ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၇၆ မိုင်တွင်ဆောက်လုပ်ထားသော 76 Mile Mini Rest Camp သည် နိုင်ငံတော်ဘတ်ဂျက်ငွေ အမြောက်အမြားသုံးစွဲ၍ ကျခံဆောက်လုပ်ထားသော်လည်း အများပြည်သူများအတွက် အကျိုးမရှိ ဖြစ်နေပါသောကြောင့် အောက်ပါအချက်များကို သိလိုပါသဖြင့် သက်ဆိုင်ရာကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ 76 MILE MINI REST CAMP ကို ပြည်ထောင်စုအစိုးရ သို့မဟုတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ မည်သည့်အစိုးရအဖွဲ့၏ ခွင့်ပြုချက် အရ ဆောက်လုပ်ခဲ့သည်ကိုလည်းကောင်း၊ ၎င်းအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်နှင့် ဆုံးဖြတ်ချက်အမှတ်စဉ်ကိုလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူးကို မျှော်မှန်းပြီး ဆောက်လုပ်ခဲ့ သည်ကိုလည်းကောင်း၊ ဘဏ္ဍာငွေမည်မျှ ကုန်ကျခဲ့သည်ကိုလည်းကောင်း၊ ယခုအခါ မည်သည့်စီးပွားရေးအဖွဲ့အစည်း သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်အား မည်သို့သော စာချုပ်ဖြင့် ငှားရမ်းချုပ်ဆိုထားသည်ကိုလည်းကောင်း၊ ဒေသခံပြည်သူများကို မည်ကဲ့သို့ အကျိုးပြုခဲ့သည်ကို လည်းကောင်း၊ ရင်းနှီးမြှုပ်နှံထားသော ဘဏ္ဍာငွေ၏ အရင်းကျေကာလကို လည်းကောင်း၊ အမြန်လမ်းမကြီးဘေးတွင် ကပ်လျက်ဆောက်လုပ်ထားပါသောကြောင့် အမြန်လမ်းမကြီးဧရိယာ အတွင်း ကျရောက်နေပါသဖြင့် အမြန်လမ်းဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကိုလည်းကောင်း၊ အကယ်၍ ယခုအမြန်လမ်းမကြီးကို အမြန်လမ်းမကြီး ခြောက်လမ်းသွား သို့မဟုတ် ရှစ်လမ်းသွား အမြန်လမ်းမကြီးအဖြစ် တိုးချဲ့မည်ဆိုပါက ထိုအဆောက်အအုံသည် လွတ်ကင်းမှုရှိ/မရှိ ကိုလည်းကောင်း သိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၇၆)တွင် ဆောက်လုပ်ထားသော 76 Mile Mini Rest Camp ကို ခရီးသွားပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၁၇) ဆုံးဖြတ်ချက် အမှတ်စဉ်(၆)အရ ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်ရှိ ယာယီသန့်စင်ခန်းများကို ၂၀၁၄ ခုနှစ်မှစတင်၍ တင်ဒါစနစ်ဖြင့် ခေါ်ယူဆောင်ရွက်စေခဲ့ပါကြောင်း၊ တင်ဒါအောင်မြင်သူများမှ ဝန်ဆောင်မှုပေးရာမှာ အခကြေး ငွေရယူသော်လည်း သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှုမရှိခြင်း၊ ရပ်/ကျေးဈေးသည်များ စည်းကမ်း တကျရောင်းချမှုမရှိသောကြောင့် သင့်လျော်မှုမရှိခြင်း၊ ခရီးသည်တင်ယာဉ်များ စည်းကမ်းတကျ ရပ်နားမှုမရှိ၍ ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်ခြင်း စသည့်အချက်များကြောင့် ခရီးသွားပြည်သူများ စိတ်ချ လုံခြုံအေးချမ်းစွာ အပန်းဖြေနားနေနိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် စံနှုန်းတစ်ခုရရှိရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းအပြင် 76 Mile Mini Rest Camp ကို စံပြနမူနာအဖြစ် တည်ဆောက်ပေးခဲ့ပြီး ကျန်သန့်စင်ခန်းများကို 76 Mile Mini Rest Camp ပုံစံကဲ့သို့ တည်ဆောက်နိုင်ရန်အတွက် EOI ခေါ်ယူပြီး PPP စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
