(ဂ)-စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပညာရေးဝန်ကြီးဌာနမှ ပညာရှင် အဆင့် (၃) အချို့ကို ပညာရှင် အဆင့်(၄) ရာထူးတိုးဖြေဆိုခွင့် မပြုခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း မြင်သာစွာ ဖြေဆိုပေးပါရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၈.၆.၂၀၁၈)

 

စစ်ကိုင်းတိုင်းအတွင်းက ပညာရှင်အဆင်‌့ (၄) အဆင်‌့တိုးစာမေးပွဲ ဖြေဆိုခွင့်မရခဲ့သည့် လက်ထောက်ပညာရေးမှူး ကိုးယောက်မှာ ဗိုလ်အောင်နှင်‌့ ဝက်လက်ကနှစ်ဦးစီ၊ ကောလင်း၊ တန့်ဆည်၊ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူက တစ်ဦးစီ စုစုပေါင်း ကိုးဦးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ၁၄-၂-၂၀၁၇ ရက်နေ့က သတင်းစာတွင် အလယ်တန်း ကျောင်းအုပ်ဒုတိယမြို့နယ် ပညာရေးမှူး၊ ဦးစီးအရာရှိ၊ ဦးစီးအရာရှိ (ကာယ)၊ ဦးစီးအရာရှိ (ကွန်ပျူတာ)၊ စီမံကိန်းရာထူးများအတွက် ရာထူးတူစာမေးပွဲဖြေဆိုရန် လျှောက်လွှာခေါ် ဆိုခြင်းဆိုသည့် ခေါင်းစဉ်ဖြစ်ပြီး အပိုဒ် ၁၀ ပိုဒ် သတင်းစာတွင် ပါရှိပါကြောင်း၊ အပိုဒ်(ခ)တွင် ဒုတိယမြို့နယ်ပညာရေးမှူး ရာထူးတိုးအတွက် B.Ed ဘွဲ့ရ လက်ထောက်မြို့နယ် ပညာရေးမှူးနှင့် လစာနှုန်းတူ အပါအဝင် လုပ်သက် ၃ နှစ်ပြည့်သူများဆိုပြီး ဖော်ပြထားပါကြောင်း၊ ယခုတင်ပြရသည့် ဆရာ ကိုးယောက်လုံးက ၎င်းအပိုဒ်(ခ)နှင်‌့ ကိုက်ညီသော်လည်း ဖြေဆိုခွင့်မရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့သည် ၂၀-၄-၂၀၁၇ ရက်နေ့က ပညာရေးဝန်ကြီးဆီကို အသနားခံတင်ပြခဲ့ပါကြောင်း၊ ထူးခြားမှုမရှိသည့်အတွက် ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတစ်ဆင့် ဆက်သွယ်ပြီး မေးမြန်းတင်ပြသည့်အခါ ပညာရေးဝန်ကြီးဌာနကနေပြီး ဖြေကြားသည်မှာ ၂၃-၃-၂၀၁၇ ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစည်းအဝေးများကနေပြီး ပြန်တမ်းဝင်အရာရှိ ရာထူးတိုးစာမေးပွဲ ဖြေဆိုသည့်နေရာတွင် အထက်တန်းပြရာထူးကိုသာ လစာနှုန်းတူအဖြစ်နှင့် ထည့်သွင်းတွက်ချက်ရန်နှင့် မူလတန်းကျောင်း အုပ်ကို လစာနှုန်းတူသော်လည်း လုပ်သက်များ ထည့်သွင်းတွက်ချက်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဆိုပြီးဖော်ပြထားပါကြောင်း၊

