေကြခြင်းဟာ ကောင်းမွန်တဲ့ယှဉ်ပြိုင်မှုပဲဖြစ်ပါတယ်။ သို့သော် ဥပမာ အနေနဲ့တင်ပြရရင် နိုင်ငံတော်ကနေ၊ လွှတ်တော်ကနေ ဥပဒေတစ်ခုကိုပြဋ္ဌာန်းပါတယ်။ နိုင်ငံတော် အနေနဲ့တော့ ညဘက်မှာဥပဒေကိုကြေညာပါတယ်။ မနက်မှာကြေညာပါတယ်။ ရုပ်မြင်သံကြားတို့၊ ရေဒီယိုတို့ကနေ တင်ပြခြင်းဖြစ်တယ်။ ဒီဥပဒေကို နောက်နေ့ထုတ်တဲ့သတင်းစာမှာ အစအဆုံး တစ်ကြိမ်ဖော်ပြပေးပါတယ်။ ဒီလိုဖော်ပြပေးရုံနဲ့တော့ ကျွန်တော်ထင်ပါတယ်။ ပြည်သူလူထုက ဒီဥပဒေကို မကြားလိုက်ရတဲ့ပြည်သူ၊ မဖတ်လိုက်ရတဲ့ ပြည်သူတွေများစွာရှိပါတယ်။ ဒါကြောင့် ဒါမျိုးတွေကိုလည်းဖြစ်နိုင်မယ်ဆိုရင် ဂျာနယ်များကလည်းဝိုင်းဝန်းကူညီပြီးတော့ အမျိုးသားနိုင်ငံရေး စိတ်ဓာတ်နဲ့ဖော်ပြပေးဖို့ လိုမယ်လို့ထင်ပါတယ်။ ကျွန်တော် ဒီနေ့တင်ပြမယ့်မေးခွန်းကတော့ ယနေ့ နိုင်ငံတော်မှာရုပ်ရှင်လောက၌ဆင်ဆာဖြေလျှော့မှုများ၊ စာပေလောက၌ လွတ်လပ်ခွင့်များစတင်ရရှိ လာပြီဖြစ်ရာ ငွေကြေးသြဇာကြီးမားသူများမှ ရုပ်ရှင်လောကနှင့် စာပေလောကသို့ ဝင်ရောက်ပြီး ၎င်းမှတစ်ဆင့် အဆိုပါငွေရှင်ကြေးရှင်များ၊ လူထုအတွင်းသြဇာရှိလိုသူများသည် ဂျာနယ်ထုတ်ဝေသူ များတွင် ပါဝင်လာကြပါတယ်။ ယနေ့ဂျာနယ်လောကတွင် ထွက်ရှိလာသော ဂျာနယ်များမှာ အမြတ်အစွန်း ရယူလိုသူ၊ ပြည်သူလူထုအပေါ် သြဇာညောင်းလိုသူများကြောင့် စောင်ရေများပြား လာသော်လည်း တူညီသောအကြောင်းအရာများသာ ထည်‌့သွင်းဖော်ပြမှုများ များပြားနေခြင်း၊ အဖွဲ့အစည်းဂိုဏ်းဃနအစွဲပါသော သတင်းအကြောင်းအရာများသာများပြားလာခြင်းကိုတွေ့ရှိနေရပြီး ရေရှည်တွင် ဂျာနယ်များ၏ အရည်အသွေးကိုကျဆင်းစေပြီး ဝါသနာကိုအရင်းခံ၍လုပ်ကိုင်နေသော ယုံကြည်ချက်၊ ခံယူချက်ရှိသူများအတွက် များစွာဆုံးရှုံးနစ်နာမှုကို ဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာကဏ္ဍမှဂျာနယ်လောကတွင် တစ်ဖက်သတ်ဘက်လိုက်၍ရေးသား သော အရေးအသားများပြည်သူလူထုရှေ့မှ ပျောက်ကွယ်သွားရေး၊ ပြည်သူ့လိုအင်ဆန္ဒ၊ အမှားအမှန် ကို သမာသမတ်ကျကျသိက္ခာရှိရှိ မျှတစွာရေးသားထုတ်ဝေသော တိုင်းကျိုးပြည်ပြုဂျာနယ်များ ထွက်ပေါ်လာရေး၊ ဝါသနာအရင်းခံ၍ ဝင်ရောက်လုပ်ကိုင်နေသော ယုံကြည်ချက်၊ ခံယူချက်ရှိသူများ စိတ်အေးချမ်းသာစွာ သင့်တင့်သောအရင်းအနှီးဖြင့် ဂျာနယ်များထုတ်ဝေရပ်တည်နိုင်ဖို့အတွက် စည်းမဲ့ကမ်းမဲ့ငွေရှာ၊ စီးပွားရှာသူများလျော့နည်းပပျောက်သွားရေးနှင့် ဂျာနယ်လောကမှလူငယ် သတင်းထောက်များ ယခုထက်အရည်အသွေးပိုမိုမြင့်မားစေဖို့အတွက် မည်သို့အကာအကွယ်ပေး ဆောင်ရွက်နိုင်မည်ကို ပြန်လည်ဖြေကြားပေးဖို့ တင်ပြအပ်ပါသည် ။

 

