(စ) ရိဒ်ခေါဒါရ်နှင့် ဖလမ်းမြို့တို့တွင် ရေရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့မှတ်တမ်း (၁၄-၃-၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ တီးတိန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပုမ်ခန့်အင်ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းတင်ပြမှာကတော့ ရိဒ်ခေါဒါရ်နှင့် ဖလမ်း မြို့ရေရရှိရေး ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်၏ မေးခွန်းကို စာဖြင့်ဖတ်ကြားတင်ပြခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါတယ်။ ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့တွင် ရပ်ကွက်နှစ်ခုရှိပါတယ်။ အမှတ်(၁) ရပ်ကွက်မှာ ရိဒ်ရေကန်တည်ရှိရာနေရာဖြစ်ပါ တယ်။ အစိုးရဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများနှင့် လူနေအိမ်ခြေ ၂၀၀ ခန့်ဟာ အမြင့်ပေ ၂၉၆၀ ခန့် တွင်တည်ရှိပါသဖြင့် အမှတ်(၁) ရပ်ကွက်နှင့် ၁ မိုင် ၆ ဖာလုံခန့်ကွာဝေးပြီး အမှတ်(၁) ရပ်ကွက်မှာ သီဟိုချောင်းနံဘေးတွင် တည်ရှိသည့်အတွက် ရေအခက်အခဲမရှိပါ။ အမှတ်(၂) ရပ်ကွက်မှာမူ အမြင့်ပေ ၃၀၀၀ နီးပါးခန့်ရှိသည့်အတွက် သောက်သုံးရေဖူလုံမှုမရှိပါ။ သို့ပါ၍ သောက်သုံးရေ ဖူလုံမှုရရှိရေးအတွက် ၇ မိုင်ခန့်ကွာဝေးသည့် ဆာကေးကျန်းရေထွက်မှ ရေသွယ်ယူပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းဖြေကြားပေးနိုင်ပါရန်နှင့် ဖလမ်းမြို့တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး မြို့ပေါ်ရေပေးဝေခြင်း အား ဖလမ်း-ရိဒ်ကားလမ်း ၈ မိုင်အကွာအဝေးရှိ ရေထွက်တစ်ခုမှ ဖလမ်း-ဟားခါးကားလမ်း ၁၂ မိုင်ခွဲ အကွာအဝေးရှိ ရေထွက်တစ်ခုမှ ပိုက်ဖြင့်သွယ်ယူပြီး ရေလှောင်ကန်မှတစ်ဆင့် ရေပေးဝေလျက်ရှိပါ တယ်။ သို့သော် လူဦးရေနှင့်ရေထွက်မှရရှိတဲ့ ရေမမျှတမှုကြောင့် ရေလုံလောက်မှုမရှိပါ။ သို့ပါ၍ ဖလမ်းမြို့နှင့် ၇ မိုင် ၄ ဖာလုံကွာဝေးသော ဇာထီရ်ရေထွက်အသစ်မှ ရေသွယ်ယူပေးနိုင်ခြင်း ရှိ၊ မရှိအား သိရှိလိုပါကြောင်း လေးစားစွာမေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဗိုလ်ချုပ်ဇော်ဝင်း ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဆက်လက်ပြီး ချင်းပြည်နယ်၊ တီးတိန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပုမ်ခန့်အင်၏မေးခွန်းနှင့် ပတ်သက်ပြီးတော့ ပြန်လည်ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ဒေသသောက်သုံးရေရရှိရေးလုပ်ငန်းများကို နှစ်အလိုက်စီမံကိန်းများဖြင်‌့ အလေးထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရိဒ်ခေါဒါရ်မြို့မှာရပ်ကွက်၂ ခု၊ အိမ်ခြေအားဖြင့် ၅၄၆ အိမ်၊ လူဦးရေအားဖြင့် ၂၇၂၈ ဦးနှင့် တစ်နေ့ရေလိုအပ်ချက်မှာ ဂါလန် ၅၀၀၀၀ ဖြစ်ပြီးတော့ လက်ရှိရေပေး‌ဝေရေးစနစ်မှာ စိမ့်စမ်းရေထွက်နှစ်ခုမှရေသွယ်၍ ဂါလန် ၆၀၀ ဆံ့အုတ်ရေကန် ၁၄ ခုနှင့် ဖြန့်ပေးလျက်ရှိပါတယ်။ နွေရာသီမှာတစ်ရက်လျှင်ရေဂါလန် ၂၅၀၀၀  ဖြန့်ပေးနိုင်ပြီးတော့ ရေပေးရေးလွှမ်းခြုံမှုဟာ ၅၀ ရာခိုင်နှုန်းရှိပါတယ်။ မိုးရာသီမှာကတော့တစ်ရက်မှာ ရေဂါလန် ၅၀၀၀၀ ကျော်ခန့်ဖြန့်ပေးပြီးတော့ ရေပေးရေးလွှမ်းခြုံမှုဟာ ၁၀၀ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ရိဒ်ခေါဒါရ်မြို့ဟာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်အနီးမှာတည်ရှိတဲ့ နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးရေးနှင့် သောက်သုံးရေဖူလုံစွာရရှိရေးကို ဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက် ပေးလျက်ရှိပါတယ်။ ရိဒ်ခေါဒါရ်မြို့ရေလုံလောက်စွာရရှိရေးအတွက် ယခုတင်ပြသည်‌့ ဆာကေးကျန်း ရေထွက်သည့်မြို့နှင့် ၇ မိုင်ခန့်ဝေးကွာခြင်း၊ ရိဒ်ခေါဒါရ်မြို့အနေဖြင့် နွေရာသီတွင်သာရေခက်ခဲခြင်း တို့ကြောင့် အဆိုပါနွေရာသီတွင် အမှတ်(၁)ရပ်ကွက်ရှိ ရိဒ်ရေကန်မှရေကို ရေတင်စက်နှင်‌့  မောင်းတင်ပြီး ရေပေးဝေရေးလုပ်ငန်းကိုဆောင်ရွက်ပေးပါက ရေလုံလောက်မှုရှိကြောင်းတွေ့ရှိ ရပါတယ်။ ထို့အပြင် ဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များစေလွှတ်ပြီး မြေအောက်ရေရရှိရေး တိုင်းတာစက်များဖြင့် စမ်းသပ်တိုင်းတာလေ့လာမှုများပြုလုပ်၍ သောက်သုံးရေအတွက် ရေရရှိ နိုင်ခြေရှိပါက စက်ရေတွင်းများတူးဖော်ပြီး တိုးချဲ့ရေဖြန့်ဝေဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အဆိုပါမြို့တိုးချဲ့ရေပေးလုပ်ငန်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်ထောက်ပံ့ငွေ ၁၀.၁ သန်း၊  18 HP အင်ဂျင်နှင့်ပန့်ဝယ်ယူတပ်ဆင်ခြင်း၊ ရေပိုက်လိုင်းပေ ၅၀၀၀ တိုးချဲ့သွယ်တန်းခြင်းနှင့်ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်ကန်တည်ဆောက်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းပြီးစီးချိန်တွင် ရိဒ်ခေါဒါရ်မြို့၏ရေပေးရေးလွှမ်းခြုံမှု မှာ ၁၀၀ ရာခိုင်နှုန်းဖြစ်နိုင်ကြောင်းရှင်းလင်းတင်ပြအပ်ပါတယ်။
    ဖလမ်းမြို့နယ်တွင် သောက်သုံးရေရရှိရေးလုပ်ငန်းကို ပြည်နယ်စည်ပင်သာယာရေးနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့များမှ နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဖလမ်းမြို့တွင် ရပ်ကွက် ၄ ခု၊ အိမ်ခြေ ၁၂၇၇ အိမ်၊ လူဦးရေအားဖြင့် ၁၁၃၂၀ ဦးရှိပြီးတော့ တစ်နေ့ရေလိုအပ်ချက်မှာ ဂါလန် အားဖြင့် ၂.၂၆ သိန်းခန့်ရှိပါတယ်။ ဖလမ်းမြို့ရဲ့လက်ရှိမြို့ရေပေးရေးစနစ်မှာ စိမ့်စမ်းရေထွက် ၆ ခုမှ ရေသွယ်ပြီးတော့ ရေစုကန် ၅ ကန်မှတစ်ဆင့်အိမ်သွယ်ရေတိုင်အားဖြင့် ၂၉၁ တိုင်၊ အများသုံးရေတိုင် ၁၃၄ တိုင်၊ အများသုံးရေကန် ၆ ကန်တို့ဖြင့်ဖြန့်ဝေပေးလျက်ရှိပါတယ်။ နွေရာသီမှာတစ်ရက်ကို ရေဂါလန် ၁.၂ သိန်းခန့်ဖြန့်ဝေပေးလျက်ရှိရာ ရေပေးရေးလွှမ်းခြုံမှုဟာ ၅၃ ရာခိုင်နှုန်းရှိပါတယ်။ မိုး ရာသီမှာတော့ တစ်ရက်ကိုရေဂါလန် ၁.၈ သိန်းခန့်ဖြန့်ဝေပေးလျက်ရှိတဲ့အတွက် ၈၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်ပါတယ်။ ဖလမ်းမြို့ရေလုံလောက်စွာရရှိရေးအတွက် ယခုတင်ပြထားသည့် ဇာထီရ် ရေထွက်သည့်မြို့နှင့် ၇ မိုင် ၄ ဖာလုံကွာဝေးပြီးတော့ ဖလမ်းနှင့် ဟားခါးလမ်းမကြီးရဲ့အထက်မှာတည် ရှိနေတဲ့အတွက် အဆိုပါရေထွက်မှ ရေသွယ်ယူနိုင်ရေးအတွက် ရေအရင်းအမြစ်လုံလောက်မှုရှိ၊ မရှိထပ်မံစစ်ဆေးပြီးတော့ ရေအရင်းအမြစ်အသစ်များရှာဖွေခြင်းကိုလည်း ချင်းပြည်နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အသေးစိတ်ညှိနှိုင်းပြီးတော့ လေ့လာ ကွင်းဆင်းတိုင်းတာတွက်ချက်စေလျက်ရှိပါတယ်။ ရေရရှိရေးဖြစ်ပေါ်နိုင်မှုအပေါ်မှာချင့်ချိန်ပြီးတော့ နှစ်အလိုက်အစီအမံဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။