မိမိမေးမြန်းလိုသည့် တံတားတည်ရှိရာ ကလေး-ဂန့်ဂေါကားလမ်းမကြီးကို ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီကတည်းက ဖောက်လုပ်ခဲ့ပြီး ကလေး-ဂန့်ဂေါ မီးရထားလမ်းကို ၁၉၉၃ တွင် စတင်ဖောက်လုပ်ပြီး ၁၉၉၅ ခုနှစ်မှာဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းလမ်းပိုင်းပေါ်တွင် ထူးခြားသည့် တည်ဆောက်မှုတစ်ခုက ကဗ္ဗနီတံတားဖြစ်ပါကြောင်း၊ ကဗ္ဗနီတံတားသည် မနိပူရမြစ် ဘက်စုံစီမံကိန်း၏ အောက်ဘက် ၂ မိုင်အကွာ ကလေး-ဂန့်ဂေါ မိုင်တိုင် ၅၁/၅ နှင့် ၅၁/၆ ကြားတွင် ရှိသည့်တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောက်လုပ်ခဲ့ပြီး သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး တံတားအကျယ် ၁၄ ပေ ၆ လက်မ အရှည် ၅၉၅ ပေ ရှိပါကြောင်း၊ ထူးခြားသည်ဟု မိမိထင်မြင်မိသည်မှာ အကျယ် ၁၄ ပေ ၆ လက်မတွင် မီးရထားနှင့်ကားများပါ သွားလာနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ တည်ဆောက်ခဲ့သည့် ခေတ်ကာလအခြေအနေအရ ငွေကြေးအခြေအနေပေါ် မူတည်ပြီး ကြိုးစားအကောင်အထည်ဖော် ခဲ့သည့်အတွက် ကျေးဇူးတင်ရမည် ဖြစ်ပါကြောင်း၊
ကလေး-ဂန့်ဂေါလမ်းမကြီးသည် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ကို ဆက်သွယ်ရာ အဓိကလမ်းမကြီးဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်အခြေအနေနှင့်အညီ ကုန်စည်စီးဆင်းမှု တိုးတက်လာခြင်းနှင့်အတူ ယာဉ်သွားလာမှုကလည်း အဆမတန်များပြား လာခဲ့ပါကြောင်း၊ ၎င်းလမ်းပိုင်းတွင် အဓိကကျသည့် ကဗ္ဗနီတံတားတည်ဆောက်ပုံ အနေအထားအရ မီးရထားတံတားအဖြစ် အဓိကပုံစံထုတ် တည်ဆောက်ခဲ့ခြင်းကြောင့် တံတားအကျယ်က ကျဉ်းမြောင်းပြီး ပေပေါင်း ၆၀၀ နီးပါးရှိသည့် တံတားဖြစ်နေသည့်အတွက် မီးရထားလာရောက်ချိန်တွင် မော်တော်ကားများ ဖြတ်သန်းရာတွင် ယာဉ်များစောင့်ဆိုင်း သွားလာနေရပါကြောင်း၊ ကားကြီးများ ဖြတ်သန်းနေစဉ် ဆိုင်ကယ်နှင့် လူမျေားဖြတ်သန်း၍ မရပါကြောင်း၊ ယာဉ်အန္တရာယ်ဖြစ်ပေါ် နေရသည့်အပြင် ကုန်စည်စီးဆင်းမှုကိုလည်း အများကြီး ကြန့်ကြာစေပါကြောင်း၊
၂၀၁၅ ခုနှစ်တွင် မိမိကိုယ်တိုင်လည်း မီးရထားသံလမ်းကြား ဆိုင်ကယ်ညှပ်၍ မှောက်လဲခဲ့ဖူးသည့် အတွက်ကြောင့် ဆိုင်ကယ်ဦးထုပ်လည်း ပါသည့်အတွက် အသက်မသေဘဲ ထိုတံတားအတွက် မေးခွန်းမေးနိုင်ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှု ဖြစ်စဉ်တွင်လည်း ကဗ္ဗနီတံတား ထိခိုက်သွားသဖြင့် ပြင်ဆင်နေရသည့်ကာလတွင် မိမိတို့နယ်သူ နယ်သားများ ကုန်စည်ပြတ်တောက်မှုဒဏ် ခံစားခဲ့ရသည်ကို ယခုချိန်အထိ မမေ့နိုင်ပါကြောင်း၊ ထို့ကြောင့် မီးရထားကူးတံတားပေါ်တွင် မော်တော်ယာဉ်၊ ဆိုင်ကယ်များနှင့်လူများ ဖြတ်ကူးနေရသည့် ကဗ္ဗနီတံတားအစား ပြည်သူများအန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု လျင်မြန်စေရေးအတွက် မော်တော်ကား၊ ဆိုင်ကယ်များသွားလာနိုင်သော သီးသန့်တံတားအသစ် တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကလေးမြို့နယ်ရှိ မီးရထားကူး ကဗ္ဗနီတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ပြည်ထောင်စုလမ်းဖြစ်သည့် ဂန့်ဂေါ-ကလေးလမ်း၊ မိုင်တိုင်အမှတ်၊ ၅၁ မိုင် ၄ ဖာလုံနှင့် ၅၁ မိုင် ၆ ဖာလုံကြား မီးရထားကူး ကဗ္ဗနီတံတားတည်ရှိပြီး တံတားအမှတ်-၂/၅၂ ဖြစ်ပါကြောင်း၊ တံတားအရှည်က ၅၉၅ ပေရှိပြီး ခန်းဖွင့်တွင် ၈၅ ပေအကျယ် ၇ ခန်းနှင့် တံတားအကျယ်တွင် ၁၄ ပေ ဖြစ်ပါကြောင်း၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်တွင် ၂၁ တန်ဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် တည်ဆောက်ခဲ့သဖြင့် ၂၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တစ်နေ့သွားလာသည့် ယာဉ်စီးရေ ၁၇၀ စီးခန့် ဖြစ်ပါကြောင်း၊
လက်ရှိမီးရထားကူး ကဗ္ဗနီတံတားကို ကားများသီးသန့်အသုံးပြုပြီး ပြည်သူများ အန္တရာယ်ကင်းစွာ ဖြတ်ကူးနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှုလျင်မြန် စေရေးအတွက် ကဗ္ဗနီတံတား အသစ်ကို နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးနိုင်ရန်အတွက် ပြည်ထောင်စု ရန်ပုံငွေတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ လျာထားတင်ပြ တောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