အဆိုပါ 76 Mile Mini Rest Camp တည်ဆောက်ခြင်းအတွက် နိုင်ငံပိုင်ရန်ပုံငွေ ကျပ် ၁၄၇၂.၆၀ သန်း ကျခံသုံးစွဲခဲ့ပါကြောင်းနှင့် Rest Camp သန့်ရှင်းရေး၊ ဝန်ဆောင်မှုဝန်ထမ်းနှင့် အထွေထွေ House Keeping စသည့် စီမံခန့်ခွဲမှု(Operating Management)ကို Royal Shambella Company Limited အား ငှားရမ်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တိုက်ရိုက် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ 76 Mile Mini Rest Camp ကို ဆောင်ရွက်ခဲ့ခြင်းအားဖြင့် လူဦးရေ ၃၀၀ အား တိုက်ရိုက်အလုပ်အကိုင်အခွင့်အလမ်း ပေးထားနိုင်ပြီး ၎င်းတို့အထဲမှ ၈၀ ရာခိုင်နှုန်းဖြစ်သည့် ၂၅၀ ဦးသည် ဒေသခံအလုပ်သမားများဖြစ်ပါကြောင်း၊ မကြာမီ 76 Mile Mini Rest Camp တွင် ရပ်/ကျေးဈေးဆိုင် ၂၀ ခန့်ကိုတည်ဆောက်ရန် အစီအစဉ်ရှိပြီး တည်ဆောက်ပြီးပါက တိုက်ရိုက်အလုပ်အကိုင်ဖန်တီးမှုအပြင် သွယ်ဝိုက်အလုပ်အကိုင်ဖန်တီးမှုများကိုလည်း ပေးနိုင်မည် ဖြစ်သည့်အတွက် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာဖြစ်ပါ ကြောင်း၊ 76 Mile Mini Rest Camp တွင် တစ်ရက်လျှင် ခရီးသွားဦးရေပျမ်းမျှ ၁၂၀၀ ဦးခန့် ဝင်ရောက်အပန်းဖြေအနားယူနေပြီး တစ်လလျှင် ပျမ်းမျှဦးရေ ၃၀၀၀၀ ကျော်ခန့် ဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ 76 Mile ယာယီသန့်စင် ခန်းနေရာမှာ ၁-၁-၂၀၁၄ မှ ၃၁-၁-၂၀၁၇ အထိ ယာဉ်မတော်တဆမှုလေးကြိမ်ဖြစ်ပွားခဲ့ပြီး 76 Mile Mini Rest Camp တွင် ၂၅-၈-၂၀၁၇ ရက်နေ့ စတင်ဖွင့်လှစ်သည့်နေ့မှစ၍ ယနေ့အထိ ယာဉ်မတော်တဆဖြစ်ပွားမှုမရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ 76 Mile Mini Rest Camp ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကြီးကြပ် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ရရှိသည့် ဝင်ငွေများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရငွေစာရင်းသို့ ဝင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ မော်တော်ယာဉ် စီးရေနှင့် ခရီးသည်စာရင်းအရ ပျမ်းမျှအမြတ်ငွေသည် တစ်လလျှင် ကျပ်သိန်း ၁၀၀ ကျော်ရရှိမှုအပေါ် အခြေခံတွက်ချက်ပါက မော်တော်ယာဉ်စီးရေနှင့် ခရီးသည်ဝင်ရောက်နိုင်မှုအရ အရင်းကျေကာလမှာ ၁၀ နှစ်ခန့်ရှိမည်ဖြစ်သော်လည်း နောင်တိုးတက်လာမည့် မော်တော်ယာဉ်စီးရေနှင့် ခရီးသည် ဝင်ရောက်နိုင် မှုအရ အရင်းကျေကာလသည် ယခုထက် လျော့နည်းနိုင်ပါကြောင်း၊ အဆိုပါ 76 Mile Mini Rest Camp တည်ဆောက်ရာတွင် အမြန်လမ်းမကြီးလမ်းနယ်သတ်မှတ်ထားသည့် ပေ ၄၀၀ အတွင်း တစ်ဖက်လေးလမ်းသွားအကျယ်ကို မထိခိုက်စေဘဲ အမြန်လမ်းမကြီး နယ်နိမိတ်ဧရိယာအတွင်း တည်ဆောက်ထားသဖြင့် အမြန်လမ်းမကြီးများဥပဒေပါ အခန်း(၆) ယာဉ်ရပ်နားစခန်းများ အပိုဒ် ၁၀(က) ပြဋ္ဌာန်း ချက်နှင့်ကိုက်ညီမှုရှိပါကြောင်း၊
