လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ တယ်ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မိုင်းဖြတ်မြို့နယ်မဲဆန္ဒရှင်များရဲ့ ကိုယ်စား အကျိုးပြုမယ့်မေးခွန်းတစ်ခုကို မေးမြန်းတင်ပြလိုပါတယ်။ အချိန်ကိုငဲ့ညှာသောအားဖြင့် ကျွန်တော့်မေးခွန်းကို စာဖြင့်ဖတ်ကြားမေးမြန်းခွင့်ပြုပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ မိုင်းဖြတ်မြို့ဟာ ကျိုင်းတုံမြို့နှင့် တာချီလိတ်၊ မိုင်းဆတ်မြို့၊ မိုင်းယွန်းမြို့နှင့် ကြက်ခြေခတ်လမ်းဆုံ ခရိုင်မြို့ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိုင်းဖြတ်-မိုင်းခုတ်-မိုင်းဆတ်လမ်းပိုင်း ၉၄ မိုင်ရှိပြီး မိုင်းဖြတ်မြို့မှ ၁ မိုင် ၂ ဖာလုံအကွာ နမ့်လုံချောင်းဖြတ်ကူးမည့်တံတား ၁၂ ပေကျယ်ပြီး ၂၄၀ ပေရှည် တစ်လွှာတစ်ထပ်ဘေလီတံတားတစ်စင်းရှိပါတယ်။ တံတားရဲ့ကမ်းကပ်တံတားဦး နှစ်ဖက်စလုံး ရေတိုက်စားမှုကြောင့် ဂငယ်ကွေ့ပုံသဏ္ဌာန်ရေစီးကြောင်း ဖြစ်ပေါ်လျက်ရှိပါတယ်။ တံတားရဲ့ တစ်ဖက်ထိပ်ရှိ ဝမ်ပုံရွာသည် အိမ်ခြေသုံးလုံးနှင့် ရွာပတ်လမ်းတစ်လမ်း ရေတိုက်စားခြင်းခံခဲ့ရပါ တယ်။ နှစ်စဉ်နှစ်တိုင်း ရေတိုက်စားခြင်းမှကာကွယ်ရန် ဒေသခံပြည်သူများ ငွေကျပ် သိန်းပေါင်းများစွာ ကုန်ကျခံခဲ့ပြီးဖြစ်ပါတယ်။ တံတားရဲ့ရေလည်တိုင်သုံးတိုင်အနက် တစ်တိုင်သည် ၂၅ ဒီဂရီတိမ်းစောင်း ပြီး မိုးတွင်းတောင်ကျရေကြီးလာလျှင် စိုးရိမ်ရပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေသခံပြည်သူ များအနေနဲ့ ၎င်းတံတားကိုမှီခိုပြီး နေ့စဉ်နှင့်အမျှစီးပွားရေး၊ လူမှုရေးကိစ္စအဝဝနှင့် ကျေးရွာအုပ်စုမှ ကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်သားများ နေ့စဉ်ဖြတ်သန်းသွားလာနေရပါသဖြင့် ဟောင်းနွမ်း ယိမ်းယိုင်နေပြီဖြစ်တဲ့ တံတားအားရေတိုက်စားခြင်းမှ ကာကွယ်ပေးနိုင်ပါရန်အစီအစဉ်များရှိ၊ မရှိ သိရှိ လိုပါကြောင်းမေးမြန်းတင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လွင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်မှ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့မေးမြန်းသော ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဖြတ်-မိုင်းခတ်-မိုင်းဆတ်လမ်းပေါ်ရှိ နမ့်လုံချောင်းဖြတ်ကူးသည့် ၁၂ ပေအကျယ် ၂၄၀ ပေအရှည် တစ်လွှာတစ်ထပ်ဘေလီတံတားသည် ဟောင်းနွမ်းယိမ်းယိုင်နေပြီဖြစ်ပါသဖြင့် ရေတိုက်စားခြင်းမှကာကွယ်ပေးရန်အစီအစဉ်များရှိ၊ မရှိ သိရှိလိုသည့်မေးခွန်းအား ရှင်းလင်းဖြေကြား သွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိုင်းဖြတ်-မိုင်းခတ်-မိုင်းဆတ်လမ်းပေါ်ရှိ နမ့်လုံချောင်းဖြတ်ကူးသည့် ဝမ်ပုံတံတားမှာ ၁၂ ပေအကျယ်၊၂၄၀ ပေအရှည် တစ်လွှာတစ်ထပ်ဘေလီ တံတားဖြစ်ပြီးတော့ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်မှာဆောက်လုပ်ခဲ့ပြီး နောက်တစ်နှစ်တွင် နမ့်လုံ ချောင်းရေကြီးမှုဖြစ်ပေါ်ခဲ့ရာ တံတား၏ ဝမ်ပုံရွာဘက်အခြမ်းရှိ ရေလည်တိုင်ရေဆန်ဘက်အပိုင်းမှာ နိမ့်ကျွံသွားခဲ့ပါတယ်။ တံတား၏ရေလည်တိုင်နိမ့်ကျွံမှုကြောင့် အောက်ခံကွန်ကရစ်နှင့် ဘေလီတံတား အကြားကွာဟသွားတဲ့နေရာများမှာ သစ်မာတုံးများနှင့်ခုပြီးတော့ ပြုပြင်ပေးခဲ့ရာ ၂၀၀၄-၂၀၀၅ ခုနှစ် မှာ ၆ လက်မခန့်ခုပေးပြီးတော့ ယခုနှစ်မှာ ၁ ပေနှင့် ၃ လက်မခန့် ထပ်မံခုပြီး ပြင်ဆင်ပေးခဲ့ရပါတယ်။ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် နမ့်လုံချောင်းရေကြီးမှုမှာ များပြားကြီးမားခဲ့ပြီး တံတားအထက် ၃ ဖာလုံ အကျော်အကွာမှစ၍ ရေလမ်းကြောင်းများပြောင်း၍စီးဆင်းခဲ့ပါတယ်။ ဂငယ်ပုံရေစီးဆင်းခဲ့ရာမှာ တံတားအထက် ၃ ဖာလုံအကျော်ခန့်တွင်ဖြစ်ပွားခဲ့ပြီး တံတားနှင့်သက်ဆိုင်ခြင်းမရှိသော်လည်း တံတား ဝန်ရိုးလမ်းကြောင်းဖြောင့်စေရန်အတွက် မိုင်းဖြတ်မြို့နယ်ဆောက်လုပ်ရေးမှ ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၀ ခုနှစ်တွင်တစ်ကြိမ် မြေတူးစက်များဖြင့်တူးဖော်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တံတားဝင်ရေလမ်းကြောင်းဖြောင့်ခြင်းလုပ်ငန်းအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်သွားမှာဖြစ်သလို ဝမ်ပုံဘက်အပိုင်းတံတားရေလည်တိုင် ပြန်လည် တည့်မတ်ပြီး ပြုပြင်ဆောင်ရွက်မယ့်လုပ်ငန်းကိုလည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြည်နယ် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေများနှင့် ညှိနှိုင်းတောင်းခံပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။
