(က)- မန်တုံမြို့နယ်၊ မန်စပ်ကျေးရွာ အလယ်တန်းကျောင်း ဆရာ၊ ဆရာမများ အတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၈.၆.၂၀၁၈)

မိမိတို့မြို့နယ် မန်စပ်ကျေးရွာ အလယ်တန်းပြကျောင်းဆရာ/မများ နေထိုင်သည့် အဆောက်အဦများသည် အိမ်ရာနှင့် သန့်စင်ခန်းများမကောင်းခြင်း၊ မိုးလည်းအရမ်းများသည့်အခါ ဆရာ/မများအတွက် အင်မတန်မှစိုးရိမ်စရာ ဖြစ်ပါကြောင်း၊ ထိုအဆောက်အဦသည် အရမ်းကျဉ်းမြောင်းသည့်အတွက် အိပ်ခန်းတစ်ခန်းသာရှိကြောင်း၊ အပြင်ဘက်တွင် ဆရာ/မများ ခင်းကျင်းပြီးမှ အိပ်၍ရသည့် အခန်းရှိပါကြောင်း၊ ၎င်းအဆောက်အဦ တစ်ခုလုံးတွင် ဆရာ/မ (၉) ဦး နေထိုင်ပါကြောင်း၊ တစ်ချို့ဆရာမများသည် စာသင်ကျောင်းတွင် ညအိပ်စောင်‌့ရသည့်အခါမျိုးများတွင် ကျန်ရှိသည့် ဆရာမများသည် ၎င်းအိမ်ရာတွင် ပြည်‌့သိပ်ကြပ်ပြီးမှ နေရပါကြောင်း၊ ၎င်းအဆောက်အဦ၏ မြေနေရာဆိုလျှင် ကျေးရွာကလှူဒါန်းထားသည့် ‌မြေဖြစ်ပါကြောင်း၊ ပညာရေးကိုအပြီးအပိုင် လှူဒါန်းထားသည့် မြေလည်းဖြစ်ပါကြောင်း၊

ထို့ကြောင့် ကျေးရွာကလှူဒါန်းထားသော မြေနေရာကို အမှန်တကယ် ဆရာ/မမျေား လိုအပ်နေသည့် အဆောက်အဦကို တည်ဆောက်ပေးမည်ဆိုပါက ကျေးရွာအနေဖြင့်လည်း သဘောတူညီမည် ဖြစ်ပါကြောင်းကို မိမိအား ပြောကြားလာသည့်အတွက် ဆရာ/မများ၏ လူမှုဘဝလုံခြုံမှုကို မိခင်ဌာနဖြစ်သည့် ဝန်ကြီးဌာနအနေဖြင်‌့ ဆောင်ရွက်ပေးမည်ကို မျှော်လင်‌့ပါကြောင်း၊ လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း ထည်‌့သွင်းလျာထား ဆောင်ရွက်သွားမည်ဟုလည်း မိမိမှအပြည်‌့အဝ ယုံကြည်‌့သည့်အတွက်ယခု သက်ဆိုင်ရာဝန်ကြီးဌာနထံသို့ မေးမြန်းရခြင်းဖြစ်ပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေး လျာထားချက်များ ဆောင်ရွက်သည့်အခါ အသစ်တည်ဆောက်ရန် လိုအပ်သည့်aကျောင်းများ၊ အန္တရာယ်ရှိကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ဆောက်လုပ်ရန်အတွက် လိုအပ်သည့်ကျောင်းများကို ဦးစားပေးအဆင့်အလိုက် ရွေးချယ်ပြီး ပြုစုခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန်တုံမြို့နယ်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်၏ ၂၀၁၈ ခုနှစ် ၆ လ ဘဏ္ဍာရေး၏ ငွေလုံးငွေရင်း တည်ဆောက်ရေးတွင် အခြေခံပညာကျောင်းဆောင်များ တည်ဆောက်ရေးအတွက် လုပ်ငန်းခြောက်ခုကို မြို့နယ်ဦးစားပေး အစီအစဉ်ဖြင့် ထည်‌့သွင်းလျာထားခဲ့ပါကြောင်း၊ ဧပြီလကနေပြီး‌ စက်တင်ဘာလအထိ ခြောက်လ၏ ငွေလုံးငွေရင်းတည်ဆောက်ရေး ဖြစ်သည့်အတွက် ၎င်းခြောက်လတွင် လျာထားခဲ့သော တည်ဆောက်ရေးငန်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာမှ စက်တင်ဘာလတစ်နှစ်ဘတ်ဂျက် ငွေလုံးငွေရင်းတည်ဆောက်ရေးတွင် ကျန်သည့်လုပ်ငန်းများ၏ ရာခိုင်နှုန်းများပြီးစီးအောင် ဆောင်ရွက်ရန်အတွက် ထပ်မံလျာထား ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန်တုံမြို့နယ်၊ မန်စပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် (၁၄၀ x ၂၀) ပေ သွပ်မိုးအုတ်ညှပ်တစ်ထပ်ဆောင် တစ်ဆောင်၊ (၆၀ x ၃၀) ပေ သွပ်မိုးအုတ်ညှပ်တစ်ထပ်ဆောင် တစ်ဆောင်၊ (၄၀ x ၂၀) ပေ သွပ်မိုးအုတ်ညှပ်တစ်ထပ်ဆောင် စုစုပေါင်းသုံးဆောင်ရှိသည်ကို တွေ့ရှိရပါကြောင်း၊

