(ဂ) အင်းခွန်ကြမ်းခင်းဈေးအရစ်ကျစနစ်ဖြင့်ချထားလုပ်ကိုင်ခွင့်ပြုရန်နှင့် သားငါးရှာဖွေရာတွင် အခွန်အခ မပေးဆောင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့မှတ်တမ်း (၂၄-၄-၂၀၁၂ )

 ချစ်ခင်လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ကြွရောက်လာကြတဲ့ ဧည့်သည်တော်အပေါင်း မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဦးစွာပဏာမဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော့် အနေနဲ့ ယနေ့တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသမှာကြုံတွေ့နေကြရတဲ့ ကျေးလက်မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုမှာအကျုံးဝင်တဲ့ အင်းများနဲ့ပတ်သက်တဲ့ကိစ္စ မေးမြန်းဆွေးနွေးခွင့်ပြုပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဆွေဝင်း ဖြစ်ပါတယ်။ ဒီနေ့နိုင်ငံတော်မှာရှိတဲ့ အင်းများကို ငွေကြေးချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်များထံ လေလံစနစ်နဲ့ချပေးတဲ့အခါမှာ ဒီပုဂ္ဂိုလ်တွေဟာ ဒီအင်းကို လည်းမတွေ့ဖူးဘူး။ တချို့က ဒီဒေသမှာလည်းမနေဘဲနဲ့ ဒီအင်းတွေကိုလေလံဆွဲပြီးတော့ အကြောင်း အမျိုးမျိုးနှင့်ရရှိထားတဲ့အတွက် အဲဒီ အင်းပတ်ဝန်းကျင်မှာနေထိုင်တဲ့ပုဂ္ဂိုလ်တွေဟာ ဒီအင်းတွေကို ဈေးကြီးကြီးနှင့်ပေးပြီးတော့မှ လုပ်ကိုင်ရတဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ဒီကနေ့ ကျေးလက်သားငါးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်လို့ ဒီလုပ်ငန်းစဉ်တိုင်းဟာ ဒီလုပ်ရပ်ဟာ ဆိုလို့ရှိရင် သွားပြီးတော့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ သားငါးဈေးနှုန်းကိုကြီးမားအောင်၊ ကြီးမြင့် အောင်လုပ်နေသလိုအခြေအနေရှိပါတယ်။ ဒါ့ကြောင့် အင်းတွေကို ငွေကြေးချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်များထံ လေလံစနစ်နဲ့ချထားပေးခြင်းမပြုတော့ဘဲနဲ့ အဲဒီအင်းပတ်ဝန်းကျင်မှာ အခြေချ နေထိုင်တဲ့ ရေလုပ်သားတွေဆီကိုလုပ်ပိုင်ခွင့်ပေးပြီးတော့ အင်းခွန်ကိုကြမ်းခင်းဈေးနဲ့ အရစ်ကျ ပေးချေတဲ့ စနစ်နဲ့လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကိုလည်းပဲ လက်တွေ့အကောင်အထည်ဖော်ရာရောက်မှာဖြစ်ပါတယ်။ တစ်ဆက်တည်း မှာပဲ အင်းနဲ့တစ်ဆက်တစ်စပ်တည်းဖြစ်တဲ့ နွေစပါးစိုက်ပျိုးမှုကိုလည်း အဲဒီအင်းပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေမှာ တိုးတက်ဖွံ့ဖြိုးလာမယ်လို့ ဒီလိုတွေ့ရှိရပါတယ်။ ကျေးလက်ဒေသတွေမှာ ဟိုးရှေး ယခင်အခါတည်းက ချောင်း၊ မြောင်း၊ လျှိုမြောင်တွေနဲ့ လယ်ကြိုလယ်ကြားများမှာ ရေပေါ်ရေလျှံ သားငါးရှာဖွေစားသောက်ရေးလုပ်ငန်းကို လွတ်လပ်စွာရှာဖွေစားသောက်ခွင့်ပြုခဲ့ပါတယ်။ အခုအခါ မှာ ရေပေါ်ရေလျှံသားငါးရှာဖွေစားသောက်ရေးလုပ်ငန်းကို ခုနလိုပုဂ္ဂိုလ်တွေကို အင်းလေလံချထား ပေးတဲ့အတွက် သက်ဆိုင်ရာကိုအခွန်ဆောင်ပြီးမှသာ ရှာဖွေစားသောက်ရတဲ့အခြေအနေရှိပါတယ်။ ယခုအခါမှာ အင်းသူကြီးအများစုဟာ မိမိလယ်ကြိုလယ်ကြားမှာ သားငါးရှာဖွေစားသောက်တဲ့ တောင်သူလယ်သမားမိသားစုများကို