ဖြေကြားသူ
ဦးစိုးဝင်းဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသောပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။  ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးရဲ့မေးမြန်းချက်မှာ ဂျာနယ်များမှာအမြတ်အစွန်းရယူ လိုသူ၊ ပြည်သူလူထုအပေါ်သြဇာညောင်းလိုသူများကြောင့် စောင်ရေများ များပြားလာသော်လည်း တူညီသောအကြောင်းအရာများသာ ထည်‌့သွင်းဖော်ပြမှုများ များပြားနေခြင်း၊ အဖွဲ့အစည်းဂိုဏ်းဃန အစွဲပါသောအကြောင်းအရာများသာ များပြားလာခြင်းတို့ကိုတွေ့ရှိနေရပြီး ရေရှည်တွင်ဂျာနယ်များ၏ အရည်အသွေးကိုကျဆင်းစေပြီး ဝါသနာကိုအရင်းခံ၍လုပ်ကိုင်နေသော ယုံကြည်ချက်၊ ခံယူချက်ရှိသူ များအတွက် များစွာဆုံးရှုံးနစ်နာမှုကိုဖြစ်ပေါ်စေနိုင်ကြောင်းဖော်ပြထားပြီး မည်သို့အကာအကွယ်ပေး ဆောင်ရွက်နိုင်မည်ကို မေးခွန်းလေးခုနဲ့မေးမြန်းထားပါတယ်။ မေးခွန်း(၁)ဖြစ်တဲ့ နိုင်ငံတော်ရဲ့စတုတ္ထ မဏ္ဍိုင်ဖြစ်သော မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင်တစ်ဖက်သတ် ဘက်လိုက်၍ရေးသားသော အရေးအသားများ ပြည်သူ့ရှေ့မှောက်မှပျောက်ကွယ်သွားရေးအတွက် အခုနိုင်ငံတော်အစိုးသစ်တာဝန် ယူချိန်မှစတင်၍ ပြန်ကြားရေးဝန်ကြီးဌာနက လွတ်လပ်မှုနှင့် တာဝန်ယူမှုရှိသော၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားရှိသော စာပေနှင့် စာနယ်ဇင်းသမားများဖြစ်လာစေရန် တာဝန်သိမှု၊ တာဝန်ရှိမှုနှင့် တာဝန်ယူမှုနဲ့ဆောင်ရွက်ကြရန်အပြင် စာပေစိစစ်ရေးမူများသတ်မှတ်၍ စစ်ဆေးကြပ်မတ်လျက်ရှိပါ တယ်။ နောင်မှာ ပုံနှိပ်ဥပဒေသစ်တစ်ရပ်ပေါ်ပေါက်လာတဲ့အခါ ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ စာပေလောကသားများ၊ စာဖတ်သူပြည်သူများကလည်း ထိုသို့သောအရေး အသားများအား ကြိုက်နှစ်သက်ခြင်းမရှိ၊ မဖတ်ဘဲဝယ်ယူခြင်းမပြုပါက ချုပ်ငြိမ်းကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။ မေးခွန်း(၂)ဖြစ်တဲ့ ပြည်သူ့လိုအင်ဆန္ဒအမှန်/အမှားကို