မင်္ဂလာပါခင်ဗျား။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပုဇွန်တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဖြစ်ပါတယ်။ ကျွန်တော်မေးခွန်း ၃ ခုကို မေးမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့မေးခွန်းက ဇန်နဝါရီလ ၂၄ ရက်နေ့ကတည်းက တင်ထားသည့် အတွက် ကြားကာလအတွင်း ဖြစ်ပေါ်တဲ့အကြောင်းအရာများအား အနည်းငယ်ရှင်းပြခွင့်ပြုစေ လိုပါတယ်ခင်ဗျား။ ပန်းချီဆရာများရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ သက်ဆိုင်ရာကော်မတီများသို့ လာရောက်ပြီး သူတို့ရဲ့ဖြစ်စေလိုတဲ့ဆန္ဒများကို သေချာစွာဆွေးနွေးခဲ့ပြီးပါပြီ။ အဲဒီအချိန်မှာပဲ ယခင် ရှိပြီးသော ဗဟိုဦးစီးအဖွဲ့ဝင်များက အများဆန္ဒမပါဘဲ မြို့နယ်အချို့မှာ ပွင့်လင်းမြင်သာမှုမရှိတဲ့ ရွေးချယ်ဖွဲ့စည်းပုံများကို ပြုလုပ်လျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြန်မာ့ရိုးရာ ပန်းပညာရှင်များအစည်းအရုံးကို အသစ်ပြန်လည်ဖွဲ့စည်းပြီးပါကြောင်း ကြေညာဖို့ကြိုးစား နေကြောင်းကို အကြောင်းကြားစာများအရ သိရှိရပါတယ်ခင်ဗျား။
လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပါပြီ။ စတင်ဖွဲ့စည်းစဉ်ကာလမှ ယနေ့တိုင် ဗဟိုဦးစီးစနစ်ကို မပြောင်းမလဲဆက်လက်ကျင့်သုံးနေပြီး အဖွဲ့ဝင်များ၏ ဆန္ဒသဘော ထားများဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းကိုမူ ယနေ့အထိမပြုလုပ်နိုင်ခဲ့ပါ။ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းစည်းကမ်းများကိုလည်း ထုတ်ပြန်ခြင်းလည်းမရှိခဲ့ပါ။ ဦးဆောင်ကော်မတီဝင်လူကြီး များသည် နှစ်လရှည်ကြာအောင် မပြောင်းမလဲတည်ရှိနေမှုများကြောင့် မလိုလားအပ်သောအကျင့် ပျက်ခြစားမှုများလည်း ဖြစ်ပေါ်လျက်ရှိနေပါတယ်ခင်ဗျား။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ ယဉ်ကျေးမှုအနုပညာတက္ကသိုလ်မှ ကျောင်းဆင်းအနုပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါတယ်။ မြန်မာ့ပန်းချီလောကကြီးတိုးတက်လာစေရန်အတွက် လူတော် လူကောင်းများပေါ်ထွက်လာရန်လည်း လိုအပ်နေပါတယ်။ သို့ဖြစ်ပါ၍ ခေတ်စနစ်နှင့်အညီ မြန်မာ့ ရိုးရာပန်းပညာရှင်များအစည်းအရုံးကို အများဆန္ဒသဘောထားနှင့်အညီ စနစ်တကျပြန်လည်ဖွဲ့စည်း သင့်သည်ဟုယုံကြည်ပါတယ်။ ထို့အပြင် မြန်မာ့ရိုးရာပန်းပညာရှင်များအစည်းအရုံးတွင် ပန်းချီ ပညာရှင်များက အများစုပါဝင်နေပြီး ပန်းပုပညာရှင်များကိုလည်း အဖွဲ့ဝင်များအဖြစ် သတ်မှတ်ထား သော်လည်း ပါဝင်မှုမရှိသလောက်ဖြစ်နေသဖြင့် ပန်းပုပညာရှင်များ၏ အနုပညာလက်ရာများသည် အားနည်းလျက်ရှိနေပါတယ်။ ထို့ကြောင့် ပန်းပုပညာရှင်များ၏ လက်ရာကောင်းများပေါ်ထွက်လာ စေရန်အတွက် လိုအပ်ချက်များတစ်ခုဖြစ်နေပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပန်းချီအနုပညာရှင်များအနေနဲ့ ပြပွဲပြုလုပ်ရာတွင် ထုတ်ပြန်ထားသော ဥပဒေအရစိစစ်ရေးအဖွဲ့သို့ ပြပွဲတာဝန်ခံမှ ခွင့်ပြုချက်တင်ပြတောင်းခံရပါတယ်။ ထိုအခါ စိစစ်ရေးအဖွဲ့ကစိစစ်ပါတယ်။ ထိုသို့စိစစ်ရာတွင် ပန်းချီဆရာတစ်ဦးချင်းစီ၏ ကိုယ်ရေး ရာဇဝင်အကျဉ်းကို တင်ပြရပါတယ်။ ၎င်းစည်းကမ်းချက်သည် ယခင်က မရှိခဲ့ဖူးပါ။ ပန်းချီပြပွဲကို ပန်းချီဆရာ ၁၀ ဦးမှ ၃၀ ဦးထိ စုပေါင်းပြသကြသဖြင့် ထိုသူများ၏ ကိုယ်ရေးအကျဉ်းကို ပြပွဲ တာဝန်ခံတစ်ဦးအနေဖြင့် ရယူတင်ပြရန် အခက်အခဲများ ရှိနေပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာ့ရိုးရာပန်းပညာရှင်များအသင်း တိုးတက်မြင့်မားလာရေး၊ ပန်းချီ ပညာရှင်များကြုံတွေ့နေရသော အခက်အခဲများဖြေလျော့ရေးနှင့် ပန်းပုလောက တိုးတက်ရေးတို့ကို မျှော်မှန်း၍ အောက်ပါမေးခွန်းကို မေးမြန်းလိုပါတယ်။ နံပါတ်(၁) မြန်မာ့ရိုးရာပန်းပညာရှင်များ အစည်းအရုံးကို အများသိနိုင်သောသတင်းစာမှနေ၍ ကြော်ငြာကာ ဒီမိုကရေစီနည်းကျကျ အများဆန္ဒ သဘောထားဖြင့် မဲပေးရွေးချယ်ဖွဲ့စည်းရန် အစီအစဉ် ရှိ၊ မရှိသိလိုပါတယ်။ နံပါတ်(၂) ပန်းချီပြပွဲ ကျင်းပရာတွင် ပါဝင်သူပန်းချီဆရာတိုင်း၏ ကိုယ်ရေးအကျဉ်းကို တင်ပြရာတွင် အခက်အခဲရှိပါသဖြင့် တာဝန်ခံကျင်းပသူ ပန်းချီဆရာကသာ တာဝန်ယူပြီး ထိုက်သင့်သလောက်စည်းကမ်းချက်များကို လျှော့ပေးစေလိုပါတယ်။ နံပါတ်(၃) ပန်းပုလောက တိုးတက်လာစေရန်အတွက် ပန်းပုပညာရှင် များအား အစည်းအရုံးကို သီးခြားဖွဲ့စည်းပေးရန်ဖြစ်နိုင်၊ မဖြစ်နိုင်သိလိုပါသည် ။
လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ် ရှင်။ ကျွန်မကတော့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်ပါတယ်ရှင့်။ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၏ မေးခွန်း ၃ ခုနှင့် စပ်လျဉ်း၍ ဖြေကြားမှာ ဖြစ်ပါတယ်။ ပထမမေးခွန်းမှာ ဖော်ပြထားတဲ့ မြန်မာ့ရိုးရာပန်းပညာရှင်များ အစည်းအရုံးကို ဒီမိုကရေစီနည်းကျကျ အများဆန္ဒသဘောထားဖြင့် မဲပေးရွေးချယ်ဖွဲ့စည်းရန် အစီအစဉ်ရှိ၊ မရှိသိလို ပါသည် ဆိုသည့်မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာပန်းပညာရှင်များ အစည်းအရုံးကို ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အစည်းအရုံးဗဟိုရုံးခန်းကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး အရှေ့ဘက်တန်းတွင် အခြေပြု၍ လုပ်ငန်းတာဝန်များဆောင်ရွက် ခဲ့ပါတယ်။ ဗဟိုအစည်းအရုံးကို စတင်ဖွဲ့စည်းစဉ်က အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဦးသောင်းဟန်က တာဝန်ယူဆောင်ရွက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃၆ ဦးရှိခဲ့ပါတယ်။
