(င)-အလုံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းအချို့တွင် ကျောင်းသားဦးရေ မပြည့်မီသော ကျောင်းများစုပေါင်းပြီး တစ်စုတစ်စည်းတည်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၈.၆.၂၀၁၈)

 

အလုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ခုနစ်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း ခြောက်ကျောင်း၊  ကျောင်းပေါင်းအားလုံး ၁၄ ကျောင်းရှိပြီး ကျောင်းသားဦးရေစုစုပေါင်းက ၅၇၄၉ ဦး၊  ဆရာဆရာမအင်အားပေါင်းတော့ ၂၆၈ ဦးရှိပါကြောင်း၊ အလုံ အ.ထ.က(၂)ကျောင်းတွင် ဆရာဆရာမအင်အားစုစုပေါင်း ၂၂ ယောက်နှင့် ကျောင်းသား အင်အား ၄၅ ယောက်၊ အ.ထ.က(၃)ကျောင်းတွင် ဆရာဆရာမ စုစုပေါင်းအင်အား ၁၉ ယောက်နှင့် ကျောင်းသားပေါင်း ၁၆၅ ယောက်၊ အ.ထ.က(၅)ကျောင်းတွင် ဆရာ ဆရာမအင်အား စုစုပေါင်း ၁၆ ယောက်နှင့် ကျောင်းသား ၇၂ ယောက်၊ အ.ထ.က(၂)ကျောင်းတွင် မူလတန်းပြဆရာမက လေးယောက်နှင့် မူလတန်းကျောင်းသား နှစ်ယောက်အသီးသီးရှိကြရာ ဆရာဆရာမအင်အားက ကျောင်းသားဦးရေ ထက်များနေပါကြောင်း၊ ထို့ကြောင့် ဆရာဆရာမနှင့် ကျောင်းသား အချိုး မညီမျှသည့် ကျောင်းများကို စုပေါင်းပြီး ဖွင့်နိုင်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အလုံမြို့နယ်အတွင်းတွင် အခြေခံပညာအထက်တန်းကျောင်းခုနစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းတစ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခြောက်ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၄ ကျောင်းရှိပါကြောင်း၊ အဆိုပါကျောင်းများတွင် အထက်တန်း ကျောင်းများသည် အ.ထ.က(၁)(၂)(၃) (၄)(၅)(၆)(၇)နှင့် အလယ်တန်းကျောင်းအနေဖြင့် အ.လ.က(၂)၊  မူလတန်းကျောင်းများအနေဖြင့် အ.မ.က(၂)၊ အ.မ.က(၄)၊ အ.မ.က(၆)၊ အ.မ.က(၉)၊ အ.မ.က(၁၁)၊ အ.မ.က(၁၂)ဟူ၍ ရှိပါကြောင်း၊ အလုံမြို့နယ်၏ ကျောင်းသားကျောင်းသူဦးရေသည် အ.ထ.က(၁)တွင် ၃၂၃ ဦး၊ အ.ထ.က(၂)တွင် ၄၅ ဦး၊ မူလတန်းအဆင့်တွင် ကျောင်းသားကျောင်းသူ (၂)ဦး၊ အ.ထ.က(၃)တွင် ၁၆၅ ဦး၊ အ.ထ.က(၄)တွင် ၂၇၇၆ ဦး၊  အ.ထ.က(၅)တွင် ကျောင်းသားကျောင်းသူ ၇၂ ဦး၊ အ.ထ.က(၆)တွင်  ၁၀၄၂ ဦး၊ အ.ထ.က(၇)တွင် ၇၈၃ ဦး ပညာသင်ယူလျက်ရှိသည့်အတွက် အ.ထ.က(၂)၊ အ.အထ.က(၃)နှင့် အ.ထ.က(၅)တို့သည် ကျောင်းသားကျောင်းသူဦးရေ အင်မတန်နည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါအ.ထ.ကကျောင်းများ၏ Sanction ကိုရုပ်သိမ်းပြီး ရန်ကုန်တိုင်းအတွင်း လိုအပ်သည့်ကျောင်းများကို ပြန်လည် အသုံးပြုရန်နှင့် တက်ရောက်နေသော ကျောင်းသားကျောင်းသူများကိုလည်း အနီးဆုံး ကျောင်း များတွင် School Catchment Area တက်ရောက်စေရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆရာဆရာမနှင့် သင်ကြားရေးမဟုတ်သည့် ဝန်ထမ်းများကိုလည်း ဖွဲ့စည်းပုံအရ အလုံမြို့နယ် အတွင်း လစ်လပ်သည့် နေရာများတွင် ဦးစားပေး၍ လည်းကောင်း၊ အလုံမြို့နယ်နှင့် နီးစပ်သည့် မြို့နယ်များတွင်လည်းကောင်း တာဝန်ချထား ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ကျန်ရှိ ကျောင်းအဆောက်အဦများကိုလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သလို အကျိုးရှိစွာ အသုံးပြုနိုင်ရန် သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျောင်း သားကျောင်းသူနှင့်  ဆရာဆရာမဝန်ထမ်းများကိုလည်း အနီးဆုံးမြို့နယ်များတွင် သတ်မှတ် ဧရိယာအရ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။