သို့သော်လည်း သတင်းစာတွင် ကြေညာထားသည်မှာ ၁၄-၂-၂၀၁၇ ဖြစ်သော်လည်း အစည်းအဝေး ပြန်လုပ်သည်က ၂၃-၃-၂၀၁၇ ဆိုတော့ ဒါပညာရေးဝန်ကြီးဌာန မှားယွင်းနေသည်ဆိုသည်ကို ထောက်ပြခြင်း ဖြစ်ပါကြောင်း၊ ၂၃-၃-၂၀၁၇ အစည်းအဝေးပြီးသည့် အချိန်တွင် သတင်းစာမှာပါသည့် ကြေညာချက်ကို Amendment ထပ် လုပ်မည်ဆိုလျှင်လည်း ဆရာများက နားလည်ပါကြောင်း၊ ထို့ကြောင့် မှားယွင်းချက်ပေါ် ဆရာများက ဇွဲမလျော့ဘဲ ပြည်သူ့လွှတ်တော်၏ ပညာရေးမြှင့်တင်မှု ကော်မတီကိုလည်း ၂၇-၉-၂၀၁၇ ရက်နေ့က တင်ပြလာပါကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံဆီကိုလည်း ၁၂-၁၁-၂၀၁၇ ရက်နေ့က တင်ပြထားပါကြောင်း၊ ဘာမျှထူးခြားလာသည်ကို မတွေ့ရပါကြောင်း၊ ၎င်း ကိုယ်စားလှယ်ကိုးယောက်ထဲက နှစ်ယောက်က မိမိထံ ရောက်ရှိလာပြီး လွှတ်တော်တွင် မေးပေးပါဟု တောင်းဆိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၏ လစာနှုန်းတူဆိုသည့် Definition က ၂၀၁၃ တုန်းက ပြီးခဲ့သည့်အစိုးရ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင် ထိုင်သည့်အစည်းအဝေးတွင် အားလုံးအကျုံးဝင်ပါကြောင်း၊ လစာနှုန်းတူဆိုလျှင် ၎င်းလစာရလျှင် အကျုံးဝင်သည်ဟု ပြောထားခြင်းဖြစ်သည့်အတွက် ယခုဒီဘက်ခေတ် အစိုးရက ၂၀၁၇ တွင်လုပ်သည့် အစည်းအဝေးတွင် မိမိနားလည်ထားသည်မှာ DG အဆင်‌့က ဦးစီးပြီးလုပ်သည့် အစည်းအဝေးက လစာနှုန်းတူဆိုသော်လည်း မူလတန်းကျောင်းအုပ်ကို လက်မခံဘူးဆိုပြီး ပယ်လိုက်ခြင်းဖြစ်သည့်အတွက် ယခင်အစိုးရလက်ထပ်တုန်းက ဒုတိယဝန်ကြီးလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်ကို ယခုအစိုးရလက်ထက် DG လုပ်သည့် အစိုးရဆုံးဖြတ်ချက်က Over Whelming  ဖြစ်ထားကြောင်း၊ Over Rule လုပ်ထားသည်ဆိုသည့် သဘောဖြစ်သည့်အတွက် မိမိတို့ ဘဝင်မတွေ့စရာ ဖြစ်နေပါကြောင်း၊ အဆိုးဆုံးတစ်ခုကို တင်ပြရမည်ဆိုပါက စစ်ကိုင်းတိုင်းက ပညာရှင်အဆင်‌့ (၄)  မဖြေလိုက်ရသည့် လူများ Criteria တူညီသည့် နမူနာတစ်ယောက်ကို ပြောပါမည် ၎င်းကဖြေဆိုခွင့်ရသွားသည် သို့သော် သူက ၁၄-၇-၂၀၁၅ တုန်းက ပြန်တမ်းအရဆိုလျှင် လက်ထောက်ပညာရေးမှူး ရာထူးတိုးသွားပြီး နာမည်က ဦးဝင်းဆွေဖြစ်ပါကြောင်း၊ ၎င်း၏ဘွဲ့က B.sc, B.Ed ဖြစ်ပြီး လုပ်သက်နှစ်နှစ်တည်းနှင့် ဖြေခွင့်ရပြီး အဆင်‌့တိုးလဲရသွားပါကြောင်း၊ အဆင့် တိုးက ၃-၈-၂၀၁၇ ရက်နေ့က အမိန့်နှင့်အဆင်‌့တိုးသွားပြီး Criteria  တူသည့် နှစ်နှစ်တည်း လုပ်သက်ရှိသည့် လူကဖြေခွင့်ရသွားသည်ကို စစ်ကိုင်းတိုင်းကိုးယောက်က ဖြေခွင်‌့မရဘူးဆိုသည်ကို မိမိတင်ပြလိုခြင်း ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရှင်အဆင်‌့ (၄) စာမေးပွဲ ဖြေဆိုခွင့်မရသည့် စစ်ကိုင်းတိုင်းက