လေးစားရပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာသော ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြု အပ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းအောင်အနေနဲ့ မြင်းမူမဲဆန္ဒနယ်ြမေအတွင်းမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနကနေ တည်ဆောက်ပေးထားခဲ့တဲ့ မြစ်ပေါက် လျှပ်စစ်မြစ်ရေတင်စီမံကိန်း၊ ဆပ္ပကုန်းလျှပ်စစ်မြစ်ရေတင်စီမံကိန်း၊ ကျွဲရိုက်လျှပ်စစ်မြစ်ရေတင် စီမံကိန်း၊ လက္ကပင်လျှပ်စစ်မြစ်ရေတင်စီမံကိန်းနှင့် ခြေရာတော်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဆိုင်ရာ များနှင့်ပတ်သက်ပြီး သိရှိလိုပါ၍ မေးမြန်းရခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်မေးခွန်းကို စာဖြင့် ဖတ်ကြားမေးမြန်းခွင့်ပြုပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းမှာရှိတဲ့ လျှပ်စစ်မြစ်ရေတင်စီမံကိန်းများမှာ ၁၁/ဝ.၄ ကေဗွီလျှပ်စစ်ဓာတ်အား များကို သုံးစွဲပြီး ၂၀၀ ကေဗွီအေ ထရန်စဖော်မာများ၊ ၅၀၀ ကေဗွီအေ ထရန်စဖော်မာများ၊ ၃၁၅ ကေဗွီအေ ထရန်စဖော်မာများနှင့် ၉ ကျူ့ဆက်ပန့်များ၊ မော်တာများ၊ ပင်မြမောင်းများ၊ မြောင်းလက်တံများ ပြည့်စုံစွာဖြင့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ မြစ်ပေါက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှာ လျာထားလယ်ဧက ၁၃၀၀ ကို ရေရရှိပြီး အကျိုးပြုနိုင်ရန်အတွက် တည်ဆောက်ထားခဲ့သော်လည်း မိုးစပါး ၉၉ ဧက၊ နွေစပါး ၅၀ ဧက၊ စုစုပေါင်း ၁၄၉ ဧကသာလျှင် အမှန်တကယ်ရေရရှိခဲ့တဲ့အတွက် လျာထားလယ်ဧက ၁၃၅၀မှာ လယ်ဧက ၁၄၉ ဧကသာ ရေရရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဆပ္ပကုန်းလျှပ်စစ်မြစ်ရေတင် စီမံကိန်းမှာ လျာထားလယ်ဧက ၇၅၀ အတွက် ရေရရှိပြီး အကျိုးပြုနိုင်ရန်အတွက် တည်ဆောက် ထားခဲ့သော်လည်း မိုးစပါး ၅၀ ဧက၊ နွေစပါး ၉၁ ဧက၊ စုစုပေါင်း ၁၄၁ ဧက အမှန်တကယ် စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားလယ်ဧက ၇၅၀ မှာ လယ်ဧက ၁၄၁ ဧကသာလျှင် အမှန်တကယ် ရေရရှိခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါတယ်။ ကျွဲရိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှာ လျာထားဧက ၅၀၀ အတွက် ရေရရှိပြီး အကျိုးပြုနိုင်ရန်အတွက် တည်ဆောက်ခဲ့သော်လည်း မိုးစပါး ၅၀ ဧကသာလျှင် စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားလယ်ဧက ၅၀၀ မှာ လယ်ဧက ၅၀ သာလျှင် အမှန်တကယ် ရေရရှိစိုက်ပျိုးနိုင်ခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါတယ်။ လက္ကပင်လျှပ်စစ်မြစ်ရေတင် စီမံကိန်းမှာ လျာထားလယ်ဧက ၁၃၀၀ ရေရရှိပြီး အကျိုးပြုနိုင်ရန်အတွက် တည်ဆောက်ခဲ့သော်လည်း မိုးစပါး ၃၀ ဧက၊ နွေစပါး ၈၀ ဧက၊ စုစုပေါင်း ၁၁၀ ဧကသာလျှင် စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားဧက ၁၃၀၀ မှာ လယ်ဧက ၁၁၀ သာလျှင် အမှန်တကယ်ရေရရှိခဲ့ကြောင်း လေ့လာသိရှိခဲ့ ရပါတယ်။ ခြေရာတော်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှာ လျာထားလယ်ဧက ၅၀၀ ကိုရေရရှိပြီး အကျိုးပြု နိုင်ရန်အတွက် တည်ဆောက်ခဲ့သော်လည်း မိုးစပါး ၄၀ ဧက ၊နွေစပါး ၃၂ ဧက၊ စုစုပေါင်း ၇၂ ဧက သာလျှင်စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားဧက ၅၀၀ မှာ လယ်ဧက ၇၂ ဧက သာလျှင်ရေရရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။
လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူ မြို့နယ် အတွင်းမှာရှိတဲ့ လျှပ်စစ်မြစ်ရေတင်စီမံကိန်းများမှာ လျာထားသတ်မှတ်တဲ့ အကျိုးပြု ဧကများကို ပြည့်မီအောင် ရေမရရှိနိုင်ခြင်းနဲ့ အမှန်တကယ် ရေရရှိသုံးစွဲနိုင်သော ဧကများဟာ ကွာခြားချက် များလွန်းနေတာကို တွေ့ရှိရပါတယ်။ မြင်းမူမြို့နယ်အတွင်းမှာရှိတဲ့ လျှပ်စစ်မြစ်ရေတင် စီမံကိန်းများရဲ့ ပင်မမြောင်းများဟာ ၉ ကျူ့စက်ပန့် ၄ လုံးရဲ့ ရေတင်နိုင်တဲ့ မြောင်းများ အဖြစ် တည်ဆောက်ခဲ့သော်လည်းပဲ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတိုင်းလိုလိုမှာ တပ်ဆင်ထားတဲ့ ၉ ကျူ့စက်ပန့် ၂ လုံးနဲ့ ရေတင်နိုင်တဲ့ ရေထုထည်ပမာဏကို ပင်မမြောင်းတိုင်းလိုလိုဟာ မျှတအောင် ထိန်းသိမ်းပို့ဆောင်နိုင်အား မရှိခြင်းကြောင့် ယခုလို လျာထားအကျိုးပြုဧကများကို ရေပြည့်မီအောင် အကျိုးမပြုနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ လျှပ်စစ်မြစ်ရေတင် စီမံကိန်းများမှ အကျိုးပြုလျာထားဧကများ ရေရရှိပြီး နိုင်ငံတော်အကျိုး၊ နိုင်ငံသားများအကျိုးနဲ့ ဒေသလူမှုစီးပွားရေး ဖူလုံစေတဲ့ အကျိုးစီးပွားများကို အကျိုးဖြစ်ထွန်းစေနိုင်မယ့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်မှ လျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိတဲ့ အစီအစဉ် များကို သိရှိလိုပါ၍မေးမြန်းထားပါသည် ။
