(က)-အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထည်ချုပ်စက်မှုဇုန်များ(Garment Industry Zone) ၊ ချည်မျှင်နှင့်အထည်အလိပ်စက်မှုဇုန်များ(Textile Industry Zone)များ တည်ထောင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၀.၆.၂၀၁၈)

 

လုပ်သားအင်အားအခြေပြုသည့် ကုန်ထုတ်လုပ်ငန်းများ၊ Labour Intensive Industry များမှ အလားအလာအကောင်းဆုံးက အထည်အလိပ်လုပ်ငန်းများဖြစ်သည့် အထည်ချုပ်လုပ်ငန်းနှင့် ချည်မျှင်နှင့်အထည် လုပ်ငန်းများဖြစ်ကြပါကြောင်း၊ အရင်းအနှီးနှင့်နည်းပညာ လိုအပ်ချက်နည်းပါးပြီး လုပ်သားအင်အား အခြေပြုရသည့်အတွက် လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံ၏ လိုအပ်ချက်နှင့် စွမ်းဆောင်ရည် ကိုက်ညီသည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ လက်ရှိ အထည်ချုပ်စက်ရုံပေါင်း ၄၀၀ ကျော်ရှိပြီး ပြည်ပပို့ကုန်အနေဖြင့် CMP လက်ခစားစနစ်ဖြင့် ချုပ်ထည်များတင်ပို့ရာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံရှိရာကနေ ၂၀၁၇-၁၈ ခုနှစ်တွင် သုံးဘီလီယံအထိ တိုးတက်ရရှိလာသဖြင့် ငါးနှစ်အတွင်း ပို့ကုန်သုံးဆ တိုးမြှင့်နိုင်ခဲ့ပါကြောင်း၊ ယခုလက်ရှိ ၂၀၁၈ ခုနှစ် မေလနှင့်ဧပြီလအတွင်း နှစ်လပို့ကုန်တန်ဖိုး ၂.၄ ဘီလီယံရှိရတွင် CMP စနစ်နှင့်ချုပ်ပြီး အထည်တင်ပို့မှုက ၅၃၈ သန်း အများဆုံးတင်ပို့နိုင်ခဲ့ပါကြောင်း၊ လက်ရှိပို့ကုန်တန်ဖိုး၏ ပထမနေရာတွင် ရှိနေပါကြောင်း၊ လုပ်သားအင်အား ၃၈၀၀၀၀ ကျော် အလုပ်ပေးထားနိုင်ပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အထည်ချုပ် စက်ရုံပေါင်း ၁၅၀၀၊ ပို့ကုန်တန်ဖိုး ၁၀ ဘီလီယံနှင့် အလုပ်သမား ၁၀ သိန်းခန့် အလုပ်ပေးနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ သို့သော်လည်း ၎င်းပမာဏက အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင်  မြန်မာနိုင်ငံက ၂.၂ ဘီလီယံ၊ ကမ္ဘောဒီးယားနိုင်ငံက ခြောက်ဘီလီယံ၊ ဗီယက်နမ်နိုင်ငံက ၂၈ ဘီလီယံတင်ပို့နိုင်ခဲ့ပါကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် အထည်ချုပ် အလုပ်သမားပေါင်း နှစ်သန်းခွဲခန့်နှင့် အထည်ချုပ်စက်ရုံပေါင်း ၆၀၀၀ ခန့်ရှိပါကြောင်း၊ ၎င်းနေရာတွင် အထည်ချုပ်လုပ်ငန်းများသည် လုပ်အားခဈေးပေါသည့် တိုင်းပြည်များတွင် ရင်းနှီးမြှုပ်နှံသည်မှာ ပိုများပါကြောင်း၊ ထိုင်းတွင် အနိမ့်ဆုံးလုပ်ခကို အမေရိကန်ဒေါ်လာ ၂၅၀၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတွင် တစ်လကို ဒေါ်လာ ၁၅၀၊ မြန်မာနိုင်ငံတွင် ဒေါ်လာ ၇၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၄၅ ဒေါ်လာရှိပါကြောင်း၊ အာရှတွင် မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံပြီးလျှင် လုပ်အားခ အနည်းဆုံး နိုင်ငံဖြစ်ပါကြောင်း၊ အထည်ချုပ်လုပ်ငန်း၏ သဘောသဘာဝအရ လုပ်အားခနည်းလေ အမြတ်အစွန်းရလေ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုကြပါကြောင်း၊ အစိုးရက အလုပ်သမားများရရှိမည့် အခွင့်အရေးများ၊ စက်ရုံကလိုက်နာရမည့် လူမှုကျင့်ဝတ်စံချိန်းစံညွှန်းများ ကြပ်မတ်ပေးရန် လိုအပ်ပါကြောင်း၊ အထည်ချုပ်လုပ်ငန်းများသည် လုပ်သားအင်အားပေါများသည့် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် အခက်အခဲအတားအဆီး ဖြစ်နေခြင်းကို ဖယ်ရှားပေးရပါမည်ဖြစ်ပါကြောင်း၊ ဘဏ်ဝန်ဆောင်မှု (Banking Facility) ကောင်းအောင်လည်း လုပ်ပေးရပါမည်၊ စာရွက်စာတမ်းကိစ္စများ၊ ရုံးလုပ်ငန်းများ၊ ဆိပ်ကမ်းရှင်းလင်းရေးများ၊ ပို့ကုန်မူဝါဒများကို အလွယ်ကူဆုံး၊ အဆင်ပြေဆုံး ဆောင်ရွက်ပေးရပါမည်၊ နိုင်ငံတကာနှင့် ပြိုင်နေသည့်အခြေအနေမျိုးတွင် ကိုယ့်နိုင်ငံ၏ အားသာချက်များ ရှိလာအောင် ဆောင်ရွက်ပေးရပါမည်၊ တကယ်လုပ်ငန်းလုပ်ကိုင်သူများကို ဆိပ်ကမ်းနှင့်နီးသည့် နေရာများတွင် Garment Industry Zone များ တည်ဆောက်ပြီး မြေနေရာပေးရပါမည်၊ Infrastructure နှင့် Power Sources ပြည့်စုံအောင် ဆောင်ရွက်ပေးရပါမည်။