ဆရာကိုးယောက်အပြင် အခြားပြည်နယ်တိုင်းများတွင်လည်း အလားတူကျန်ရှိ နေသည့်အတွက် ပြန်လည် Review လုပ်ပြီး စဉ်းစားသုံးသပ်ပြီး အဆင်‌့တိုးဖြေဆိုခွင်‌့ ပြုရန်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လွှတ်တော်ကိုယ်စားလှယ်ထံ တင်ပြလာသည့် တွဲဖက်လက်ထောက်မြို့နယ်ပညာရေးမှူး ငါးဦးကသာ ၃၁-၁-၂၀၁၈ ရက်စွဲဖြင့် တင်ပြထားသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်လာသည့် အခါ မေးခွန်းပါအတိုင်း ငါးဦးအတွက်သာ တင်ပြလိုပါကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ် ကြီးက ယခု နောက်ထပ်လေးဦးတိုးပြီး ကိုးဦးဟုပြောကြားထားခြင်းအတွက် လတ်တလောကျန်သည့် လေးဦးအတွက် ရှင်းလင်းတင်ပြ၍ မရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အနေဖြင့် ပညာရှင်အဆင်‌့ (၃) မှ ပညာရှင်အဆင်‌့ (၄) ရာထူးတိုးစာမေးပွဲဖြေဆိုခြင်းကို ၂၈-၃-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး သတ်မှတ်ရေးဖြေစာမေးပွဲရမှတ်၊ နှုတ်ဖြေစာမေးပွဲရမှတ် ရရှိသူများအားလုံး ကို အဆိုပါရာထူးသို့ ခန့်ထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၇-၁-၂၀၁၈ ရက်နေ့တွင် ထပ်မံကျင်းပခဲ့သည့် ပညာရှင်အဆင်‌့ (၄) ရာထူးတိုးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခဲ့ကြသူများအနက် သတ်မှတ်ရရှိ သူများကို တရားဝင် Website မှ ကြေညာပါကြောင်း၊ ဖြေဆိုသူများ၏ တန်းစီဇယားအလိုက် ဆန္ဒပြု ဒေသအပေါ်လည်း မူတည်ပြီး ခန့်ထားနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၏ဖွဲ့စည်းပုံအရ ပညာရေးကဏ္ဍသည် မူလတန်းပြသည် ပညာရှင်အဆင်‌့ (၁) ဖြစ်ပါကြောင်း၊ အလယ်တန်းပြသည် ပညာရှင် အဆင်‌့ (၂) နှင့် အထက်တန်းပြသည် ပညာရှင်အဆင်‌့ (၃) ဖြစ်ပြီး အလယ်တန်းကျောင်းအုပ်သည် ပညာရှင်အဆင်‌့ (၄) ဟု သတ်မှတ်ထားပါကြောင်း၊ သင်ကြားရေးမဟုတ်သည့် ရုံးပိုင်းနှင့် စီမံအုပ်ချုပ်မှုပိုင်းများတွင် ပညာရှင်အဆင့်ဟု မသတ်မှတ်ဘဲ အဆင်‌့အလိုက်လစာနှုန်းအပေါ်မူတည်ပြီး ရာထူးများကို လက်ထောက်မြို့နယ်ပညာရေးမှူး ရာထူး များသည် အထက်တန်းပြပညာရှင်အဆင်‌့ (၃) မူလတန်းကျောင်းအုပ်၊ အထက်တန်းပြလစာ ရာထူးများမှ ပညာရေးဘွဲ့ရရှိသူများကို ခန့်ထားသည့် ရာထူးဖြစ်ပါကြောင်း၊

