လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ’’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျင်ဝမ်း ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ ဟိုပန်မြို့နယ်မှာရှိတဲ့ ဖါခါး သစ်တောကြိုးဝိုင်းနှင့်ပတ်သက်ပြီး အဲဒီကြိုးဝိုင်းဧရိယာအတွင်းမှာနေထိုင်ကြတဲ့ တောင်သူ လယ်သမားများရဲ့တင်ပြချက်အရ ၎င်းတို့ကိုယ်စား မေးခွန်းမေးမြန်းခြင်းဖြစ်ပါတယ်။ လေးစား အပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဖါခါးသစ်တောကြိုးဝိုင်းသည် ကျွန်တော်တို့ ဟိုပန်မြို့ပေါ်ရပ်ကွက် များနှင့်ဆက်စပ်လျက်တည်ရှိပြီး ဧရိယာ ၁၈၁၁၆ ဧက ဖွဲ့စည်းသတ်မှတ်ထားပါတယ်။ အဲဒီ ဖါခါး သစ်တောကြိုးဝိုင်းကို သစ်တောရေးရာဝန်ကြီးရုံး၏ ၉-၁-၂၀၀၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၇/၂၀၀၂ အရ ကြိုးဝိုင်းတောဖွဲ့စည်းခြင်းအမိန့်ကို ထုတ်ပြန်ခဲ့ပြီးသတ်မှတ်ခဲ့ပါတယ်။ ဖါခါးသစ်တော ကြိုးဝိုင်းသတ်မှတ်တဲ့ဧရိယာအတွင်းမှာ ရှေးယခင်ကတည်းကနေထိုင်လာခဲ့ကြတဲ့ ကျေးရွာအုပ်စု ၅ အုပ်စုမှ ကျေးရွာ ၃၆ ရွာသည် သစ်တောကြိုးဝိုင်းထဲသို့ကျရောက်ခဲ့ပါတယ်။ အဲဒီကျေးရွာ ၃၆ ရွာရဲ့ စိုက်ပျိုးမြေများနဲ့ မြို့ပေါ်ရပ်ကွက်မှာနေထိုင်တဲ့ တောင်သူလယ်သမားအများအပြားရဲ့ စိုက်ပျိုးရေးမြေ များသည် သစ်တောကြိုးဝိုင်းဧရိယာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဖါခါးသစ်တောကြိုးဝိုင်းဧရိယာအတွင်းမှာ မူလကတည်းက သစ်တော၊ သစ်ပင်ကြီးဟူ၍ လုံးဝပေါက်ရောက်ခြင်းမရှိဘဲ ကျေးရွာများရဲ့စိုက်ပျိုးမြေများကို ကြိုးဝိုင်းတောဖွဲ့ စည်းခဲ့ခြင်းဖြစ်ပါတယ်။ ဤသို့ ကြိုးဝိုင်းဖွဲ့စည်းသတ်မှတ်တဲ့အချိန်မှာ ကျေးရွာများရဲ့စိုက်ပျိုးရေးမြေ များကို သတ်မှတ်ချန်ထားခဲ့သော်လည်း တိုးပွားလာသောလူဦးရေနှင့် အခြားဒေသမှပြောင်းရွှေ့လာ သောလူဦးရေများကြောင့် ယခုအခါကြိုးဝိုင်းတစ်ခုလုံးတွင် ကျေးလက်နေတောင်သူလယ်သမားများ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ ဘိန်းအစားထိုးရာဘာပင်များနှင့် ရာသီသီးနှံအမျိုးမျိုးကိုသာ တွေ့ရမှာဖြစ်ပါတယ်။ ထိုသို့စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ ဒေသခံတောင်သူလယ်သမားများနဲ့ သစ်တော ဦးစီးဌာနမှဝန်ထမ်းများအကြား မကြာခဏအငြင်းပွားလေ့ရှိကြောင်းကြားသိရပါတယ်။ သို့ဖြစ်ပါ၍ သစ်တော၊ သစ်ပင်များပေါက်ရောက်ခြင်းမရှိဘဲ ဒေသခံတောင်သူလယ်သမားများ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့ကြတဲ့ ဖါခါးသစ်တောကြိုးဝိုင်းအတွင်းမှ ယာမြေများကို