သမာသမတ်ကျကျသိက္ခာရှိရှိ မျှတစွာ ရေးသားထုတ်ဝေသော တိုင်းကျိုးပြည်ပြုဂျာနယ်များထွက်ပေါ်လာရေးအတွက် အရည်အသွေး မီသော စတုတ္ထမဏ္ဍိုင်ဖြစ်ပေါ်လာစေရန်အတွက် လွတ်လပ်မှုနှင့်တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရား ယှဉ်တွဲရေးသားခြင်း၊ အမျိုးသားရေးကို အခြေခံရေးသားခြင်း၊ ဘက်မလိုက်ခြင်း၊ အကြောင်းအရာတစ်ရပ်ကို တစ်ထောင့်တစ်ဖက်ထဲမှရေးသားခြင်းမဟုတ်ဘဲ ထောင့်စုံဘက်စုံမှ ရေးသား၍ ပြည်သူအားအသိပေးခြင်း၊ စာပေလောကအတွင်း Unity And Democracy တည်ဆောက်ခြင်းများဖြစ်တဲ့မူဝါဒ ၅ ရပ်ချမှတ်တိုက်တွန်းပြီး အကောင်အထည်ဖော်ရန် ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အနာဂတ်မှာပုံနှိပ်ဥပဒေနှင့်အညီပေါ်ပေါက်လာမယ့် Press Council ကဲ့သို့ အဖွဲ့အစည်းမျိုးဖြင့် ဆက်လက်ထိန်းကျောင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ မေးခွန်း(၃) ဖြစ်တဲ့ဝါသနာအရင်းခံပြီး ဝင်ရောက်လုပ်ကိုင်နေသော ယုံကြည်ချက်၊ ခံယူချက်ရှိသည့်လူများ စိတ်အေးချမ်းသာစွာ သင့်တင့်သော အရင်းအနှီးဖြင့်ဂျာနယ်များထုတ်ဝေရပ်တည်နိုင်ရေး၊ စည်းကမ်းမဲ့ ငွေရှာ၊ စီးပွားရှာသူများ လျော့နည်းပပျောက်လာရေး မည်သို့ကာကွယ်ပေးနိုင်မည်‌့အပေါ် ယခုအခါ မှတ်ပုံတင်ထားသော ပုံနှိပ်ထုတ်ဝေသူများ၊ ၎င်းတို့၏ထုတ်ဝေစာများနှင့် စည်းကမ်းချိုးဖောက်သူ များကို တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ နောင်တွင် ပုံနှိပ်ဥပဒေသစ်ပြဋ္ဌာန်း ပေါ်ပေါက်လာသည့်အခါ ဥပဒေနှင့်အညီ ပြည်သူကပဲကြပ်မတ်ထိန်းကျောင်း ပေးကြရမှာဖြစ်ပါတယ်။ မေးခွန်း(၄)ဖြစ်တဲ့ ဂျာနယ်လောကမှ လူငယ်သတင်းထောက်များယခုထက် ပိုမို၍အရည်အသွေး မြင့်မားလာရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့တို့ ပူးပေါင်း၍ ၂၀၀၉ ခုနှစ်မှစတင်ပြီး စာနယ်ဇင်းအခြေခံပညာသင်တန်း၊ စာနယ်ဇင်း ပညာအထူးသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ ဒီသင်တန်းများမှာ နိုင်ငံတကာမှ စာနယ်ဇင်းအတတ်ပညာရှင်များအား ဖိတ်ခေါ်ခြင်း၊ ပြည်တွင်းမှဝါရင့်စာနယ်ဇင်းဆရာကြီးများအား ဖိတ်ခေါ်ခြင်းများဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်ပါတယ်။ စာနယ်ဇင်းအ‌ြခေခံပညာသင်တန်းနှင့် စာနယ်ဇင်းပညာသင်တန်း