76 Mile Mini Rest Camp ၏ ပင်မအဆောက်အအုံသည် လမ်းလယ်ကျွန်းအလယ်မှ စုစုပေါင်း ပေ ၁၀၀ အကွာမှာ တည်ဆောက်ခဲ့ပြီး အဆောက်အအုံ ရှေ့မှာ ၁၂ ပေခွဲအကျယ် လေးလမ်းသွား စုစုပေါင်း ပေ ၅၀ အကျယ် ကတ္တရာကွန်ကရစ်လမ်းခင်းထားပြီး Buffer Zone အဖြစ် Land scaping အပါအဝင် ၃၅ ပေအကျယ် ချန်လှပ်ထားရှိပြီး အမြန်လမ်းမကြီးတိုးချဲ့ဖောက်လုပ်မည်ဆိုပါက လွတ်ကင်းမှုရှိကြောင်းနှင့် နောင်တွင် အဆိုပါ Buffer Zone အဖြစ် ထားရှိသည့် နေရာတွင်လည်း အခြားအာဆီယံနိုင်ငံများရှိ Rest Camp များကဲ့သို့ ကားအဝင်အထွက် မျောဝင်/မျောထွက်နိုင်အောင် လမ်းထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာခင်မောင်မောင်[ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်]က ဆက်စပ်မေးခွန်းမေးမြန်းပါ သည်။
မည်သည့်အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ ဆောက်လုပ်ခဲ့သည်ကိုလည်းကောင်း၊ ၎င်းအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်နှင့် ဆုံးဖြတ်ချက်အမှတ်စဉ်ကိုလည်းကောင်း၊ မည်သည့်စီးပွားရေး အဖွဲ့အစည်း သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်အား မည်ကဲ့သို့သောစာချုပ်ဖြင့် ငှားရမ်းထားသည်ကို လည်းကောင်း ဖြေကြားခဲ့ခြင်း မရှိပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် လေးလမ်းသွား အမြန်လမ်းက လမ်းဧရိယာကို ပေ ၄၀၀ သတ်မှတ်ပြီး အလယ်ဗဟိုကနေ တစ်ဖက်ကို ပေ ၂၀၀ ဆီသတ်မှတ်ထားသည့်အတွက် ယင်းပေ၂၀၀ တွင် Mini Rest Camp၏ Main အဆောက်အဦက ပေ ၁၀၀ အကွာတွင်ရှိပါကြောင်း၊ Mini Rest Camp ၏ ရှေ့တွင် ကွန်ကရစ်နံရံကြီးများ ပြုလုပ်ထားပါကြောင်း၊ အမြန်လမ်းက လမ်းနယ်နိမိတ်သတ်မှတ်ကို တစ်ဖက်ကိုလမ်းဗဟိုမှ ပေ ၂၀၀ သတ်မှတ်ထားရှိပြီး စားသောက်ဆိုင်သည် လမ်းနှင့် မပတ်သက်ခြင်းကြောင့် လမ်း၏ ပေ ၂၀၀ အပြင်တွင် သာရှိရမည်ဖြစ်ပါကြောင်း၊
နည်းဥပဒေတွင် ယင်းလမ်းဧရိယာထဲတွင် လမ်းပြမှတ်တိုင်များ၊ မိုင်တိုင်များ၊ လမ်းပြအမှတ် အသားများ စိုက်ခွင့်ရှိကြောင်းနှင့် အခြားအဆောက်အဦဆောက်လုပ်ပါက အထူးခွင့်ပြုချက်ယူ ရမည့် သဘောမျိုး ရေးသားထားသည်ကို တွေ့ရှိရသည့်အတွက် Mini Rest Camp နှင့်ပတ်သက်၍ သိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်
ဆောက်လုပ်ရေးဝန်ကြီးဌာန၏စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၁၇)ဖြစ် သည့်အတွက် လက်ရှိ အစိုးရလက်ထက်ဖြစ်ပါကြောင်း၊ ယာဉ်ရပ်နားစခန်းများနှင့် ပတ်သက်ပြီး အမြန်လမ်းမကြီးဥပဒေစာအုပ်၊ အခန်း(၆)၊ အပိုဒ် ၁၀ တွင် ယာဉ်ရပ် နားစခန်းတည်ဆောက်စေခြင်းပြုနိုင်သည့် ဥဒေအပေါ်မူတည်ပြီး Mini Rest Camp ကို ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် စီစဉ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လမ်းနယ်နှင့် လွတ်ကင်းမှုက ပတ်သက်၍ လက်ရှိအခြေအနေအရ အမြန်လမ်းကို လေးလမ်းသွားထိချဲ့မည်ဆိုလျင်ပင် အနှောင့်အယှက်မဖြစ်နိုင်ပါကြောင်းနှင့် ယခု Operation နှင့် ပတ်သက်၍လည်း စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် ငှားရမ်း တာဝန်ပေးခဲ့ခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