သစ်တောကြိုးဝိုင်းဧရိယာ သတ်မှတ်ထားရှိခြင်းမှပယ်ဖျက်ပြီး ဒေသမှာနေထိုင်ကြတဲ့ တောင်သူလယ်သမားများရဲ့ စိုက်ပျိုးမြေ များအဖြစ် ပြန်လည်သတ်မှတ်ပေးနိုင်ပါရန် အစီအစဉ်ရှိ၊ မရှိသိလိုပါ၍ ရိုသေစွာမေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များခင်ဗျား။ မင်္ဂလာကျက်သရေအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။ ရှမ်းပြည်နယ်၊ ဟိုပန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျင်ဝမ်း မေးမြန်း သည့် ဖါခါးကြိုးဝိုင်းနှင့်ပတ်သက်တဲ့မေးခွန်းကို ပြန်လည်ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ယခုလိုမေးခွန်းဖြေကြားခြင်းကဏ္ဍများမှာ မကြာခဏအသုံးပြုရတဲ့စကားကိုပဲ ပြန်လည်ပြီးတော့ ကိုးကားရမှာဖြစ်တဲ့အတွက်ကြောင့်မို့ ခွင့်လွှတ်ပါလို့လည်း ဦးစွာတောင်းပန် လိုပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ အမျိုးသားသစ်တောကဏ္ဍပင်မအနှစ် ၃၀ စီမံကိန်း ၂၀၀၁-၂၀၀၂ မှ ၂၀၃၁-၂၀၃၂ အထိ ကျွန်တော်တို့ ဒီစီမံကိန်းမှာ သစ်တောမြေများဖြစ်ကြတဲ့ ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တောများကို နိုင်ငံဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းအထိတိုးချဲ့ဖွဲ့စည်းဖို့ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလအကုန်အထိ နိုင်ငံတော်ဧရိယာရဲ့ ၂၄.၄၈ ရာခိုင်နှုန်းကို ပိုမြေများအဖြစ်ဖွဲ့စည်းသတ်မှတ်ပြီးဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းချက်မှာဖော်ပြထားတဲ့ ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်အတွင်း မှာရှိတဲ့ ဖါခါးကြိုးဝိုင်းဧရိယာဧက ၁၈၁၁၆ ဧကကိုလည်းပဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ယခင် သစ်တောရေးရာဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၀၂၊ ၉-၁-၂၀၀၂ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးတော့ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် သစ်တော ဥပဒေပုဒ်မ ၃၊ ပုဒ်မ ၄၊ ပုဒ်မ ၆ နဲ့ ၁၉၉၅ ခုနှစ် သစ်တောနည်းဥပဒေပုဒ်မ ၃ နဲ့ ၁၉ တို့အရ ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများဖွဲ့စည်းရာတွင် ဖွဲ့စည်းမည့်နေရာဒေသရှိ ပြည်သူများ သစ်တောထွက်ပစ္စည်းများ ထုတ်ယူသုံးစွဲခွင့်၊ မြေယာများအသုံးချခွင့် စားကျက်ချခြင်းအပါအဝင် များကိုအရေအတွက်၊ အမျိုးအစား၊ ဧရိယာ၊ နယ်နိမိတ်၊ အချိန်ရာသီခွင့်ပြုမည့်နည်းလမ်းများ သတ်မှတ်ပေးခြင်း၊ ဖွဲ့စည်းစဉ်တွင်တည်ရှိသည့် ကျေးရွာ၊ လယ်ယာမြေများကို