ယခင်က ပညာရေးဝန်ကြီးဌာန၏ဖွဲ့စည်းပုံက မူလတန်းကျောင်းအုပ်များသည် ပညာရှင်အဆင်‌့ (၃) ဖြစ်ပါကြောင်း၊ ယခင်အငြိမ်းစားယူသွားသည့် ညွှန်ကြားရေးမှူးချုပ်တစ်ဦးက မူလတန်းကျောင်းအုပ် ပညာရှင်အဆင်‌့ (၃) ကို ပညာရှင်အဆင်‌့ (၂) ဟု ပြင်ဆင်သတ်မှတ်သွားသည့်အတွက် ယခု မူလတန်းကျောင်းအုပ်များသည် ပညာရှင်အဆင်‌့ (၂) အလယ်တန်းပြလစာနှုန်းကို ခံစားနေရခြင်း ဖြစ်ပါကြောင်း၊ လက်ထောက်မြို့နယ်ပညာရေးမှူးများက အထက်တန်းပြ ပညာရှင်အဆင်‌့ (၃) နှင့် တူညီသော လစာများကို ခံစားနေခြင်းဖြစ်သည့်အတွက် ရာထူးတိုးအတွက် ဒုတိယမြို့နယ် ပညာရေးမှူး သို့မဟုတ် ဦးစီးအရာရှိအဆင်‌့ကို ရာထူးတိုးလမ်းကြောင်း Promotion Pathway အရ ဖြေဆိုခွင့်ရှိသည့် သူများဖြစ်ပါကြောင်း၊ ရုံးတွင် တာဝန်ထမ်းနေသည့် သူများဖြစ်သည့်အတွက် ၎င်းတို့၏ ရာထူးတိုးသည် ရုံးတွင်ရာထူးတိုးရန်အတွက် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာန၏ ပညာရှင်အဆင်‌့ (၃) များကို အထက်တွင်တင်ပြခဲ့သည့်အတိုင်း ၂၇-၁-၂၀၁၈ ရက်နေ့တွင် ထပ်မံကျင်းပခဲ့သည့် ပညာရှင်အဆင့် (၄) ဦးစီးအရာရှိနှင့်တူညီသော ရာထူးတိုး စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့်သူများအတွက်ကို တန်းစီဇယားအလိုက် ခန့်ထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်သည့်အခါ ဖြေဆိုခွင်‌့သတ်မှတ်ချက် ရာထူးတိုးမြှင်‌့ရန် သတ်မှတ် လမ်းကြောင်းများနှင့် သတ်မှတ်ချက်များကို  နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီလည်း ကောင်း၊ အချို့သတ်မှတ်ချက်နှင့် ရာထူးတိုးမြှင်‌့ရန် လမ်းကြောင်း  Promotion Pathway များကို ပညာရေးဝန်ကြီးဌာန၏ မူဝါဒ၊ သတ်မှတ်ချက်များအရလည်းကောင်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဘက်မလိုက်ဘဲ ပွင်‌့လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်သည့် အခါတွင်လည်း လက်ထောက်မြို့နယ် ပညာရေးမှူးများ ရာထူးတိုးစာမေးပွဲ ဖြေဆိုသည့်အခါ လက်ထောက်မြို့နယ် ပညာရေးမှူးများသည် ပညာရှင်အဆင်‌့ (၃) နှင့် တူညီသောလစာနှုန်းကို ခံစားနေခြင်းဖြစ်သည့်အတွက် ပညာရှင်အဆင်‌့ (၄) ရာထူးနှင့်တူညီသော လစာနှုန်းကိုခံစားနေသည့် အလယ်တန်းကျောင်းအုပ်နှင့် လစာနှုန်းတူညီသည့် ဦးစီးအရာရှိ သို့မဟုတ် ဒုတိယမြို့နယ် ပညာရေးမှူးနှင့် မြို့နယ်ခရိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများမှ ဦးစီးအရာရှိ ရာထူးများကို ဖြေဆိုခွင့်ရရှိပါကြောင်း၊ ၎င်းကဲ့သို့ ဖြေဆိုနိုင်ရန်အတွက် လက်ထောက်မြို့နယ် ပညာရေးမှူးများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအရ လက်ထောက်မြို့နယ် ပညာရေးမှူး ရာထူးတစ်ဆက်တည်း သုံးနှစ်ပြည့်ပြီးဖြစ်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရာထူးတိုးလျှောက်လွှာ သတင်းစာခေါ်ယူစဉ်ကပင်  လက်ထောက်မြို့နယ် ပညာရေးမှူးရာထူးတွင် သုံးနှစ်ပြည့်မှသာ ဖြေဆို ခွင်‌့ရှိကြောင်း သတင်းစာတွင် ကြေညာခဲ့သကဲ့သို့ ဖြေဆိုမည့်သူများနှင့် တာဝန်ရှိသူများ အားလုံး ကိုလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် အသိပေး အကြောင်းကြားပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ယခုတင်ပြထားသည့် လက်ထောက်မြို့နယ်ပညာရေးမှူး ငါးဦးက နှစ်ဦးဖြစ်သည့် ဦးကျော်တင်နှင့် ဦးမြင့်သိန်းတို့၏ ကိုယ်ရေးမှတ်တမ်းများသည် လက်ထောက်မြို့နယ်ပညာရေးမှူး ရာထူးကိုရရှိသည့် ဦးကျော်တင်သည် ၁-၇-၂၀၁၆ ဖြစ်သည့်အတွက်ကြောင့် ၂ နှစ်မပြည့်သေးပါကြောင်း၊ ဦးမြင့်သိန်းသည် ၃၁-၅-၂၀၁၆ တွင် လက်ထောက်မြို့နယ်ပညာ ရေးမှူးတာဝန် ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် နှစ်နှစ်နှင့်တစ်လ ရှိပါသေးကြောင်း၊ ၎င်းက ဦးထွန်းထွန်းဦးနှင့် ဦးသန်းဝေဖြစ်ပါကြောင်း၊ ဦးထွန်းထွန်းဦးနှင့် ဦးသန်းဝေသည် ၁-၆-၂၀၁၆ ရက်နေ့တွင် လက်ထောက်မြို့နယ် ပညာရေးမှူး တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် နှစ်နှစ်သာ  ရှိပါသေးကြောင်း၊ ဦးမောင်ဝင်းသည် ၁-၆-၂၀၁၆ ရက်နေ့တွင် လက်ထောက်မြို့နယ်ပညာရေးမှူး တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် နှစ်နှစ်သာ ရှိပါသေးကြောင်း၊ ထို့ကြောင့် ပညာရေး ဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးစဉ်က ငါးဦးဟုပြောသည့်အတွက် ငါးဦးအတွက်သာ ပြင်ဆင်လာခြင်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ Website တွင် ဖြေဆိုတဲ့ သူများ၏ ရေးဖြေရမှတ်၊ နှုတ်ဖြေရမှတ်များကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီပြုစုပြီး တန်းစီဇယားများကို ကြီးငယ်စဉ်အရ စီစဉ်ထားသည်ကိုလည်း Website တွင် တင်ပြထားပါကြောင်း၊ Website ၏ လိပ်စာမှာ www.moe.gov.mm တွင် အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲနှင်‌့ ပတ်သက်ခြင်း၊ ရာထူးတိုးနှင့်ပတ်သက်ခြင်း၊ ကျောင်းအဆင်‌့တိုးနှင်‌့ပတ်သက်ခြင်းများ အားလုံးကို ပညာရေးဝန်ကြီးဌာန၏ လှုပ်ရှားမှုများကို တင်ပြထားပါကြောင်း၊ ထို့ကြောင့် လက်ထောက်မြို့နယ် ပညာရေးမှူး ငါးဦးသည် သုံးနှစ်မပြည့်သည့်အတွက် ဒုတိယမြို့နယ်ပညာရေးမှူး ရာထူးတိုးစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင်‌့ မရရှိခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ ရာထူးတိုးမြှင်‌့သည့် အစီအစဉ်များကိုလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် တစ်ဦးတစ်ယောက်ထဲအပေါ် ကန့်သတ်ပြီး စီစဉ်ဆောင်ရွက်ခြင်း မဟုတ်ဘဲ ဘက်မလိုက်ဘဲ ပွင်‌့လင်းမြင်သာစွာ တန်းစီဇယားများကိုလည်း Website တွင် တင်ပြထားပါကြောင်း၊ ပြီးလျှင် ရာထူးတိုးစာရင်းများကိုလည်း Website တွင် ထုတ်ပြန်ပြီး ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်ချက်အရ နစ်နာမှုရှိလျှင်လည်း ပြန်လည် တင်ပြလာမည်၊ တိုင်ကြားလာမည်၊ အကြံပြုလာလျှင်လည်း စိစစ်ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမောင်မြင့် (မင်းကင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတင်ပြခဲ့သကဲ့သို့ို ၁၄-၂-၂၀၁၇ က သတင်းစာမိတ္တူ မိမိတွင်ပါရှိပါကြောင်း၊ ဒေါက်တာခိုင်မြဲ ညွှန်ကြားရေးမှူးချုပ်ဟူ၍ လက်မှတ်ရေးထိုးထားသည့် အပိုဒ် (ခ) တွင် ဖော်ပြထားသည်က ဒုတိယမြို့နယ်ပညာရေးမှူး ရာထူးတိုးအတွက် B.Ed ဘွဲ့ရ လက်ထောက်မြို့နယ်ပညာရေးမှူးနှင်‌့ လစာနှုန်းတူအပါအဝင် လုပ်သက်သုံးနှစ်ပြည့်ပြီး လစာနှုန်းတူဟူသည်ကို ၎င်းတို့၏လစာနှုန်းတူသည့် မူလတန်းကျောင်းအုပ်များ ပါသည်ဆိုခြင်းကို ဆရာများက နားလည်ထားပါကြောင်း၊ ယခုကဲ့သို့ သတင်းစာတွင် ကြေညာပြီးမှ ရက် ၂၀ ကြာသည့်အချိန် ၂၃-၃-၂၀၁၇ ရက်မှသာ ပညာရေး ဝန်ကြီးဌာန DG ဦးစီးပြီး တိုင်းဒေသကြီးနှင်‌့ပြည်နယ်ပညာရေးမှူးများ အစည်းအဝေးတွင် မူဝါဒပြောင်းသွားကြောင်း၊ မူဝါဒပြောင်းသွားသည်ကို သတင်းစာတွင် Amendment လုပ်လျှင် ပြောစရာအကြောင်းမရှိပါကြောင်း၊ ၎င်းကို Amendment မလုပ်ဘဲ တစ်ချို့ပြည်နယ်/ တိုင်းများတွင် ဖြေခွင်‌့ရခြင်း၊ တစ်ချို့ပြည်နယ်တိုင်းများကျ ဖြေခွင်‌့မရခြင်းအပေါ် ထိုဆရာကိုးယောက်နှင့် Criteria တူညီသည့် ဆရာ၊ ထိုဆရာ Promotion ရသွားသည်ကို ဝမ်းသာသော်လည်း ဦးဝင်းဆွေက ၂၀၀၅ ခုနှစ်မှ မူလတန်းကျောင်းအုပ်မှ လက်ထောက်မြို့နယ် ပညာရေးမှူးဖြစ်သွားခြင်း၊ ၂၀၁၇ ခုနှစ်တွင် ဖြေရသည့်အခါ သူလုပ်သက် နှစ်နှစ်ကျော်သာ ရှိသေးပါကြောင်း၊ ၎င်းကဖြေခွင်‌့ရပါကြောင်းနှင့် Promotion ရသွားကြောင်းကိုလည်း တစ်ခါတည်းပေးထားခြင်းဖြစ်ပါကြောင်း၊ ၎င်းသည် အောက်ခြေ တွင် မှားယွင်းမှုများရှိနေခြင်း ဖြေခွင်‌့ရသည်ဆိုတာကို ၎င်းခေတ်တွင် Transparecy များစွာ ရှိပါကြောင်း၊  