လေးစား အပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းအောင်၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့နယ်အတွင်း၌ရှိသော လျှပ်စစ်မြစ်ရေတင်စီမံကိန်းများမှ ချို့ယွင်း လျက်ရှိသော ပင်မမြောင်းများ၊ မြောင်းလက်တံမြောင်းများအား ပြန်လည်စိစစ်ပြုပြင် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းထားခြင်းနှင့်ပတ်သက်၍ ကျွန်တော် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်မှ ဆက်လက်ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင်ရှိသော မြစ်ပေါက်၊ ဆပ္ပကုန်း၊ ကျွဲရိုက်၊ လက္ကပင်၊ ခြေရာတော်မြစ်ရေတင်လုပ်ငန်းများမှာ လက္ကပင်တာတွင်တည်ဆောက်ထားသော ရေတင် လုပ်ငန်းများ ဖြစ်ပါတယ်။ လက္ကပင်တာအား ဆည်မြောင်းဦးစီးဌာနမှ မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ဘေးတစ်လျှောက် ရေကြီးနစ်မြုပ်သော ဧရိယာများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန် ဧရာဝတီမြစ်ရေကြီးချိန်တွင် စိုက်ပျိုးရေလိုအပ်ပါက ရေသွင်းပေးနိုင်ရန်လည်းကောင်း၊ ရေမလိုအပ်ချိန်တွင် ရေထုတ်နုတ်ပေးနိုင်ရန်လည်းကောင်းရည်ရွယ်၍ တည်ဆောက်ပေးထားခဲ့ခြင်း ဖြစ်ပါတယ်။
လက္ကပင်တာပေါင်ပေါ်တွင်ရှိသော လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများသည် ဧရာဝတီမြစ်ရေ တက်မှုနောက်ကျသော အခြေအနေများတွင် ပျိုးထောင်စိုက်ပျိုးရေအတွက် ရေတင်ပေးနိုင်ရန် လည်းကောင်း၊ လက္ကပင်တာအတွင်းရှိ ရေကျနောက်စိုက်စပါးများအား အောင်ရေနှင့် ဖြည့်စွက် ရေပေးဝေနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ မြစ်ပေါက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား ရေပေးမြောင်းပေအရှည် ၃၀၀၀ ပေနှင့် အကျိုးပြုဧရိယာ ၁၃၅၀ အားရေပေးနိုင်ရန် ၉ ကျူ့ဆက်ပန့် ၂ စုံ၊ ၂ ကျူ့ဆက်ပန့် ၃ စုံ တပ်ဆင်၍လည်းကောင်း၊ ဆပ္ပကုန်းလျှပ်စစ်ရေတင်လုပ်ငန်းအား ရေပေးမြောင်း ပေအရှည် ၃၀၀၀ ပေ ဖြင့် အကျိုးပြုဧက ၇၅၀ အား ရေပေးနိုင်ရန် ၉ ကျူ့ဆက်ပန့် ၂ စုံ၊ ၂ ကျူ့ဆက်ပန့် ၂ စုံ တပ်ဆင်၍ လည်းကောင်း၊ ကျွဲရိုက် လျှပ်စစ်ရေတင်လုပ်ငန်းအား ရေပေးမြောင်း ပေရှည် ၂၅၀၀ ပေဖြင့် အကျိုး ပြုဧက ၅၀၀ အားရေပေးနိုင်ရန် ၉ ကျူ့ဆက်ပန့် ၂ စုံ၊ ၂ ကျူ့ဆက်ပန့် ၁ စုံ တပ်ဆင်၍လည်ကောင်း၊ လက္ကပင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား ရေပေးြမောင်း အရှည် ၃၀၀၀ ပေဖြင့် အကျိုးပြုဧက ၈၀၀ အား ရေပေးနိုင်ရန် ၉ ကျူ့ဆက်ပန့် ၃ စုံ၊ ၂ ကျူ့ဆက်ပန့် ၁ စုံ တပ်ဆင်၍လည်ကောင်း၊ခြေရာတော် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား ရေပေးမြောင်းပေအရှည် ၂၀၀၀ ပေဖြင့် အကျိုးပြုဧက ၅၀၀ အား ရေပေးနိုင်ရန် ၉ ကျူ့ဆက်ပန့် ၂ စုံ၊ ၂ ကျူ့ဆက်ပန့် ၁ စုံ တပ်ဆင်၍လည်ကောင်း စိုက်ပျိုးရေပေးဝေနိုင်ရေးဆောင်ရွက်ခဲ့ပါတယ်။