ထည့်သွင်းခြင်းမပြုဘဲ ချန်လှပ်အကွက်များအဖြစ် သတ်မှတ်ပေးခြင်းတို့ကို စနစ်တကျမှတ်တမ်းများတင်၍ ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဖါခါးကြိုးဝိုင်းမှာ မူလကြိုးဝိုင်းဧရိယာ ၂၀၄၈၀ ဧက ဖွဲ့စည်းရန်လျာထားခဲ့ သော်လည်းပဲ ကြိုးဝိုင်းဖွဲ့စည်းမှုဧရိယာအတွင်းမှာရှိသည့် မော်ဟွေ့၊ ဟာဖြတ်၊ ဖါးဟာ၊ ဖာလင်နှင့် ပန်ကောက်ကျေးရွာအုပ်စု ၅ စုရှိ ကျေးရွာပေါင်း ၄၇ ရွာ အတွက် ရွာမြေနှင့် ယာမြေများ စုစုပေါင်းဧရိယာ ဧက ၂၃၆၃.၅ ဧကပါဝင်နေတဲ့အတွက်ကြောင့် ၎င်းမြေများကိုချန်လှပ်ပြီးတော့ ကြိုးဝိုင်းဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါတယ်။ ဖော်ပြပါကျေးရွာများအတွက် ကြိုးဝိုင်းအတွင်း ဖြတ်သန်း သွားလာခွင့်နှင့် သစ်တောထွက်ပစ္စည်းများထုတ်ယူသုံးစွဲခွင့််များကိုလည်း သတ်မှတ်ထားတဲ့နည်းလမ်း နှင့်အညီ ခွင့်ပြုပေးလျက်ရှိပါတယ်။ သို့ရာတွင် ကြိုးဝိုင်းဖွဲ့စည်းပြီးမှ မြို့ပေါ်ရပ်ကွက်နေထိုင်သူများက ကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်မှုများမှာ ဖော်ပြပါကြိုးဝိုင်းမဖွဲ့စည်းမီက နေထိုင်သူများအတွက် ခွင့်ပြုပေးထားသည့် ဆိုင်ရာဆိုင်ခွင့်များနှင့် အကျုံးဝင်ခြင်းမရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ ဖါခါးကြိုးဝိုင်းဟာ ကြိုးဝိုင်းဖွဲ့စည်းပြီးနောက် တရားမဝင်ကျူးကျော်လုပ်ကိုင်မှု များကြောင့် လက်ရှိအနေဖြင့် သစ်ပင်ကြီးများပေါက်ရောက်မှုကျဲပါးသော်လည်း သစ်တောကြိုးဝိုင်း၏ အင်္ဂါရပ်နှင့်ကိုက်ညီစေရေးအတွက် လက်ရှိသဘာဝတောများကို စနစ်တကျပြုစုထိန်းသိမ်းခြင်း၊ ကြိုးဝိုင်းအတွင်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ပုဂ္ဂလိကပိုင်သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် အစုအဖွဲ့ပိုင်သစ်တောများတည်ထောင်စိုက်ပျိုးရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက စည်းရုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဖါခါးကြိုးဝိုင်းတွင် ကြိုးဝိုင်းမဖွဲ့စည်းမီကတည်ရှိနေသော ကျေးရွာသားများအား သစ်တောဥပဒေအရ ဆိုင်ရာဆိုင်ခွင့် များကို ပေးအပ်ထားပြီးဖြစ်ပါကြောင်းသိရှိနိုင်ပါရန်နှင့် ကြိုးဝိုင်းဖွဲ့စည်းပြီးမှ ကျူးကျော်ဝင်ရောက် လုပ်ကိုင်မှုများကိုမူ သစ်တောကြိုးဝိုင်းအဖြစ်ကိုသတ်မှတ်ခြင်းမှပယ်ဖျက်ခြင်းမပြုဘဲ အထက်ဖော်ပြပါ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြစေရေးအတွက် ဒေသခံပြည်သူများ အား စည်းရုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားထားပါသည် ။
