လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များနဲ့ လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျား။ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ၍ ဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်အလယ်ပိုင်း၊ မောက်မယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့် အနေနဲ့ မဲဆန္ဒရှင်လုပ်သားပြည်သူများကိုယ်စား GSM သို့မဟုတ် CDMA တာဝါတိုင်လွှင့်စက် တပ်ဆင်မှုနှင့် ပတ်သက်သောမေးခွန်းကို မေးမြန်းမှာဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ၏မေးမြန်းချက်များကို ဖတ်ကြားတင်သွင်းခွင့် တောင်းခံအပ်ပါတယ်ခင်ဗျား။ ရှမ်းပြည်နယ် အလယ်ပိုင်း၊ လင်းခေးခရိုင်အတွင်းရှိ မောက်မယ်၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်နှင့် ဟိုမိန်းမြို့နယ်ခွဲတို့တွင် IP Star ဂြိုလ်တုဖုန်းများဖြင့် အချိန်ပိုင်းအလိုက်ဆက်သွယ်နိုင်ကြပြီး မောက်မယ်မြို့နယ်တွင် ကြိုးဖုန်းများ ခွဲဝေချထားပေးပါသော်လည်း သတ်မှတ်သော ဖုန်းအလုံးရေမပြည့်မီနိုင်သဖြင့် တပ်ဆင် နိုင်ခြင်းမရှိသေးပါဘူး။ ယခုအခါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သုံးသိန်းတန်ဖုန်းများ ချပေးမည်ဟု ကြေညာထားပြီးဖြစ်သော်လည်း မည်သည့်အမျိုးအစားဖြစ်ကြောင်းနှင့် မည်သည့်အချိန် တွင်ဆက်သွယ်အသုံးပြုနိုင်မည်ကို လုပ်သားပြည်သူများမှ သေချာစွာ မသိရှိရသေးပါခင်ဗျား။ သို့ဖြစ်ပါ၍ လင်းခေးခရိုင်အတွင်းရှိ ပြည်သူလူထုများ လွယ်ကူစွာကိုင်တွယ်သုံးစွဲနိုင်မည့် GSM သို့မဟုတ် CDMA တာဝါတိုင်လွှင့်စက် တပ်ဆင်ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးနိုင်မည့် အချိန်ကာလများကို သိရှိလိုပါသဖြင့် ပြည်သူလူထု ကိုယ်စား ရိုသေစွာ တင်ပြမေးမြန်းထားပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ကြီးမားလှတဲ့ နိုင်ငံတော်ရဲ့တာဝန်ကို ကိုယ်စိတ်နှစ်ပါးကျန်းမာ၊ ချမ်းသာစွာဖြင့် ထမ်းဆောင်နိုင်ကြပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ လေးစားစွာ ဆန္ဒပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီး ဦးစိုင်းငေါင်းဆိုင်ဟိန်း မေးသွားတဲ့မေးခွန်းကို ကျွန်တော် ပထမြဖေကြားသွား မှာဖြစ်ပါတယ်ခင်ဗျား။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့မှာ CDMA-450 တယ်လီဖုန်း လိုင်း အင်အား ၇၅၀ တပ်ဆင်ခြင်းလုပ်ငန်းအတွက် စက်မှုအဆောက်အဦီ Tower Foundation လုပ်ငန်း များ ပြီးစီးပြီးဖြစ်ပါတယ်။ Tower တပ်ဆင်ခြင်း၊ Transmission တပ်ဆင်ခြင်း၊ Radio တပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ဆဲဖြစ်တဲ့အတွက် ၂၀၁၂ ခုနှစ်၊ ယခု ဖေဖော်ဝါရီလကုန်ခန့်မှာ လင်းခေးမြို့ မှာ CDMA-450 Mobile တယ်လီဖုန်းများကို စတင်အသုံးပြုနိုင်မှာဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့မှာ GSM Mobile တိုးချဲ့တပ်ဆင်ရေးစီမံကိန်းရဲ့ ပထမနှစ် ၂၀၁၂ ခုနှစ်၊ သြဂုတ်လကုန်မှာ GSM လိုင်းအင်အား ၃၀၀၀ ဖြင့် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့မှာ CDMA-450 လိုင်းအင်အား ၄၀၀ တပ်ဆင်ခြင်းလုပ်ငန်းအတွက် စက်ပစ္စည်းများမှာယူပို့ဆောင်ထားဆဲ ဖြစ်ပါတယ်။ စက်မှုအဆောက်အဦ၊ တာဝါစတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေပြီးတော့ ယခုနှစ်ဧပြီလ ကုန်မှာ မောက်မယ်မြို့မှာ CDMA-450 တယ်လီဖုန်းကို စတင်အသုံးပြုနိုင်မှာဖြစ်ကြောင်း တင်ပြအပ် ပါတယ်။ ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့မှာ GSM Mobile တိုးချဲ့တပ်ဆင်ရေး စီမံကိန်းကို လာမည့်နှစ်မှာ လိုင်းအင်အား ၁၅၀၀ ဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တင်ပြအပ် ပါတယ်။ ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့မှာ CDMA-450 လိုင်းအင်အား ၃၀၀ တပ်ဆင်ခြင်းအတွက် စက်ပစ္စည်းများ ပို့ဆောင်နေဆဲဖြစ်ပါတယ်။ စက်မှုအဆောက်အဦ၊ တာဝါ လုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီးတော့ ၂၀၁၂ ခုနှစ်၊ ဧပြီလကုန်ခန့် ယခုနှစ် ဧပြီလကုန်ခန့်မှာ မိုးနဲမြို့မှာ CDMA-450 တယ်လီဖုန်းတွေကို စတင်အသုံးပြုနိုင်မှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့မှာ GSM Mobile တိုးချဲ့တပ်ဆင်ရေးစီမံကိန်းရဲ့ လာမည့်နှစ်မှာ GSM လိုင်းအင်အား ၁၅၀၀ ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြ အပ်ပါတယ်။ ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့မှာ CDMA-450 လိုင်းအင်အား ၁၂၅၀ တပ်ဆင်ခြင်းလုပ်ငန်းအတွက် စက်ပစ္စည်းများပို့ဆောင်နေဆဲဖြစ်ပါတယ်။ စက်မှုအဆောက် အဦ၊ တာဝါစတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေဆဲဖြစ်ပြီးတော့ ယခုနှစ် ဧပြီလကုန်ခန့်မှာ မိုင်းပန်မြို့မှာ CDMA-450 Mobile တယ်လီဖုန်းများ စတင်အသုံးပြုနိုင်မှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့မှာ GSM Mobile တိုးချဲ့တပ်ဆင်ရေးစီမံကိန်းရဲ့ လာမည့်နှစ်မှာ GSM လိုင်းအင်အား ၁၅၀၀ ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။ ဆက်လက်ပြီး တော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုမိန်းမြို့မှာလည်း GSM Mobile တိုးချဲ့တပ်ဆင်ရေးစီမံကိန်းရဲ့ လာမည့်နှစ်မှာ GSM လိုင်းအင်အား ၁၅၀၀ ဖြင့်ပဲ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားထားပါသည်။