အထည်ချုပ်လုပ်ငန်းက မြန်မာနိုင်ငံတွင် အဆင်ပြေချောမွေ့စွာ ဝင်ရောက်လာလျှင် လုပ်သား အင်အားနှစ်သန်းခန့်ထိ အလုပ်ပေးနိုင်ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ထိ ရရှိနိုင်ပါကြောင်း၊ ၎င်းပမာဏက GDP ၏ သုံးပုံတစ်ပုံရှိပြီး လုပ်ငန်းနှင့်ဆက်စပ်သည့် ကြယ်သီး၊ အပ်၊ အပ်ချည်လုံးများ ထုတ်လုပ်သည့် Supporting Industry အနေဖြင့် SME များပါ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ နောက်ထပ် ချည်မျှင်နှင့် အထည်စက်ရုံများလည်း ချိတ်ဆက် နိုင်ပါကြောင်း၊ လက်ရှိနိုင်ငံပိုင်အထည်အလိပ် စက်ရုံ ၁၃ ရုံရှိပြီး ဝါကြိတ်၊ ချည်ထုတ်၊ ပိတ်ယက်၊ ဆေးဆိုးလုပ်နေသည့် စက်ရုံများရှိပါကြောင်း၊ ၎င်းစက်ရုံများနှင့်လည်း ပုဂ္ဂလိကပူးပေါင်းပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး CMP စနစ်မှ FOB စနစ်အထိ တက်လှမ်းနိုင်အောင် ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

လက်ရှိအထည်ချုပ် စက်ရုံများ၏ အဓိကပြဿနာက စက်ရုံတည်ဆောက်ရန် မြေနေရာအတွက် မြေဈေးကြီးလွန်းခြင်းနှင့် စက်ရုံငှားရမ်းခများ ဈေးနှုန်းမြင့်မားခြင်းတို့ ဖြစ်ပါကြောင်း၊ အမျိုးသားပို့ကုန် မဟာဗျူဟာကဏ္ဍကြီး (၁၁) ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် အထည်အလိပ်ကဏ္ဍ တိုးတက်ဖွံ့ဖြိုး စေရန်အတွက် Garment Industry Zone များ၊ Textile Industry Zone များ တည်ထောင်ရန်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုမြင့်မား လာစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ခံဝန်ကြီးဌာနအဖြစ် ဦးစီးဆောင်ရွက်၍ အမျိုးသားအဆင့်ပို့ကုန် မဟာဗျူဟာကဏ္ဍကြီး (၁၁) ရပ်ကို ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကဏ္ဍကြီး (၁၁) ရပ်အနက် အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍအကောင်အထည်ဖော်ရေး ကော်မတီကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်လျက် ရှိ‌နေပါကြောင်း၊