အင်းအိုင်လက်စွဲဥပဒေတွေနဲ့ဖမ်းဆီးပြီးတော့ တရားရုံးတင် နေကြတဲ့အနေအထားများ တော်တော်များများဖြစ်ပေါ်နေတဲ့ အနေအထားရှိပါတယ်။ တစ်ဖက်က လည်းပဲ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနရဲ့ ရှေ့လုပ်ငန်းစဉ်တစ်ခုမှာ ငါး၊ စပါးကို မွေးရမယ် ဆိုတဲ့အခါမှာ အဲဒီ လယ်ကြိုလယ်ကြားမှာရှိတဲ့သားငါးများကို သမားရိုးကျရှာဖွေစားသောက်တဲ့ တောင်သူလယ်သမားများရဲ့ သမားရိုးကျလုပ်ငန်းစဉ်နဲ့ ငါး၊ စပါးလုပ်ငန်းစဉ်ဟာလည်းပဲသွားပြီးတော့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခြေအနေရှိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့် မေးခွန်း ၂ ခုကို မေးခွင့်ပြုပါခင်ဗျား။ မေးခွန်းမှာ အင်း နယ်နိမိတ်ဝန်းကျင်မှာ အခြေချနေထိုင်လျက်ရှိတဲ့ သားငါးရှာဖွေစားသောက်တဲ့ ရေလုပ်သားများကို အင်းခွန်ကိုကြမ်းခင်းဈေးနှင့် အရစ်ကျချထားလုပ်ကိုင်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါတယ် ခင်ဗျား။ နောက်မေးခွန်းတစ်ခုကတော့ ကျေးလက်ဒေသမှာ ရေပေါ်ရေလျှံသားငါးရှာဖွေစားသောက် တဲ့နေရာမှာ အခွန်အခမပေးဆောင်ရဘဲ ရှေးယခင်ကကဲ့သို့ လွတ်လပ်စွာရှာဖွေစားသောက်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းတင်ပြထားပါသည် ။

 

ဖြေကြားသူ
ဦးခင်မောင်အေး ဒုတိယဝန်ကြီး
အဖြေ

 လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ကြီးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်းနဲ့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေး ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးတာဝန်အရ ပြည်တွင်း ခရီးစဉ်သွားရောက်နေတဲ့အတွက်ကြောင့်မို့လို့ ဝန်ကြီးရဲ့ကိုယ်စား ကျွန်တော်ဖြေကြားသွားမှာဖြစ်ပါ တယ်။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဆွေဝင်း မေးမြန်းထားတဲ့ အင်းနေရာနယ်နိမိတ်ဝန်းကျင်တွင် အခြေချနေထိုင်လျက်ရှိတဲ့ သားငါးရှာဖွေ စားသောက်တဲ့ ရေလုပ်သားများအား အင်းခွန်ကိုကြမ်းခင်းဈေးအရစ်ကျစနစ်ဖြင့် ချထားလုပ်ကိုင်ခွင့် ပြုရန်အစီအစဉ် ရှိ၊ မရှိနှင့် ကျေးလက်ဒေသတွင် ရေပေါ်ရေလျှံသားငါးရှာဖွေစားသောက်ရာတွင် အခွန်အခမပေးဆောင်ရဘဲ လွတ်လပ်စွာရှာဖွေစားသောက်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါ ကြောင်း ကြယ်ပွင့်ပြမေးခွန်းနဲ့ မေးမြန်းထားသည်များကို ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၈၉ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံ ငါးလုပ်ငန်းအက်ဥပဒေ (The Fisheries Act) အရ အင်းခွန်ငွေများကို အရစ်ကျပေးသွင်းခွင့်ပြုခဲ့ရာ အရကောက်ခံမှုအမှုတွဲ (Recovery Preceeding) များနှင့် အာမခံစာချုပ်များထားရှိပြီး စနစ်တကျ ဆောင်ရွက်ခဲ့သော်လည်း အင်းလုပ်ငန်းအလုပ်မှာ ရာသီဥတုအပေါ်တည်မှီပြီးတော့ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရှုံးပေါ်တဲ့နှစ်တွေမှာ ရေလုပ်သားအများစုဟာ အရစ်ကျငွေ များကို ပေးသွင်းနိုင်ခြင်းမရှိဘဲ အင်းခွန်ကြွေးကျန်များဖြစ်ပေါ်ခဲ့ကြောင်းတွေ့ရှိရပါတယ်။ အဲဒီ ကြွေးကျန်တွေကိုကောက်ခံတဲ့နေရာမှာ ရေလုပ်သားအများစုဟာ ဆင်းရဲနွမ်းပါးသူများဖြစ်တဲ့အတွက် ကြောင့်မို့လို့ အမှန်တကယ်ပေးသွင်းနိုင်မှုမရှိခြင်း၊ အာမခံတင်သွင်းထားသည့် နေအိမ်၊ ပစ္စည်း စသည်တို့ကိုသိမ်းဆည်းပြီး ကြွေးပေးသွင်းစေရန်မှာလည်း အခက်အခဲရှိခြင်းတို့ကြောင့် အင်းခွန်ငွေ အရစ်ကျပေးသွင်းစေသည့်စနစ်မှာ ရေလုပ်သားများနှင့် ဌာနအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း တွေ့ရှိရပါတယ်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံး ဆောင်ရွက်ခဲ့ခြင်းကြောင့် တည်ဆဲရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီ ဂရန်အင်းများကို ဈေးပြိုင်စနစ် ဖြင့်လေလံတင်ရောင်းချ၍ အင်းခွန်ငွေများကို နိုင်ငံတော်သို့လက်ငင်းငွေချေစနစ်ဖြင့် အပြေအကျေ ပေးဆောင်စေလျက်ရှိပါတယ်။ သို့ပါ၍ အင်းဂရန်နယ်နိမိတ်ဝန်းကျင်တွင် အခြေကျနေထိုင်လျက်ရှိ သော ရေလုပ်သားများအနေဖြင့် တည်ဆဲရေချိုငါးလုပ်ငန်းဥပဒေအရ ဂရန်အင်းများကို ဈေးပြိုင် လေလံဆွဲဝယ်၍လည်းကောင်း၊ တစ်ဦးတစ်ယောက်တည်း ဆွဲဝယ်ရန်အခက်အခဲရှိပါက အစုအဖွဲ့ဖြင့် ဆွဲဝယ်၍လည်းကောင်း၊ အပြေအကျေပေးဆောင်ကာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါကြောင်း တင်ပြအပ် ပါတယ်ခင်ဗျား။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အခွန်ဆောင်ရေလုပ်သားများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့ သင့်တင့်တဲ့နှုန်းထားဖြင့် ကိရိယာခွန်ကောက်ခံရန်ပြဋ္ဌာန်းထားရှိပြီး လက်လုပ်လက်စား ကျေးလက်နေပြည်သူများ တစ်ဝမ်းတစ်ခါးရှာဖွေစားသောက်ရန် ဂရန်အင်း၊ သီးသန့်အင်းနှင့် တင်ဒါ ငါးဖမ်းကွက်များမှအပ ကျန်ရှိရေချိုငါးလုပ်ငန်းရေပြင်များတွင် ရေချိုငါးဖမ်းကိရိယာ ၁၆ မျိုးဖြစ်သည့် လက်ထွန်၊ ကိုင်းထောက်၊ ထောင်ကျင်း၊ ငါးမျှားတန်း၊ ဘူးမျှော၊ လက်ပစ်ကွန်၊ ရင်တွန်း၊ ပေါ်ခပ်၊ ယက်သဲ့၊ မြှုံးငယ်အမျိုးမျိုး၊ မြှုံးကြီး၊ တုတ်၊ တစောင်း၊ ဆောင်း၊ လှံထိုး၊ ဂုတ်နှင့် ရေငန်ငါးဖမ်းကိရိယာ ၆ မျိုးဖြစ်တဲ့ ပေါ်ခပ်၊ ယက်သဲ့၊ တိုင်ထောင်မျှင်၊ ပိုက်ဓမင်း၊ ပိုက်စိမ်း၊ ဓမင်းမြှုံးတို့ကို အခွန်အခပေး ဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုပြီးတော့ လွတ်လပ်စွာရှာဖွေစားသောက်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရေလုပ်သားများအပါအဝင် ကျေးလက်နေပြည်သူများဟာ အထက်ဖော်ပြပါရေချိုငါးဖမ်း ကိရိယာ ၁၆ မျိုး၊ ရေငန်ငါးဖမ်းကိရိယာ ၆ မျိုးတို့ကို အခွန်ပေးဆောင်ရခြင်းမရှိဘဲ မိသားစုအတွက် တစ်နပ်တစ်အိုး ဟင်းစားရှာဖွေနိုင်သည်ကို ကျေးရွာအနှံ့အပြားတွေ့ရှိနိုင်ပါကြောင်းနှင့် အင်းဂရန် နယ်နိမိတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသော သားငါးရှာဖွေစားသောက်သည့် ရေလုပ်သားများ ကိုယ်စား စိတ်ဝင်စားစွာဖြင့်မေးမြန်းပေးတဲ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကော်မတီအဖွဲ့ဝင် ဦးဉာဏ်ဆွေဝင်းအား အထူးပင် ကျေးဇူးတင်ရှိကြောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါသည် ။