ထို့နောက် ၂၀၁၀ ခုနှစ် ခန့်တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ၁၁/၂၀၁၀ က အသက်အရွယ် ငယ်ရွယ်သောလူငယ်များအဖြစ် အင်အားဖြည့်တင်းပြီး ဗဟိုအလုပ် အမှုဆောင် ၃၉ ဦးနှင့် ဗဟိုအမှုဆောင် ၃၄ ဦး ဖြင့် ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ ယခုလက်ရှိအခြေအနေတွင် ဗဟိုအလုပ်အမှုဆောင် ဦးသောင်းထွန်း ကွယ်လွန်သွားသည့်အတွက် ဗဟိုအလုပ်အမှုဆောင် ၃၈ ဦးနှင့် ဗဟိုအမှုဆောင် ၃၄ ဦးဖြင့် တာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြပါတယ်။ လက်ရှိတာဝန် ယူထားတဲ့ အလုပ်အမှုဆောင်အဖွဲ့အစည်းမှာ ၂၀၀၇ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သည့် ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးမှ ရွေးချယ်တင်မြှောက်ခဲ့သော အဖွဲ့အစည်းဖြစ်ပါသဖြင့် ယနေ့အချိန်တွင် တာဝန်ထမ်းဆောင်သည့်ကာလ ၄ နှစ်နှင့် ၇ လ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ၄ နှစ် လျှင်တစ်ကြိမ်ကျ ရွေးချယ်တင်မြှောက်သည့် ဖွဲ့စည်းပုံစည်းမျဉ်းအရ သတ်မှတ်ချိန်ကျော်လွန်ခဲ့ပြီး ဖြစ်သဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လတွင် ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ပြန်လည်ခေါ်ယူပြီး အလုပ်အမှုဆောင် အသစ်များကို ဒီမိုကရေစီနည်းကျကျ အများဆန္ဒသဘောထားဖြင့် ရွေးချယ်ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်ရှင်။
ဒုတိယမေးခွန်းမှာ ဖော်ပြထားတဲ့ပန်းချီပြပွဲများကျင်းပရာတွင် ပါဝင်သူပန်းချီဆရာတိုင်း၏ ကိုယ်ရေးအကျဉ်းများကိုတင်ပြရန် အခက်အခဲရှိသဖြင့် တာဝန်ခံကျင်းပသူ ပန်းချီဆရာအပေါ် ထိုက်သင့်သလောက်စည်းကမ်းချက်များကို လျှော့ပေါ့ပေးရန် ဖြစ်နိုင်၊ မဖြစ်နိုင် မေးခွန်းနှင့်ပတ်သက်၍ ဆက်လက်ဖြေကြားမှာဖြစ်ပါတယ်ရှင်။ ပန်းချီပြပွဲများကျင်းပရာတွင် စုပေါင်းပါဝင်ရေးဆွဲသူ ပန်းချီ ဆရာများ၏ ကိုယ်ရေးအကျဉ်းများကို ပန်းချီကားစာရင်းများနှင့်အတူ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များပါဝင်ဖွဲ့စည်းထားသော စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများကြီးကြပ်အုပ်ချုပ်မှုကော်မတီသို့ ပြုစုပေးပို့ရလေ့ရှိပါတယ်။ အဆိုပါပန်းချီကားချပ်များနှင့် ရေးဆွဲသူများ၏ကိုယ်ရေးအကျဉ်းများကို ကော်မတီက အများပြည်သူသို့ပြသရန် သင့်၊ မသင့် စိစစ်ပြီးပြသရန်သင့်လျော်ပါက ပြသခွင့်ပြုလေ့ ရှိပါတယ်ရှင်။ ပါဝင်ရေးဆွဲသူ ပန်းချီဆရာများ၏ ကိုယ်ရေးအကျဉ်းများမှာ (အမည်၊ အဖအမည်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ပန်းချီကားအရေအတွက်၊ ပန်းချီကား အမည်စာရင်း) စသည့်အကြောင်းအရာများသာဖြစ်ပြီး ယင်းသို့တောင်းခံရခြင်းမှာလည်း ပန်းချီပြပွဲ အတွက် လိုအပ်သည်များ ဆက်သွယ်ဆောင်ရွက်နိုင်ရန် လုပ်ထုံးလုပ်နည်းအရ တောင်းခံခြင်းသာဖြစ် ပါတယ်။ အခြားကျယ်ပြန့်သော အကြောင်းအရာအသေးစိတ်ကို တောင်းခံလေ့မရှိပါဘူး။ အထက်ပါ အချက်အလက်များမှာ ပန်းချီပြပွဲတစ်ခုကို စနစ်တကျပြသနိုင်ရေးအတွက် အထောက်အကူပြုသော အချက်အလက်များသာဖြစ်ပါတယ်။ အကယ်၍ စည်းကမ်းချက်များကို လျှော့ပေါ့ပေးရမယ်ဆိုပါက ပန်းချီကားအရေအတွက်နှင့် ပန်းချီကားအမည်စာရင်းများကို ကြိုတင်တင်ပြရန် အခက်အခဲရှိပါက ယင်းအချက်ကို ထည့်သွင်းတင်ပြရန်မလိုဘဲ လျှော့ပေါ့ဆောင်ရွက်ပေးနိုင်ပါကြောင်း ဖြေကြားအပ်ပါ တယ်ရှင်။
တတိယမေးခွန်းနှင့်ပတ်သက်၍ မြန်မာ့ရိုးရာအနုပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် တကွဲတပြားစီ ပြန့်ကျဲလျက်ရှိသော ပန်းချီ၊ ပန်းပု၊ ပန်းတိမ်၊ ပန်းပဲ၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရံ၊ ပန်းယွန်း ၊ ပန်းပွတ် စသည့် ပန်းဆယ်မျိုးပညာရပ်များကို စနစ်တကျတိုးတက်ပြန့်ပွားနိုင်ရေး အတွက် ၁၉၈၀ ခုနှစ်တွင် ရိုးရာပန်းဆယ်မျိုးပညာရှင်များပါဝင်သော မျက်နှာစုံညီအစည်းအဝေးကို ကျိုက္ကဆံကွင်းတွင်ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ပန်းဆယ်မျိုးစည်းရုံးရေး ကော်မတီကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံရိုးရာ ပန်းဆယ်မျိုးပညာရှင်များ ပါဝင်သည့် မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံး(ဗဟို)ကို ဖွဲ့စည်းခဲ့ပြီး အထက်ဖော်ပြပါ ပန်းဆယ်မျိုးပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပန်းဆယ်မျိုး ပညာရှင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ပန်းပုလောက တိုးတက်စေရန် နိုင်ငံတော် အဆင့်ရိုးရာပန်းပုပြပွဲ၊ ပြိုင်ပွဲများကိုလည်း ဗဟိုမှဦးစီးပြီး အခါအားလျော်စွာ ကျင်းပပေးလေ့ရှိခဲ့ပါတယ်။ ဗဟိုအစည်းအရုံးသည် ပန်းပုလောကသာမက ကျန်ရိုးရာပန်းပညာရပ်များကိုပါ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအစီအမံဖြင့်ဆောင်ရွက်ခဲ့ကြပါတယ်။ အစဉ်အလာအားဖြင့် ရိုးရာပန်းဆယ်မျိုးပညာရပ်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နှီးနွယ်လျက်ရှိသော်လည်း ပန်းပုလောက တိုးတက်လာစေရန်အတွက် ပန်းပုပညာရှင်များ အစည်းအရုံးကို သီးခြားဖွဲ့စည်းပေးရန်ကိစ္စနှင့်ပတ်သက်၍ ပန်းပုလောကသား များ၏ဆန္ဒအရသာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားထားပါသည် ။