အဆိုပါ မြစ်ရေတင်လုပ်ငန်းများမှာ မြစ်ရေအဝင်အရပ်များတွင် တည်ဆောက်ထားပြီး မြေသား မြောင်းများဖြစ်သည့်အတွက် နှစ်စဉ်မြစ်ရေဖုံးလွှမ်းမှုကြောင့်လည်းကောင်း၊ ၂၀၁၀ ခုနှစ် ဂီရိမုန်တိုင်း ကြောင့်လည်းကောင်း၊ လက္ကပင်တာအတွင်း ရေကြီးနစ်မြုပ်မှုများကြောင့် ကျိုးပေါက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့၍ ရေပေးမြောင်းများနှင့် ရေပေးအဆောက်အအုံအချို့ ပျက်စီးခဲ့ပါတယ်။ မူလလျှပ်စစ် ဓာတ်အားရရှိမှုအခြေအနေအရ ၂ ကျူ့ဆက်ပန့်နှင့် ၁၅ ကီလိုဝပ်မော်တာသာအသုံးပြု၍ ရေပေးဝေ ခဲ့ရခြင်း၊ မြစ်ရေဝင်ဒေသများတွင် တည်ဆောက်ထားသော မြေသားမြောင်းများဖြစ်၍ ကြံ့ခိုင်မှုအား နည်းပြီး နှစ်စဉ်ပျက်စီးမှုများရှိခြင်း၊ တောင်သူများအနေဖြင့် အနိမ့်တင်ရေတင်ပန့်များ အသုံးပြု၍ ၎င်းတို့အစီအစဉ်ဖြင့် ရေသွင်းစိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ဌာနမှရေပေးဧက လျော့နည်းရခြင်းဖြစ်ပါ တယ်။ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေးအတွက် မူလတပ်ဆင်ထားသော ၆.၆/ဝ.၄ ကေဗွီအေ ဓာတ်အားခွဲရုံများနေရာတွင် ၁၁/ဝ.၄ ကေဗွီအေဓာတ်အားခွဲရုံများ အစားထိုးတပ်ဆင်ခြင်း၊ ၉ ကျူ့ဆက်ပန့်နှင့် ၅၅ ကီလိုဝပ်မော်တာများ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများအား ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။
ဆက်လက်၍ ပင်မမြောင်းများ ပြန်လည်ပြုပြင်ခြင်း၊ မြောင်းပေါင်နှင့် မြောင်းဆလံများ ခိုင်မာ ကြံ့ခိုင်ရေးလုပ်ငန်းများနှင့် လက်တံမြောင်း၊ လက်ကြားမြောင်းများ ပြုပြင်ရန်အတွက် ခန့်မှန်းမြေကြီး ကျင်း ၁၄၂၅၀ ခန့် လုပ်ငန်းဆောင်ရွက်ရန်နှင့် ချို့ယွင်းပျက်စီးသွားသော ရေပေးအဆောက်အအုံ အချို့ ပြန်လည်ပြုပြင်ရန် လိုအပ်သည့်အနက် ၂၀၁၁-၂၀၁၂ ခုနှစ် ရေပေးမြောင်းများ ပြုပြင်ခြင်း လုပ်ငန်း များအတွက် မြေကြီးကျင်း ၇၀၀၀ အတွက် ရန်ပုံငွေကျပ် ၁၂.၃၄ သန်း ခွင့်ပြုပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ကျန်ရှိသောမြေကြီးလုပ်ငန်းနှင့် ချို့ယွင်းပျက်စီးနေသော ရေပေး အဆောက်အအုံအချို့အား ၂၀၁၂-၂၀၁၃ ခုနှစ် ရန်ပုံငွေဖြင့် ပြုပြင်ရန်ဆောင်ရွက်ထားပြီးဖြစ်၍ စိုက်ပျိုးဧက ပိုမိုတိုးတက်ရေပေးဝေနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။
