ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၄၃၁)ဦးအနက် (၃၈၅)ဦးတက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါ်နန်းမိုး၊ မန်တုံမဲဆန္ဒနယ် မှမေးမြန်းသော မန်တုံမြို့နယ်၊ မန်စပ်ကျေးရွာ အလယ်တန်းကျောင်း ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင် ထိန်းသိမ်းစရိတ်နှင့် စီစဉ်ဆောင်ရွက်ပေးပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းအတွက်ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ကြိုးပမ်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးပိုက်ကို၊ ပခုက္ကူမဲဆန္ဒနယ် မှ မေးမြန်းသော ပခုက္ကူတက္ကသိုလ်တွင် ဥပဒေပညာဌာန နေ့သင်တန်းဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ပြည့်မီသည့် အချိန်ရောက်ရှိမှသာ ဘာသာရပ်ဆိုင်ရာသင်ကြားရေးအဖွဲ့ (Board of Studies)၏ သဘောထားမှတ်ချက်၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ သဘောထားမှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် လောလောဆယ်အခြေအနေတွင် ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်မှ မေးမြန်းသော စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ပညာရေးဝန်ကြီးဌာနမှ ပညာရှင်အဆင့်(၃)အချို့ကို ပညာရှင်အဆင့်(၄) ရာထူးတိုးဖြေဆိုခွင့်မပြုခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းမြင်သာစွာ ဖြေဆိုပေးပါရန် မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရာထူးတိုးစာရင်းများကို Website မှာ ထုတ်ပြန်ခဲ့ပြီး လုပ်ငန်း ဆောင်ရွက်ချက်အရ နစ်နာမှုရှိလျှင် ပြန်လည်ပြီး တင်ပြ၊ တိုင်ကြား၊ အကြံပြု လာလျှင် စိစစ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးတင်နု(ခ)ဦးတင်နုအောင်၊ မာန်အောင်မဲဆန္ဒနယ်မှ မေးမြန်းသော မာန်အောင်မြို့နယ်၊ ကျောက်တန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ်သို့လည်းကောင်း၊ ဆားချက်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်း အဖြစ်သို့လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က မာန်အောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သည် အထက်တန်းအဆင့်ပညာသင်ယူနိုင်သည့် အထက်တန်းကျောင်း(ခွဲ)ဖြစ်သည့် အတွက်ကြောင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ကျောင်းအဆင့်တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဆားချက်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)ကို ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပြီးပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၅) ဦးရဲလွင်၊ အလုံမဲဆန္ဒနယ်မှ မေးမြန်းသော အလုံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းအချို့တွင် ကျောင်းသားဦးရေ မပြည့်မီသော ကျောင်းများ စုပေါင်းပြီး တစ်စုတစ်စည်းတည်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သတ်မှတ်လုပ်ထုံးလုပ်နည်းအတိုင်း Sanction ရုပ်သိမ်းခြင်း၊ အဆိုပါ ကျောင်းများမှ ကျောင်းသားကျောင်းသူများကို ကျောင်းနယ်မြေ (School Catchment Area) အလိုက် အခြေခံပညာကျောင်းများတွင် တက်ရောက်စေခြင်း၊ ဆရာဆရာမများနှင့် သင်ကြားရေး မဟုတ်သည့် ဝန်ထမ်းများကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း နီးစပ်ရာမြို့နယ်များတွင် နေရာချထားခြင်းတို့ကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးစိုင်းဆိုင်မိုင်း၊ မိုင်းကိုင်မဲဆန္ဒနယ်မှ မေးမြန်းသော မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အလယ်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၁၈ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်း အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)ကို ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(ခ) လွှတ်တော်ကော်မတီ၏ အစီရင်ခံစာတင်ပြခြင်း
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်မှ ဆဋ္ဌမပုံမှန်အထိ အစည်းအဝေး များတွင် ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြမေးခွန်းများ၊ အတည်ပြုခဲ့သည့် အဆိုများအပေါ် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ ဆောင်ရွက် ထားရှိမှုအခြေအနေနှင့်ပတ်သက်သည့် အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၉.၆.၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
(ဂ) ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်းနှင့် လွှတ်တော်သို့အသိပေးတင်ပြခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူခြင်း ဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၂ နည်းဥပဒေခွဲ(ဂ)နှင့်(ဃ)တို့အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
(ဃ) အဆို(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ် က တင်သွင်းသည့် တစ်နေ့တခြား များပြား လာပြီး ထိတ်လန့်ဖွယ်ရာအဆင့်သို့ ရောက်ရှိနေသော သက်ငယ်မုဒိန်းမှု ကျူးလွန်သူ များအား ထိရောက်စွာဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ်အမြန်ရေးဆွဲကာ ထိုဥပဒေ ထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည့်အထိ တိတိကျကျရေးဆွဲပြဋ္ဌာန်း ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၃၅ မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၉.၆.၂၀၁၈ ရက် (အင်္ဂါနေ့) နေ့လယ် ၁ နာရီတွင် လျာထားပါသည်။