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာအရ မြန်မာနိုင်ငံ၏အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် CMP စနစ်ဖြင်‌့ ဆောင်ရွက်နေသော အထည်ချုပ်လုပ်ငန်းများအား FOB စနစ်သို့ ကူးပြောင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ Bonded Warehouse စနစ်အကောင် အထည်ဖော်ရေး၊ ပြည်ပသို့ပို့နေသော အထည်ချုပ်များအတွက် လိုအပ်သောကုန်ကြမ်းများအား နည်းစဉ်တစ်လျှောက် ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တည်ဆောက်နိုင်ရေး၊ ပို့ကုန်မြှင့်တင်ရန် အထောက်အကူပြုနိုင်ရေး စသည်တို့အတွက် လိုအပ်သောအထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ အထူးပြုစက်မှုဇုန် (Specialized Textile and Garment Zone) များကို တည်ထောင်သွားရမည် ဖြစ်ပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ အထူးဇုန်များ တည်ထောင်ရန်အတွက် သီးသန့်မြေနေရာ စီစဉ်နေဆဲဖြစ်ပါ၍ မြေ၊ အဆောက်အဦ၊ လျှပ်စစ်၊ ရေနှင့်သဘာဝဓာတ်ငွေ့စသည့် အခြေခံအဆောက်အဦ (Infrastructure) များနှင့် ကျွမ်းကျင်လုပ်သားများ ရှိထားပြီးဖြစ်သည့် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများတွင် Industry Complex နှင့် Cluster များကို ရှေ့ပြေးအစီအစဉ်တစ်ရပ်အနေဖြင့် တည်ထောင်နိုင်ရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) ရှိ မြေလွတ် ၁၂၇ ဧကတွင် အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ အထူးအစုအဖွဲ့ (Specialized Textile and Garment Cluster) တည်ထောင်ရန် မြေပြုပြင်ခြင်းအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်တင်ပြတောင်းခံ ထားပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ အမှတ် (၃) အထည်စက်ရုံ၊ အမှတ် (၃) အထည်စက်ရုံခွဲနှင့် ဝါကြိတ်စက်ရုံတို့တွင် Textile Related Industry Cluster များ စတင်တည်ထောင် ထားရှိပြီး ကနဦးအနေဖြင်‌့ အမှတ် (၃) အထည်စက်ရုံခွဲတွင် အပ်ချုပ်စက်အလုံးရေ ၁၀၀ တပ်ဆင်ပြီးဖြစ်ပါ၍ Export အထည်များကို ချုပ်လုပ်တင်ပို့နေပြီ ဖြစ်ပါကြောင်း၊ စက်အလုံးရေ ၂၀၀၀၀ အထိ တိုးမြှင့်တပ်ဆင်ပြီး ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

စက်မှုနယ်မြေ (သထုံ) တွင် ရေဆိုးသန့်စင်မှုစနစ် အပါအဝင်ဖြစ်သော နိုင်ငံတကာ၌ ခေတ်စားနေသည့် ထိုးထည်များထုတ်လုပ်၍ ချည်ဆေးဆိုးခြင်း လုပ်ငန်းအား ကိုရီးယားနိုင်ငံ Daehan Knit ကုမ္ပဏီနှင့် JV ဆောင်ရွက်ရန် ဆွေးနွေးပြီးဖြစ်၍ မကြာမီစတင်အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် အထည်ချုပ်စက်ရုံများအပြင် သဘာဝသစ်သီးဖျော်ရည်စက်ရုံ၊ လျှပ်စစ် ACST Wire ထုတ်လုပ်သော စက်ရုံများနှင့် Solar လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အမြန်ဆုံးအကောင်အထည်ဖော် နိုင်မည်ဖြစ်ပါကြောင်း၊

အမှတ် (၂) အထည်စက်ရုံ (ပလိပ်) တွင် Textile Complex ထူထောင်နိုင်ရန်အတွက် Panda Textile Co.,Ltd နှင့် China Textile City Co.,Ltd တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည့် Myanmar Textile City Co.,Ltd မှ စီစဉ်ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ အလားတူပင် ရေနီစက်မှုနယ်မြေတွင်လည်း အထည်ချုပ်စက်ရုံများနှင့် ကုန်သေတ္တာသိုလှောင်ရုံများ ထည်‌့သွင်းတည်ဆောက်ရန် ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့်ပူးပေါင်းစီစဉ် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊

ထို့အပြင် သီလဝါအထူးစီးပွားရေးဇုန်ရှိ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းပိုင် မြေနေရာတွင် သွင်းကုန်/ပို့ကုန် ကုန်စည်များအား လုံခြုံစွာသိုလှောင်ထားရှိနိုင်မည့် ပြည်တွင်းရှိစက်မှုဇုန်များနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရန်အတွက် ပင်မ Smart Bonded Warehouse ထူထောင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆက်လက်ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် အခြေအနေများမှာ ကချင်ပြည်နယ်တွင် မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်အား အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ အဆိုပါစီမံကိန်းတွင် အထည်အလိပ်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် အထည်ချုပ်စက်မှုဇုန် (Garment Industry Zone) တည်ထောင်ရန် အစီအစဉ်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း ပုဏ္ဏားကျွန်းစက်မှုဇုန်အကောင်အထည် ပေါ်ပေါက်လာပါက အထည်အလိပ်လုပ်ငန်းများအတွက် သီးသန့်မြေနေရာ ဆောင်ရွက်ထားရှိမည် ဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ထီးခီ (မင်းသမီးခီး) စက်မှုဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါစက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက အထည်အလိပ်ကဏ္ဍဖွံ့ဖြိုးတိုးတက် စေရန်အတွက် အထည်ချုပ်စက်မှုဇုန် (Garment Industry Zone)၊ ချည်မျှင်နှင်‌့အထည်အလိပ် စက်မှုဇုန် (Textile Industry Zon) များအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် CMP စနစ်မှ FOB စနစ်သို့ ကူးပြောင်းနိုင်ရေး၊ Export Oriented Garment များ ထုတ်လုပ်ရန်အတွက် Supporting Cluster များ၊ အသေးစား လုပ်ငန်းများ ပါဝင်သည့် Backward Linkage Industry များနှင့် Garment Industry Zone၊  Textile Industry Zone များကို ဆက်လက်ပြီး တည်ထောင်ရန် စီစဉ်ထားရှိပါကြောင်း၊ အထည်ချုပ်ကဏ္ဍအတွက် Custom Warehouse များဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲလျက်ရှိပြီး အတည်ပြုပြီးပါက ထုတ်ပြန်ကျင့်သုံး သွားနိုင်မည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုဇုန်တွင်လည်း CMP စနစ် အထည်ချုပ်စက်ရုံငါးရုံ ဆောင်ရွက်လျက်ရှိသည့်အတူ မအူပင်စက်မှုဇုန်ရှိ Maubin United Development Co.,Ltd နှင့် JV လုပ်ငန်းများ၊ Maubin Industrial Park Project တွင် အထည်ချုပ်စက်ရုံ ၃၅ ရုံ ထူထောင်ရန်လျာထားပြီးဖြစ်ရာ ယခုအချိန်ထိ အထည်ချုပ်စက်ရုံ ၁၆ ရုံကို စတင်တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍကြီး (၁၁) ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် အထည်အလိပ်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် အထည်ချုပ်စက်မှုဇုန်များ (Garment Industry Zone) များ၊ ချည်မျှင်နှင့်အထည်အလိပ် စက်မှုဇုန်များ (Textile Industry Zone) များ တည်ထောင်ရန် စက်မှုဝန်ကြီးဌာနရှိ စက်ရုံများနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှဆောင်ရွက်လျက်ရှိကြသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို ရှင်းလင်းဖြေကြားပါသည်။

ဦးအောင်ကျော်ကျော်ဦး (လှိုင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နိုင်ငံခြားကို အထည်ချုပ်လုပ်ငန်းများ အများဆုံးတင်ပို့ရန် ဆိပ်ကမ်းများရှိသည့် ရန်ကုန်တိုင်း ဒေသကြီးတွင် CMP အထည်ချုပ်လုပ်ငန်းလည်း အများအပြားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း ဒေသကြီးတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက်၊ အထည်ချုပ်လုပ်ငန်းများကို မြေနေရာစီစဉ်ပေးရန် အစီအစဉ်ရှိ/မရှိ ထပ်မံသိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဆုံးဇုန်လည်း ဖြစ်ပါကြောင်း၊ ၎င်းဇုန်တွင် လက်ရှိအထည်ချုပ် လုပ်ငန်းများကို အများဆုံးအကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ စက်မှုဇုန်များဖြစ်သည့် တောင်ဒဂုံစက်မှုဇုန်မှ အစပြု၍ ကျန်စက်မှုဇုန်များတွင်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြေနေရာအခက်အခဲရှိမှု အများကြီး ကြုံတွေ့ရသည့်အတွက် အထူးသဖြင့် လူနေထူထပ်သောရပ်ကွက်များ တောင်ဒဂုံတွင်ရှိသော နေရာများသည် အထူးကြပ်တည်းသွားပြီ ဖြစ်သည့်အတွက် သီလဝါစက်မှုဇုန်ကို အထူးစက်မှုဇုန်အဖြစ် ထူထောင်ရန် စက်မှုဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ ၎င်းစက်မှုဇုန်တွင် မြေဧကကျယ်ဝန်းစွာရှိပြီး အလားတူ Bonded Warehouse များကိုပါ ဆက်လက်ပြီး ထူထောင်မည်ဖြစ်သည့်အတွက် စက်မှုဇုန်တွင် Supplying တစ်ခုလုံးအတွက်လိုအပ်သော SME လုပ်ငန်းများ အပါအဝင် သီလဝါစက်မှုဇုန်တွင် စက်မှုဝန်ကြီးဌာနပိုင် မြေနေရာအမြောက်အမြား ကျန်ရှိသည့်အတွက် ၎င်းမြေနေရာများကို အသုံးချရန်စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။