(င) လူ ၁၀၀၀ ဆံ့မြို့နယ်ခန်းမတည်ဆောက်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့မှတ်တမ်း (၁၄-၃-၂၀၁၂)

 လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့ရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘဌေးဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းမှာကတော့ လေးမျက်နှာမြို့နယ်တွင် မြို့နယ် ခန်းမဆောက်လုပ်ပေးနိုင်မှု အခြေအနေရှိ၊ မရှိသိလိုခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လေးမျက်နှာ မြို့သစ်ပြောင်းရွှေ့သည်မှာ ၁၉ နှစ်ရှိပြီဖြစ်သော်လည်း မြို့နယ်ခန်းမဆောက်လုပ်ခြင်းမရှိပါ။ VIP ခရီးစဉ်တွေ့ဆုံပွဲများ၊ နေ့ကြီးရက်ကြီးများတွင် ပြုလုပ်သောအခမ်းအနားများတွင် လူ ၂၀၀ ခန့်ဆံ့သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမကိုသာ အသုံးပြုနေရပါသည်။ လေးမျက်နှာမြို့နယ် သည် ဧရာဝတီတိုင်းဒေသကြီးတွင် ဖွံ့ဖြိုးမှုအားအနည်းဆုံးဖြစ်၍ လူထုအနေနှင့် ခန်းမဆောက်လုပ် နိုင်ခြင်းမရှိပါ။ သို့ဖြစ်ပါ၍ လေးမျက်နှာမြို့နယ်အတွက် လိုအပ်လျက်ရှိသော လူ ၁၀၀၀ ခန့်ဆံ့ မြို့နယ် ခန်းမတည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဗိုလ်ချုပ်ဇော်ဝင်း ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းရင်းနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘဌေး၏မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ လမ်းပန်းဆက်သွယ်မှုချောမွေ့ရေးနှင့်  မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေး လျက်ရှိပါတယ်။ လေးမျက်နှာစည်ပင်သာယာရေးအဖွဲ့ရဲ့ ၂၀၁၁-၂၀၁၂ မှာ ဘဏ္ဍာရေးနှစ်           လျာထားငွေ ၅၆.၀၁ သန်းဖြစ်ပြီးတော့ မြို့ပြကျေးလက်တံတားများအတွက် ကျပ်ငွေ ၂၀.၆ သန်းနဲ့ လျာထားဆောင်ရွက်လျက်ရှိပါတယ်။ လေးမျက်နှာမြို့နယ်ဟာ ယခင်က ငဝန်မြစ်အနောက်ဘက်ကမ်း မှာတည်ရှိနေရာမှ ရေတိုက်စားမှုကြောင့် ၁၉၉၃ ခုနှစ်မှာ ငဝန်မြစ်အရှေ့ဘက်ခြမ်းကို မြို့သစ်ရွှေ့ ပြောင်းရာမှာ အဆိုပါမြို့နယ်အတွက် ၂၀၀၅-၂၀၀၆ ခုနှစ် ဘဏ္ဍာရေးနှစ်ကနေ၂၀၁၀-၂၀၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်ထောက်ပံ့ငွေ ၈၃.၈၈ သန်းဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လက်ရှိ လေးမျက်နှာမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဝင်းအတွင်းမှာရှိတဲ့ (၈၆×၄၂×၁၃) ပေ အရွယ်အစားရှိအစည်းအဝေးခန်းမကို မြို့နယ်ခန်းမအဖြစ် အသုံးပြုလျက်ရှိပြီးတော့ ထပ်မံတည်ဆောက်မယ့် (၁၄၇×၇၀×၁၉) ပေအရွယ်အစားရှိ တစ်ထပ်သံကူ ကွန်ကရစ် မြို့နယ်ခန်းမတည်ဆောက်ရေးအတွက် ခန့်မှန်းကုန်ကျငွေမှာ ၂၀၃.၅ သန်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဌေးဝင်းရဲ့ တင်ပြချက်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်မှာ ပန်းတောကြီး-လေးမျက်နှာ လမ်းပေါ်မှာရှိတဲ့ တံတားသုံးစင်းတည်ဆောက်ခြင်းလုပ်ငန်းကို နိုင်ငံတော်ထောက်ပံ့ငွေကျပ် ၉၅ သန်းဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ လေးမျက်နှာ မြို့နယ် မြို့နယ်ခန်းမအသစ်တည်ဆောက်ရေးအတွက် ခန့်မှန်းကုန်ကျငွေမှာ လက်ရှိမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေနဲ့ လုံလောက်မှုမရှိခြင်း၊ လက်ရှိတွင်လည်း မြို့နယ်ခန်းမတစ်ဆောင် ရှိခြင်းများကြောင့် မြို့နယ်ခန်းမအသစ်တည်ဆောက်ရေးလုပ်ငန်းကို ရန်ပုံငွေတိုးတက်ရရှိရေးအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။