သုံးကြိမ်စီဖွင့်လှစ်နိုင်ခဲ့ပြီး လူငယ်သတင်းထောက် ၁၅၀ ဦးခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ စာရေးဆရာအခြေခံသင်တန်းကိုလည်း နှစ်ကြိမ်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီး စာရေးဆရာ ၁၀၀ ဦးခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အနာဂတ်မှာ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့နဲ့ Press Council ကဲ့သို့အဖွဲ့အစည်းမျိုးက စာပေနှင့် စာနယ်ဇင်းသမားများအတွက် စာနယ်ဇင်းပညာဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ (Work Shop) နှင့် စာတမ်းဖတ်ပွဲ(Seminar) များပြုလုပ်ခြင်းတို့ဖြင့် အရည်အချင်းမြှင့်တင်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်ဝေသူများ၊ ဂျာနယ်တိုက်များအစီအစဉ်ဖြင့်လည်း စာနယ်ဇင်းသမားများကို အရည်အသွေး မြင်‌့မားလာအောင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ စာပေနှင့်စာနယ်ဇင်းသမား (Journalist) များ ကိုယ်တိုင်ကလည်း အသိစိတ်ဓာတ်ဖြင့် စတုတ္ထမဏ္ဍိုင်ပီသသော အရည်အသွေးမြင့်မားသည်‌့ စာနယ်ဇင်းသမားကောင်းများဖြစ်လာစေရန် စဉ်ဆက်မပြတ်လေ့လာပြီး ကြိုးစားနေကြရမှာဖြစ်ပါ တယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာပေစိစစ်ရေးမူများသတ်မှတ်၍ စစ်ဆေးကြပ်မတ်မှုတွင် ပုံနှိပ်သူနှင့်ထုတ်ဝေသူများလိုက်နာရမယ့် စာပေထုတ်ဝေရေးဆိုင်ရာမူဝါဒ ၁၂ ချက်သတ်မှတ်၍ ၎င်းမူဝါဒများအတိုင်း လိုက်နာပုံနှိပ်ထုတ်ဝေစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အနာဂတ်မှာ ပုံနှိပ်ဥပဒေသစ်နှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်သင့်လျော်ကိုက်ညီမည့် ပုံနှိပ်ဥပဒေသစ်တစ်ရပ်ကို ရေးဆွဲပြုစုပြီး ပြဋ္ဌာန်းပေါ်ပေါက်လာနိုင်စေရန် ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းပုံနှိပ်ဥပဒေသစ်တွင် နိုင်ငံပေါင်း  ၂၀ ခန့်၏ပုံနှိပ်ဥပဒေများအားလေ့လာ၍ စာပေစာနယ်ဇင်းသမားများအတွက် ရပိုင်ခွင့်၊ ကျင့်ဝတ်နှင့် တာဝန်များ၊ စာပေထုတ်ဝေရေးမူဝါဒများ ပါဝင်အောင်ရေးဆွဲ၍ ရှေ့နေချုပ်ရုံးသို့ ပေးပို့ထားပြီး ဖြစ်ပါတယ်။ နောင်မှာ ပြဋ္ဌာန်းပေါ်ပေါက်လာမယ့် ပုံနှိပ်ဥပဒေသစ်နှင့်အညီ လိုက်နာဆောင်ရွက် ကြရမှာဖြစ်ကြောင်း ‌ဖြေကြားထားပါသည် ။