          အလယ်တန်းကျောင်းတွင် (၁၄၀ x ၂၀) ပေ စာသင်ဆောင်သည် (၆၀ x ၃၀) ပေ သွပ်မိုးအုတ်ညှပ် တစ်ထပ်ဆောင်တစ်ဆောင်၊ (၄၀ x ၂၀)ပေ သွပ်မိုးအုတ်ညှပ်တစ်ထပ်ဆောင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မန်တုံမြို့နယ်၊ မန်စပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား/သူဦးရေသည် မူလတန်းအဆင်‌့တွင် ၂၁၃ ဦး၊ အလယ်တန်းအဆင်‌့တွင် ၁၁၆ ဦး စုစုပေါင်း ၃၂၉ ဦးရှိသည့်အတွက်ကြောင့် ရှိသည့်စာသင်ဆောင်များနှင့်ဆိုလျှင် မိမိတို့ လုံလောက်သည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ကျောင်းအုပ်တစ်ဦး၊ အလယ်တန်းပြ ခြောက်ဦး၊ မူလတန်းပြလေးဦး၊ ရုံးဝန်ထမ်းကသုံးဦး စုစုပေါင်း ၁၄ ဦးရှိပြီး ၎င်း ၁၄ ဦးထဲမှ ရပ်ဝေးမှလာရောက် တာဝန်ထမ်းဆောင်သူက ၁၁ ဦး ရှိပြီး ခုနစ်ဦးက ခုနက ဧရိယာ ပိုလျှံနေသည့် ကျောင်းဆောင်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အတိုင်း ဖြစ်နိုင်သည်က ကျောင်း‌ဆောင်အသစ်ရရှိရန်အတွက် တင်ပြတုန်းက အန္တရာယ်ရှိကျောင်းဆောင် ဆိုပြီး တင်ပြထားပါကြောင်း၊ ကျောင်း‌ဆောင်အသစ်ရသွားသည့်အခါ ၎င်းကို မဖျက်ဘဲ ဆရာ/မများနှင့် ဝန်ထမ်းများက ဆက်လက်နေထိုင်သည့် ပုံစံဖြစ်နိုင်ပါကြောင်း၊ လေးဦးက ကျေးရွာ၏ နေအိမ်တွင် နေထိုင်ကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အတိုင်း အိမ်ရာနှင့်သန့်စင်ခန်းများလည်း မကောင်းသည်ကို တွေ့ရှိရသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြည်‌့ဆည်းပေးသင့်သည်ဆိုသည်မှာ မှန်ပါသော်လည်း ခြောက်လဘတ်ဂျက်တွင် လုပ်ငန်းခြောက်ခုသာ ပါဝင်သည့်အတွက် တစ်နှစ်ဘတ်ဂျက်တွင်လည်း ထိုလုပ်ငန်း ခြောက်ခုကို ပြီးစီးအောင် မိမိတို့အနေဖြင့် လျာထားဆောင်ရွက်သည့်အခါ ဘတ်ဂျက်၏အစီအစဉ်ကို ကျော်လွန်နေသည့်အတွက် ထိုခြောက်လတွင် တည်ဆောက်ရေးလုပ်ငန်း လုပ်ရမည့် တည်ဆောက်ရေး လုပ်ငန်းအားလုံးကို ဆောင်ရွက်ရန် မိမိတို့အနေဖြင့် စီမံကိန်းနှင်‌့ဘဏ္ဍာရေးဝန်ကြီးဌာနကို မေတ္တာရပ်ခံပြီး တည်ဆောက်ရေးလုပ်ငန်းများကို ခွင်‌့ပြုပေးနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးနေရသည့် အခြေအနေဖြစ်သည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားသည့်စာရင်းထဲတွင် ပါဝင်မည် မဟုတ်ပါကြောင်း၊ သို့သော် ဝန်ထမ်းများအနေဖြင့် နေထိုင်နေရသည်မှာ အခက်အခဲရှိနေခြင်း ဖြစ်သည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် O4 O2  ဖြင့် ပြင်ဆင်၍ ရပေးနိုင်မည်လား ဆိုသည်ကို ပြန်လည်စိစစ်ပြီး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ထိန်းသိမ်းစရိတ် စီစဉ်ဆောင်ရွက်ပေးပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်း အတွက်ကို ပညာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ကြိုးပမ်း ဖြည်‌့ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။