တစ်ယောက်နှင့်တစ်ယောက် တယ်လီဖုန်းအဆက်အသွယ်များ၊ Facebook များ ရှိပါကြောင်း၊ ၎င်းအချိန်တွင် ဖြေခွင်‌့ရ၍ Promotion ရသည့်သူများက ရသွားပြီး စစ်ကိုင်း တိုင်းဒေသကြီးကသူများ ကျန်နေခဲ့သည်ကို တင်ပြခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ယခု ရှင်းပြသည်မှာ ဝန်ကြီးဌာနတစ်ခုလုံး၏ Scope ကို ပြည်ထောင်စုဝန်ကြီးမြင်နိုင်ပါကြောင်း၊ မိမိတို့က တကယ့်  Particular လေးကို ကြည့်သည့်အချိန် နှစ်နှစ်ကျော်နှင့်သူများ ဖြေခွင်‌့ရပါကြောင်း၊ Criteria Same  သည့်အတွက် Complaint လုပ်ခြင်း ဖြစ်ပါကြောင်း၊

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

လွှတ်တော်ကိုယ်စားလှယ်ကြီး ရည်ညွှန်းသည့်အမိန့်ကြော်ငြာစာသည် ယမန်နှစ် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က အမိန့်ကြော်ငြာစာဖြစ်သည့်အတွက်  ယမန်နှစ်က မှန်ပါကြောင်း၊ သူသည် လက်ထောက်မြို့နယ်ပညာရေးမှူးရာထူးမှ ဒုတိယမြို့နယ်ပညာရေးမှူးရာထူးကို ဖြေဆိုသည့်အခါ သတ်မှတ်ချက်နှင့် ကိုက်ညီသည့်အတွက် ယမန်နှစ်က ရာထူးတိုးပေးခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ်တွင် မိမိတို့ပညာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သည့်အခါ သတ်မှတ်ချက်သည် သတင်းစာ တွင် ခေါ်သည်က ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲသည် ကျောင်းပြင်ပနှင်‌့တစ်သက်တာ ပညာရေးဦးစီးဌာနက ဖြစ်ပါကြောင်း၊ သတင်းစာတွင်ခေါ်သည့် ကြော်ငြာသည် ပညာရေးဝန်ကြီးဌာန အ‌ခြေခံပညာဦးစီးဌာန၏ ကြေညာချက်အနေဖြင့် ခေါ်ယူခြင်းဖြစ်ပါကြောင်း၊ ၎င်းကြေညာချက်တွင် လက်ထောက်မြို့နယ်ပညာရေးမှူးများသည် တစ်ဆက်တည်း လုပ်သက်သုံးနှစ်ပြည့်မီမှသာ  ဒုတိယ မြို့နယ်ပညာရေးမှူးရာထူးကို ဝင်ရောက်ဖြေဆိုခွင်‌့ရှိသည်ကို အတိအလင်း သတင်းစာတွင် ကြေညာပြီးမှ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ Website တွင်တင်ပြထားသည့်အတွက် ရာထူး တိုးခြင်းများ၊ ရာထူးပြောင်းခြင်းများ ထုတ်ပြန်သည့်အခါတွင်လည်း အချို့သူများ ၎င်းနှင့်အတူတူ ရာထူးဝင်ခြင်းဖြစ်သည့်အတွက် ၎င်း၏လျှောက်လွှာတွင် ဖော်ပြသည့်သက္ကရာဇ်များ မှားနေပါကလည်း ပြန်လည်ပြင်ဆင်ပြီး စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသော ဦးဝင်းဆွေက ယမန်နှစ်၏ အမိန့်ကြော်ငြာစာဖြစ်သည့်အတွက်  ယခုနှစ်ထုတ်ပြန်သော၊ စဉ်းစားဆောင်ရွက်သည့် အစီအစဉ်များတွင် သတ်မှတ်ချက်မတူပါကြောင်း ရှင်းလင်းဖြေကြားပါသည်။