(ည) GSM / CDMA ဖုန်းတပ်ဆင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၅.၂.၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစီခန်ရမ်ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့် အနေနဲ့ ခေါင်လန်ဖူးမြို့နယ်တွင်  CDMA/GSM ဖုန်းတပ်ဆင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းတင်ပြ လိုပါတယ်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုအစိုးရအနေနဲ့ မျက်မှောက်ကာလမှာ နိုင်ငံတော်ကြီး ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နေ့မအား၊ ညမနားဆောင်ရွက် လျက်ရှိတာကို တွေ့မြင်ရပါတယ်။ နိုင်ငံတော်ကြီးခေတ်မီဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့အဆင့်အတန်းမီရေး အတွက် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့က စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နိုင်မှု အောင်မြင်မှုများကို တွေ့မြင်ရပါသဖြင့် ဂုဏ်ယူဝမ်း‌ြမောက်ကြပါတယ်။ အချိန်နှင့်တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ ဆက်သွယ်ရေးကဏ္ဍ လွန်စွာအရေးကြီးတယ်ဆိုတာ အားလုံး အသိဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံများမှာ နိုင်ငံသားတိုင်း လက်ကိုင်ဖုန်းကိုယ်စီ ကိုင်ဆောင် အသုံးပြုခြင်းကိုလည်း သိမြင်ရပါတယ်။ ပူတာအိုခရိုင်တွင် မြို့နယ်များ ဖုန်းတပ်ဆင်ပေး ပြီးဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ အလှမ်းဝေးသော ခေါင်လန်ဖူးမြို့နယ်တွင် ယနေ့တိုင်တပ်ဆင်ပေးခြင်းမရှိသေးပါ။ အမျိုးသားစီမံကိန်းလုပ်ငန်းစဉ်တွင်လည်း ထည့်သွင်းပေးခြင်း မရှိသေးသည်ကို လေ့လာတွေ့ရှိရပါသဖြင့် လွန်စွာဝမ်းနည်းမိပါတယ်။ ခေါင်လန်ဖူးမြို့နယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသောမြို့နယ်ဖြစ်ပါတယ်။ ဒါကြောင့် နယ်‌ြမေဒေသလုံခြုံရေးအတွက် အရေးကြီးသောမြို့နယ်လည်းဖြစ်ပါတယ်။ အရေးပေါ်ကိစ္စဆက်သွယ် ဆောင်ရွက်ရန် ဆက်သွယ်ရေးမှအပအခြားနည်းလမ်းမရှိပါ။ ဆက်သွယ်ရေးကြေးနန်းရုံး ရှိသော်လည်း ရာသီဥတုအခြေအနေနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်၍မရသော အဖြစ်အပျက်များ ကြုံခဲ့ရပါတယ်။ ပြီးခဲ့သောရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ ခေါင်လန်ဖူးခရီးစဉ်တွင် ကြေးနန်းအဆက်အသွယ်မရ၍ ခရီးစဉ်ပျက်ခဲ့ပါတယ်။ အလားတူအရေးပေါ် ကိစ္စများအဆက်အသွယ်မရ၍ ဆောင်ရွက်ရန်လုပ်ငန်း နှေးကွေးခြင်း၊ ပျက်ကွက်ခြင်းများမကြာခဏ ကြုံတွေ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခေါင်လန်ဖူးမြို့နယ်တွင် နိုင်ငံတော်အကြီးအကဲများ၏ ‌မေတ္တာစေတနာဖြင့် ပြည်ခိုင်ဖြိုးအသင်းကာလတွင် ICON စကားပြောစက်များတပ်ဆင်ပေးခဲ့မှုကြောင့် ယနေ့မြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့် ကျေးလက်အုပ်ချုပ်ရေးမှူးများ ကိုင်ဆောင်အသုံးပြုခဲ့ကြသဖြင့် မြို့နယ်အတွင်း အုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့် လူမှုရေးကိစ္စများတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ထိရောက်အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ သို့ရာတွင် ခေတ်ကာလအချိန်အခါနှင့် နယ်‌ြမေဒေသလုံခြုံရေးတာဝန်ရှိသူများက ကိုင်ဆောင်ခွင့်မပြုနိုင်ကြောင်း အမိန့်စာများထုတ်ပြန်ထား သဖြင့်ကိုင်ဆောင်သူများစိတ်အနှောင့်အယှက်နှင့် စည်းရုံးရေးအနည်းနှင့် အများကျဆင်းစေခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံသားတိုင်း ဥပဒေဘောင်အတွင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိုင်ဆောင်နိုင်ရေး အတွက် ခေါင်လန်ဖူးမြို့နယ်တွင် မရှိမဖြစ်လိုအပ်သော CDMA/GSMဖုန်းတပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အကယ်၍တပ်ဆင်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် တပ်ဆင်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း လေးစားစွာမေးမြန်းထားပါသည်။

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား။ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့မှာ CDMA-450 တပ်ဆင်ခြင်းလုပ်ငန်းကို စတင်   ဆောင်ရွက်လျက်ရှိပါတယ်။ ရေဒီယို၊ တာဝါ၊ အင်ဂျင်စတဲ့ပစ္စည်းများ မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး ဖြစ်ပါတယ်။ မြစ်ကြီးနား-ပူတာအိုမှတစ်ဆင့် ကျွန်တော်တို့ ခေါင်လန်ဖူးကို ဆက်လက်ပို့ဆောင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ‌ြမေနေရာရရှိရေး၊ စက်မှုအဆောက်အဦ ဆောက်လုပ်ခြင်းနှင့် တာဝါဖောင်ဒေးရှင်းလုပ်ငန်းများလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ခေါင်လန်ဖူးမြို့ မှာ ၂၀၁၂ ခုနှစ်၊ ဧပြီလကုန်ခန့်မှာ CDMA-450 မိုဘိုင်းတယ်လီဖုန်းများ စတင်အသုံးပြုနိုင်မှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနဟာ ဆက်သွယ်မှု လုပ်ငန်းများကို ပြည်သူများဈေးနှုန်းသက်သာပြီးတော့ အစဉ်ပြေချောမွေ့စွာ ပြောဆိုဆက်သွယ်နိုင် အောင် ဆောင်ရွက်ပေးရတဲ့ဌာနဖြစ်ပါတယ်။ ဒီလိုဖြစ်စေရန်လည်းပဲ အဆက်ဆက်သောတာဝန်ရှိသူ အားလုံးဟာ ကြိုးစားဆောင်ရွက်ခဲ့ကြသလို ယခုလည်းပဲ ကျွန်တော်တို့ အထူးကြိုးစားဆောင်ရွက် နေကြပါတယ်။ ယခုကဲ့သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများမှ မေးမြန်းဆွေးနွေးကြတဲ့ အတွက် ကျွန်တော်တို့အနေဖြင့် နယ်‌ြမေဒေသရဲ့လိုအပ်ချက်ကို ချက်ချင်းသိရှိနိုင်ပြီးတော့ လျင်မြန်စွာ ဆောင်ရွက်နိုင်တဲ့အတွက် နယ်‌ြမေဒေသမှာ နေထိုင်ကြတဲ့ပြည်သူများ လွန်စွာအကျိုးရှိပါတယ်။ ဆက်လက်ပြီးတော့လည်းပဲ ဆက်သွယ်မှုကဏ္ဍနှင့်ပတ်သက်၍ ကျွန်တော်တို့ ဆောင်ရွက်ပေးရမယ့် ဒေသ၊ ရပ်ရွာများရှိခဲ့ပါက လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများမှ ကျွန်တော်တို့ဝန်ကြီးဌာနသို့ အသိပေးအကြောင်းကြားပေးနိုင်ပါရန် ဖြေကြားထားပါသည်။