(င)-တန့်ယန်းမြို့၊ မိုင်းပတ်ကျေးရွာအုပ်စု၊ မန်ပန်ရွာရှိ မန်ပန်ဆည်အား ကွန်ကရစ်ဆည်အဖြစ် တည်ဆောက် နိုင်ရန် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဒုတိယ(၆)လပတ်တွင် ရန်ပုံငွေလျာထား ဆောင်ရွက်နိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၀.၆.၂၀၁၈)

 

မိုင်းပတ်အုပ်စုသည် မြို့နယ်၏ဆန်၊ စပါးအတွက် အားထားရသည့် မြို့နယ်ဆန်အိုးကြီး ပြောရင်ရပါကြောင်း။ မိုင်းပတ်ကျေးရွာအုပ်စု၊ မန်ပန်လယ်သမားများ စိုက်ပျိုး လုပ်ကိုင်သည့် လယ်ကွင်းထဲတွင် နမ့်ပတ်ချောင်းပိတ် မန်ပန်ဆည်သည် အလျားပေ ၁၅၀၊ အမြင့်ပေ ၉ ပေ၊ အကျယ်ပေ ၂၀ ရှိ လက်ရိုက်ဆည်တစ်ခုဖြစ်ပြီး ဆည်၏လက်ယာဘက်မှ တစ်မိုင်ခွဲခန့်ရှည်သည့် ရေသွယ်မြောင်းဖြင့် ရေသွယ်စိုက်ပျိုးလျက်ရှိပါကြောင်း။ တောင်သူ ၂၂ ဦး၊ လယ်မြေဧက ၁၀၀ နီးပါး အားထားရပါကြောင်း။ ၎င်းဆည်လေးသည် သစ်၊ မျောများဖြင့် တောင်သူများ ကိုယ်ထူကိုယ်ထ တည်ဆောက် ထားသဖြင့် ရေကြီးချိန် ကျိုးပေါက်ပြီး နှစ်စဉ်ပြုပြင်တည်ဆောက်ရသည့်အခက်အခဲနှင့် လယ်သမားများ ကြုံတွေ့နေရကြောင်းနှင့် ကွန်ကရစ်ဖြင့် အခိုင်အမာတည်ဆောက်ပေးစေရန် မဲဆန္ဒရှင်များနှင့် တွေ့ဆုံရာတွင် လယ်သမားများက တင်ပြလာပါကြောင်း။ သို့ဖြစ်ပါ၍ တန့်ယန်း မြို့နယ်၊ မိုင်းပတ်ကျေးရွာအုပ်စုရှိ မန်ပန်ဆည်အား ကွန်ကရစ်ဖြင့် အခိုင်အမာတည်ဆောက်ပေးရန် အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိသေးပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ မိုင်းပတ် ကျေးရွာ အုပ်စု၊ မန်ပန်ကျေးရွာမှာရှိသည့် နမ့်ပတ်ချောင်းပေါ်မှာ သစ်၊ ဝါးတွေနဲ့ တည်ဆောက်ထားသည့်ဆည်သည် ယာယီရေလွှဲဆည်ဖြစ်ပါကြောင်း။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ စီမံခန့်ခွဲမှု အောက်တွင်မရှိဘဲ ဒေသနေတောင်သူလယ်သမားတွေအနေဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက် ထားသည့် လက်ရိုက်ရေလွှဲဆည်ဖြစ်ပြီး အဆိုပါဆည်ရေနှင့် မိုးစပါးဧက ၁၅၀ ခန့်ကို စိုက်ပျိုးရေပေးဝေ။   ၎င်းလက်ရိုက်ရေလွှဲဆည်သည် သစ်၊ ဝါးများနှင့် တည်ဆောက်ထားသည့် အတွက်ကြောင့် မိုးရာသီတွင် ချောင်းရေစီးတိုက်စားထိခိုက်ပျက်စီးပြီး စိုက်ပျိုးရေ အခက်အခဲများဖြစ်ပါ်လျက်ရှိပါကြောင်း။ အခိုင်အမာရေလွှဲဆည် ဖြစ် ပြုပြင်တည်ဆောက်ပေးရန်နှင့် ဆည်ရေသောက်စနစ်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။ သံကူကွန်ကရစ်ရေလွှဲဆည်အဖြစ် အခိုင်အမာတည်ဆောက်ပေးရန်ကိစ္စရပ်မှာ တည်ဆောက်မှုကုန်ကျစရိတ် များပြားမည် ဖြစ်ပါကြောင်း၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ခြေကိုက်မှု နည်းပါးသည့်အတွက် တည်ဆောက်မှုကုန်ကျစရိတ်နည်းပါးသော အမျိုးအစားဖြစ်သည့် လက်ရိုက်ကျောက်ဖြည့်ရေလွှဲဆည် အဖြစ်သာ တည်ဆောက်ရန် သင့်လျော်မှုရှိပါကြောင်း၊ ဆည်ရေသောက်စနစ်ပြုပြင်ခြင်း လုပ်ငန်းအပါအဝင် အဆိုပါ လုပ်ငန်းများကို တွက်ချက်စိစစ်သည့်အခါ ခန့်မှန်းကုန်ကျငွေကျပ် ၁၃၀ သန်း ကုန်ကျမည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ယာယီလက်ရိုက်ရေလွှဲဆည်ကို လက်ရိုက်ကျောက်ဖြည့်ရေလွှဲဆည်အဖြစ် အခိုင်အမာ တည်ဆောက်ရန်နှင့် ဆည်ရေသောက်စနစ်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ရန်ပုံငွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၁၉ (အောက်တိုဘာ-စက်တင်ဘာ) ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး မိမိတို့ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။