နန်းယွန်းမြို့နယ် နန်းယွန်း-ပန်ဆောင်ကြားရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ယူထားသည့် လမ်းအပိုင်း မိုင်တိုင် (၁၁၉) မှ မိုင်တိုင် (၂၀၅) အထိ၊ မိုင်တိုင် (၂၂၂) မှ မိုင်တိုင် (၂၂၈) ကြားထိ အားလုံး ၁၂ မိုင် ၎င်းလမ်း အပိုင်းသည် မြေသားလမ်းဖြစ်ပါကြောင်း၊ လမ်းကြောင်းပိုမိုခက်ခဲသည့် မိုင်တိုင် (၂၂၂) နှင့် မိုင်တိုင် (၂၂၈) ကြားကို ဇန်နဝါရီလဆန်းတွင် ဒေသခံကုမ္ပဏီများ၏ အကူအညီယူပြီး JCB နှင့် မြောင်းဖော်၊ မြေဖို့ လုပ်ခဲ့သည့်အတွက် အနည်းငယ်သွားလာရန် အဆင်ပြေသက်သာခဲ့ပါကြောင်း၊ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း မိုးများသည့်ဒေသဖြစ်သည့်အတွက် ခရီးသည်များသည် ဆိုင်ကယ်နှင့် တစ်ယောက်တည်း သွား၍မရပါကြောင်း၊ လမ်းဆိုးသည့်အတွက် တချို့နေရာများတွင် ဆင်နှင့်ဆွဲရသည့်အထိ ဖြစ်ပါကြောင်း၊ လမ်းခရီးအဆင်မပြေသည့်အတွက် မိမိတို့ဒေသတွင် ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးလုပ်ငန်းများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရသည့်အခါတွင် အခက်အခဲများ အများကြီးကြုံတွေ့ကြရပါကြောင်း၊ ထို့ကြောင့် နန်းယွန်း-ပန်ဆောင်ကြား လမ်းကြောင်းပိုမိုခက်ခဲသည့် လမ်းအပိုင်းအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျောက်ချောလမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ မြစ်ကြီးနား-ပန်ဆောင်-လီဒိုလမ်းသည် မိုင်တိုင်အမှတ်(၁၇၇)မှ (၂၂၈) အထိ ၅၁ မိုင် ရှည်လျားပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ မြစ်ကြီးနား-ပန်ဆောင်-လီဒိုလမ်း၏ မိုင်တိုင် အမှတ်(၁၇၇)မှ(၂၀၅)အထိ ၂၈ မိုင်နှင့် မိုင်တိုင်အမှတ်(၂၂၁)မှ(၂၂၈)ထိ ၇ မိုင် စုစုပေါင်း ၃၅ မိုင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှလည်းကောင်း၊ မိုင်တိုင်အမှတ်(၂၀၅)မှ(၂၂၁) အထိ ၁၆ မိုင်ကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရန်ပုံငွေဖြင့် အမှတ်(၉၀၉) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှလည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၁၁၄၆.၃၂၅ သန်းနှင့် မိုင်တိုင်အမှတ် (၁၇၇)မှ(၁၈၇) အတွင်း ကျောက်ချောလမ်းခင်းခြင်း ၄ မိုင်၊ တောင်ပြိုမြေဖယ်ရှားခြင်း ၂၅၀ ပေ၊ မျောမြေကာရိုက်ခြင်း ၇၀ ပေ၊ ကွန်ကရစ်ရေထုတ်ပြွန် RCC Box Culvert တည်ဆောက်ခြင်း ၁၆ စင်း၊ သုံးလွှာ တစ်ထပ်ဘေလီနှင့် Steel Decking ကြမ်းခင်းခြင်းတစ်စင်းစသည့် လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း၊၂၀၁၈ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လရန်ပုံငွေတွင် စစ်ကိုင်းတိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၁၈၉ သန်းနှင့် Box Culvert တည်ဆောက်ခြင်း ၁၃ စင်း ဆောင်ရွက်လျက်ရှိရာ နှစ်စင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၎င်းအပြင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်းခင်းခြင်း ၂ မိုင် ၂ ကျောက်လမ်းပျက် ပြုပြင်ခြင်း ၂ မိုင် ၆ ဖာလုံ၊ ကွန်ကရစ် တံတားတည်ဆောက်ခြင်းတစ်စင်း၊ တံတားပြုပြင်ခြင်းတစ်စင်း၊ တောင်ပြိုမြေဖယ်ရှားခြင်းနှင့် လမ်းသားပေါ်ရှိ ရေစားမြောင်းများ သဲကျောက်ဖြည့်ခင်းခြင်း ခြောက်နေရာ စသည့်လုပ်ငန်းများ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်း ဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ကျပ် ၇၄၉.၁၇၅ သန်းကို လျာထားတင်ပြတောင်းခံထားပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် အပိုင်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
