(က) ယာဉ်ကြီး/ယာဉ်ငယ်ထိခိုက်မှုပြဿနာနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့မှတ်တမ်း (၂၃-၄-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။  မင်္ဂလာအပေါင်းနှင်‌့ ပြည့်စုံကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးမှာ ယာဉ်ကြီး/ယာဉ်ငယ် ထိခိုက်မှုနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကို မေးမြန်း လိုပါတယ်။
 မော်တော်ယာဉ်နှင်‌့သက်ဆိုင်သော တည်ဆဲဥပဒေများဖြစ်ကြတဲ့ The Burma Motor Vehicle Act, 1915 ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ မော်တော်ယာဉ်ဥပဒေ ၁၉၆၄ အရလည်းကောင်း၊ မော်တော်ယာဉ်တိုက်ခိုက်မှုများနှင်‌့ပတ်သက်၍ စစ်ဆေးအရေးယူတဲ့ ပြစ်မှုဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများအရ လည်းကောင်း၊ မော်တော်ယာဉ်ကြောင့် ထိခိုက်နစ်နာမှုများကို စစ်ဆေးအရေးယူရာမှာ ယာဉ်ကြီး/ယာဉ်ငယ် ခွဲခြား သတ်မှတ်အရေးယူရန် ပြဋ္ဌာန်းချက်များပါရှိတာကို မတွေ့ရှိရပါ။ သို့သော် လက်တွေ့မှာ ယာဉ်ကြီးနှင့် ယာဉ်ငယ်ထိခိုက်တိုက်မိခြင်းများမှာ အထူးသဖြင့် ကုန်တင်ယာဉ်ကြီးများ သွားလာမှုများပြားပြီး မော်တော်ဆိုင်ကယ်အလွန်ပေါများတဲ့ ကျွန်တော်တို့နယ်တွေမှာ ယာဉ်ငယ်က မည်မျှပင် စည်းကမ်း ဖောက်ဖျက်မှားယွင်းနေသည်ဖြစ်ပါစေ ယာဉ်ကြီးများက မည်မျှပင်မှန်ကန်သည်ဆိုစေကာမူ ယာဉ်ကြီး ရဲ့အမှားအဖြစ်သတ်မှတ်အရေးယူ ပြစ်ဒဏ်ပေးနေတာကို တွေ့ရှိနေရပါတယ်။ ထိုသို့ သတ်မှတ် အပြစ်ပေးအရေးယူမှုများကို အခွင်‌့ကောင်းယူကာ ယခုအခါ ဆိုင်ကယ်စီးသူများက တမင်တကာ လမ်းစည်းကမ်း ဖောက်ဖျက်စီးနင်းခြင်း၊ တမင်မတော်တဆဖြစ်အောင် လုပ်ဆောင်လျော်ကြေး တောင်းဆိုခြင်းများပြုလုပ်နေတာကို တွေ့ရှိနေရပါတယ်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနနှင့် အဖွဲ့ အစည်းများက ဥပဒေနှင့်မညီညွတ်သော ဖော်ပြပါ ယာဉ်ကြီး/ယာဉ်ငယ် ထိခိုက်မှုပြဿနာများအား ဥပဒေနှင်‌့အညီဖြစ်စေရန် မည်ကဲ့သို့ ကြပ်မတ်ပြုပြင်ပေးနိုင်မည်နှင့် မော်တော်ယာဉ်မျိုးစုံ ဦးရေ တိုးတက်များပြားလာတဲ့ မျက်မှောက်ကာလမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု တိုးတက်ကောင်းမွန်အောင် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို မေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာဆုတောင်းမေတ္တာပို့သအပ် ပါတယ်။ ယခု ရှမ်းပြည်နယ်၊ မူဆယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်ရဲ့ လက်တွေ့မှာ ယာဉ်ကြီး/ယာဉ်ငယ် ထိခိုက်တိုက်ခိုက်မှုများ၌ ယာဉ်ကြီးရဲ့အမှားအဖြစ် သတ်မှတ် အရေးယူပြစ်ဒဏ်ပေးနေသည်ကိုတွေ့ရသဖြင့် ဥပဒေနှင်‌့မညီညွတ်သော ယာဉ်ကြီး/ယာဉ်ငယ် ထိခိုက်မှုပြဿနာများအား ဥပဒေနှင်‌့အညီဖြစ်စေရန်နှင့်စပ်လျဉ်းတဲ့မေးခွန်းကို ကျွန်တော် ပြည်ထဲရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဖြေကြားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ်က မော်တော်ယာဉ်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ မော်တော်ယာဉ် နည်းဥပဒေများနှင့် လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ၊ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၀ ပြည့်နှစ်မှာ လမ်းမကြီးများဥပဒေနဲ့ ၂၀၀၂ ခုနှစ်မှာ လမ်းမကြီးများဆိုင်ရာ နည်းဥပဒေများကိုလည်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်ပြန်ထား ရှိပြီး ယာဉ်မတော်တဆမှုဖြစ်ပေါ်လာတဲ့အခါမှာ လူ့အသက်ကို ဘေးဖြစ်စေအောင် အရမ်း သို့မဟုတ် ပေါ့လျော့စွာပြုခြင်းဖြင့် လူကိုသေဆုံးစေခြင်း၊ အပြင်းအထန်နာကျင်စေခြင်း၊ သာမန်နာကျင်စေခြင်း သို့မဟုတ် အဲ့ဒီလို ဘေးဖြစ်စေလောက်အောင် ယာဉ်ကိုမောင်းခဲ့ခြင်းစတဲ့ ပြစ်မှုကျူးလွန်သူတွေအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ ပုဒ်မခွဲ (က)၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၃၇ နဲ့ ပုဒ်မ ၂၇၉ တို့အရ ကျူးလွန်တဲ့ ပြစ်မှုတွေအပေါ်မူတည်ပြီး အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရခြင်းမှာ အဓိကအကြောင်းအရင်း ၄ ချက်ရှိပါတယ်။ လူရဲ့မှားယွင်းမှုကြောင့်၊ ယာဉ်ချို့ယွင်းမှုကြောင့်၊ လမ်းချို့ယွင်းမှုကြောင့်နဲ့ ရာသီဥတုကြောင့်ပဲဖြစ်ပါတယ်။ လူရဲ့မှားယွင်းမှုကြောင့်ဆိုရာမှာ ယာဉ်မောင်းသူရဲ့မှားယွင်းမှုနဲ့ လမ်းအသုံးပြုသူများရဲ့ မှားယွင်းမှုဆိုပြီး ထပ်မံခွဲခြားနိုင်ပါတယ်။ ဒီလို မှားယွင်းမှုတွေမဖြစ်ပွားစေဖို့ ယာဉ်မောင်းသူနှင့် လမ်းအသုံးပြုသူတွေ လိုက်နာဆောင်ရွက်ရမည့် အချက်များကို  ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေများရဲ့ အခန်း (၇) မှာ မော်တော်ယာဉ် သွားလာမှုစည်းကမ်းများတွင် ယာဉ်နှင့်သက်ဆိုင်သူများ လိုက်နာရန်စည်းကမ်းများ၊ မော်တော်ဆိုင် ကယ်စီးနင်းသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့် အခန်း (၉) မှာ စက်ဘီးစီးသူများ လိုက်နာ ရမည့်စည်းကမ်းများကို ဖော်ပြထားရှိပြီးဖြစ်ပါတယ်။ ယာဉ်ချို့ယွင်းမှုကြောင့် ယာဉ်မတော်တဆမှုတွေ မဖြစ်ပွားစေဖို့ ယာဉ်တွေအစဉ်ကောင်းမွန်နေစေဖို့လည်း လိုအပ်ပါတယ်။ မော်တော်ယာဉ်ဟူသမျှကို  အခါခပ်သိမ်းမော်တော်ယာဉ်မောင်းနှင်တဲ့သူတွေက ထိရောက်စွာထိန်းသိမ်းနိုင်အောင် တည်ဆောက် ပြုပြင်ထားရှိရမယ်လို့လည်း ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေရဲ့ အခန်း(၂) ပုဒ်မ ၅ မှာလည်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ လမ်းချို့ယွင်းမှုကြောင့် ဖြစ်ပွားတဲ့ယာဉ်မတော်တဆမှုများ လျော့နည်း စေဖို့အတွက်ကို ယာဉ်တိုက်မှုမကြာခဏဖြစ်ပေါ်လေ့ရှိတဲ့နေရာများကို လေ့လာသုံးသပ်ပြီး ပြုပြင် တည်ဆောက်ခြင်းများလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ရာသီဥတုဆိုးရွားချိန်မှာ ယာဉ်မတော်တဆ မှုတွေမဖြစ်ပွားစေဖို့ အဲဒီလိုအချိန်မှာ မောင်းနှင်တဲ့ယာဉ်မောင်းသူတွေအနေနဲ့ အထူးဂရုပြုမောင်းနှင် ရမှာပဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလို့ရှိရင် ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေနှင့် ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိပြီး ဒီဥပဒေမှာ ယာဉ်မတော်တဆဖြစ်ပွားမှုများနှင့်ပတ်သက်ပြီး ယာဉ်ကြီး၊ ယာဉ်ငယ်ခွဲခြား အပြစ်ပေးအရေးယူဖို့ သတ်မှတ်ပြဋ္ဌာန်းထားခြင်းလည်း မရှိပါဘူး။ ယာဉ်မတော်တဆဖြစ်ပွားမှုများကို အပြစ်ပေးအရေးယူရာမှာလည်း အဲ့ဒီမော်တော်ယာဉ်တွေကို မောင်းနှင်တဲ့ ယာဉ်မောင်းသူတွေထဲက စည်းကမ်းဖောက်ဖျက်တဲ့၊ မှားယွင်းတဲ့ယာဉ်မောင်းသူများကိုသာ အပြစ်ပေးအရေးယူခြင်းများ ဖြစ်ပါတယ်။ မော်တော်ယာဉ်ကို အပြစ်ပေးအရေးယူတာမရှိပါဘူး။ ယာဉ်မတော်တဆမှုတွေဖြစ်ပေါ် လာပါက တရားရုံးကိုတရားစွဲဆိုတင်ပို့ခြင်းမပြုခင် အမှုကိုသက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တွေက တရားလို၊ တရားခံစစ်ဆေးချက်များ၊ မျက်မြင်သက်သေများနှင့် ထွက်ဆိုချက်၊ အခင်းဖြစ်နေရာက သိမ်းဆည်းရမိတဲ့ သက်မဲ့သက်သေခံပစ္စည်းများ၊ အခင်းဖြစ်ရပ်မြေပုံကြမ်း၊ သက်ဆိုင်ရာဆရာဝန်ဆီက ရဲဆေးစာပြန်ကြားချက်တို့နှင့်အညီ အမှုကို ဥပဒေအကြံတောင်းခံရပါ တယ်။ ရရှိတဲ့ဥပဒေအကြံပြုချက်နှင့်အညီ ယာဉ်ကြီး၊ ယာဉ်ငယ်မခွဲခြားဘဲ သက်သေခံချက်များအရ အဲ့ဒီလို အရမ်း သို့မဟုတ် ပေါ့လျော့စွာဆောင်ရွက်ခဲ့တယ်လို့ ပေါ်ပေါက်သူကသာ ပြစ်မှုကျူးလွန်သူ စွပ်စွဲခံရသူအဖြစ် တရားစွဲဆိုတင်ပို့ရပါတယ်။ အဲ့ဒီလို စုံစမ်းထောက်လှမ်းတဲ့အဆင့်မှာ ပြစ်မှုကျူးလွန် ကြောင်းမပေါ်ပေါက်ခဲ့ရင် ရဲတပ်ဖွဲ့ကအစွပ်စွဲခံရသူကို ပြစ်မှုဆိုင်ရာကျင်‌့ထုံးဥပဒေပုဒ်မ ၁၆၉ အရ လွှတ်ထားခွင့်ရှိပါတယ်။ တရားစွဲဆိုတင်ပို့ပြီးနောက်ပိုင်းမှာလည်း အမှုကို တရားရုံးက စုံစမ်း စစ်ဆေးစဉ်ဖြစ်စေ၊ စစ်ဆေးစီရင်စဉ်ဖြစ်စေ၊ တရားရုံးရှေ့ပေါ်ပေါက်တဲ့ သက်သေခံချက်များအရ စွပ်စွဲခံရသူအနေနဲ့ ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့လျော့စွာမောင်းနှင်အသုံးပြုခဲ့ကြောင်း မတွေ့ ရှိခဲ့လျှင် အမှုရဲ့ဘယ်အဆင့်မှာမဆို အမှုစစ်တရားသူကြီးက အစွပ်စွဲခံရသူကို အမှုရဲ့အဆင့်အလိုက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၁) အရ စွဲချက်မတင်မီ လွှတ်ခြင်း သို့မဟုတ် ပြစ်မှုဆိုင်ရာ ကျင်‌့ထုံး ဥပဒေပုဒ်မ ၂၅၈(၁)အရ အမှုမှ အပြီးအပြတ်လွှတ်ခြင်းများကို အမိန့်ချမှတ်ဆောင်ရွက်ရပါ တယ်။ အမှုစစ်ဆေးစီရင်ခြင်း ပြီးဆုံးပြီးနောက်ပိုင်းမှာ စွပ်စွဲခံရသူက ယာဉ်ကို  အရမ်း သို့မဟုတ် ပေါ့လျော့စွာ မောင်းနှင်ခဲ့တယ်လို့တွေ့ရှိမှသာ အပြစ်ရှိတယ်လို့ဆုံးဖြတ်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်ရပါတယ်။ ဒီလိုပြစ်ဒဏ်ချမှတ်ရာမှာလည်း တရားခံကျူးလွန်တဲ့ ပြစ်မှုရဲ့အတိုင်းအတာ၊ ပြစ်မှု ကျူးလွန်ပြီးနောက် တရားခံရဲ့ ပြုမူဆောင်ရွက်ခြင်းတို့ပေါ်မူတည်ပြီး ချမှတ်ရခြင်းဖြစ်ပါတယ်။ တရားခံအနေနဲ့ မှုခင်းဖြစ်ပွားချိန်မှာ ယာဉ်ကြီးမောင်းသည်ဖြစ်စေ၊ ယာဉ်ငယ်မောင်းသည်ဖြစ်စေ အရမ်း သို့မဟုတ် ပေါ့လျော့စွာ ဆောင်ရွက်ခဲ့ခြင်းမရှိလျှင် ဘယ်လိုမှ အရေးယူအပြစ်ပေးနိုင်မှာ မဟုတ်ပါဘူး။ သို့ဖြစ်ပါ၍ ယာဉ်တိုက်မှုဆိုင်ရာဥပဒေများကို ဥပဒေနှင့်အညီဖြစ်စေဖို့မှာ မော်တော်ယာဉ်ဥပဒေမှာ ယာဉ်ကြီး၊ ယာဉ်ငယ်ဆိုပြီး ခွဲခြားသတ်မှတ်ပြဋ္ဌာန်း အရေးယူရခြင်းမျိုး မဟုတ်ဘဲ ယာဉ်ကြီးဖြစ်စေ၊ ယာဉ်ငယ်ဖြစ်စေ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်ကန်စွာစုံစမ်း စစ်ဆေးပြီး စည်းကမ်းဖောက်ဖျက်တဲ့၊ ပြစ်မှုကျူးလွန်တဲ့ ယာဉ်မောင်းသူကိုသာ အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားထားပါသည် ။