ဥက္ကဋ္ဌ။ ။ မေးခွန်းနှစ်ခုပေါ်မှာမူတည်ပြီးတော့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ မေးခွန်း (က) နှင့်ပတ်သက်ပြီးတော့ နယ်မြေရဲ့အခြေအနေနဲ့ အတွေ့ အကြုံအရအကြံပြုရမယ်ဆိုရင် ဆည်တစ်ခုတည်ဆောက်ဖို့ထက် ကောနေတဲ့ချောင်းကို သဲနုန်းများ ဖော်ပေးတာ ပိုပြီးတော့သင့်လျော်နိုင်ပါတယ်။ ဦးခင်ဇော်တင်ပြချက်အရ အလျားမိုင် ၆.၅ မိုင်ဖြစ်တဲ့ အတွက် ဒီအလျားမိုင် ၆.၅ မိုင်ကို Backhold Excavator နဲ့လုပ်မယ်ဆိုရင် သိပ်ပြီးတော့ ကြာကြာ လုပ်စရာမလိုဘူးလို့ထင်ပါတယ်။ ဒါကြောင့်မို့လို့ နယ်မြေကိုလေ့လာပြီးတဲ့အခါမှာ ပထမနည်းလမ်းကို စဉ်းစားပြီး လိုအပ်မယ့်ရန်ပုံငွေကို တောင်းခံမယ်ဆိုရင် ဒီနှစ်အတွက် တစ်ခါတည်းပြီးသွားနိုင်မယ့် ကိစ္စဖြစ်ပါတယ်။ ဒါအကြံပြုချက်ပါ။ သက်ဆိုင်ရာပညာရှင်များအနေနဲ့ စဉ်းစားဆောင်ရွက်ပေးနိုင် အောင်ဖြစ်ပါတယ်။ နောက် မေးခွန်း (ခ) နှင့်ပတ်သက်ပြီးတော့ ပြန်လည်ဖြေကြားသွားတာဟာ အင်မတန်ပြည့်စုံပါတယ်။ သို့ရာတွင် ခုနက တင်ပြချက်အရ သတ်မှတ်လျာထားချက် ဧကတွေ မမီဘဲနဲ့ ဖြစ်နေရတယ်ဆိုတာ သက်ဆိုင်ရာတာဝန်ရှိတဲ့ဌာနကလည်း ဌာနအနေနဲ့ စိစစ်ဖို့လိုပါမယ်။ အခု တင်ပြချက်ဟာ ပညာရှင်လည်းမဟုတ်ပါဘူး။ ပြည်သူ့ကိုယ်စားလှယ်သာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တင်ပြချက် မှန်၊ မမှန်။ မှန်လို့ရှိရင်လည်း ဟုတ်၊မဟုတ်ဆိုတာလည်း ပြန်သုံးသပ်ဖို့လိုပါမယ်။ ထိုနည်း တူစွာပဲ တင်ပြချက်မှာ ၉ ကျူ့ဆက်ပန့် တစ်လုံး၊ ရေတင်စက်ဒဏ်ခံနိုင်ပြီး ၉ ကျူ့ဆက်ပန့် ၂ လုံး အသုံးပြုသော ရေတင်ဒဏ်ကို မခံနိုင်သောကြောင့် ပင်မမြောင်းများရေလျှံခြင်း၊ ကျိုးပြတ်ခြင်းများ ဖြစ်ပေါ်နေသဖြင့် မြောင်းလက်တံများအထိ ရေမရောက်နိုင်သည့်အနေအထားရှိနေသည်ဟု သိရပါ သည်။ ဒီနေရာမှာလည်း မူလဒီဇိုင်းအတိုင်း ဆောက်လုပ်ခဲ့တယ်။ ဆောက်လုပ်ခဲ့တဲ့အခါမှာလည်း သူရဲ့လုပ်ထုံးလုပ်နည်းအရ Completion Certificate ရှိ၊ မရှိ။ ပြီး၊ မပြီးနဲ့ တကယ်လို့ Complection Certificate ရှိတယ်။ သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်ထားတယ်ဆိုရင်တော့ လည်းပြီးပြီပေါ့။ မဟုတ်ဘူးဆိုလို့ရှိရင်တော့ ဒါလည်း ပြန်သုံးသပ်ပြီးတော့ လိုအပ်သလို ဆက်လက် ဆောင်ရွက်ဖို့လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လယ်သမားတွေ၊ ပြည်သူတွေလိုအပ်ချက်ကိုတော့ မှန်ကန်စွာ မိမိတို့က ဖြည့်ဆည်းပေးရမှာဖြစ်တဲ့အတွက် ဒါလည်း ခုနက တင်ပြသလို ဆက်လက် ဆောင်ရွက် ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအပိုင်းကိုပြောမယ်ဆိုရင် နံပါတ်(၁) ပြန်လည် သုံးသပ်ပါ။ (၂) သုံးသပ်တဲ့နေရာမှာ Completion Certificate မှာမူလသတ်မှတ်ထားတဲ့အတိုင်း ၉ ကျူ့ဆက် ၂ လုံးတပ်ဖို့အတွက် မြောင်းတွေဖောက်ပြီးပြီလို့ဖော်ပြထားတယ်ဆိုရင် ဒီနေ့တွေ့ရှိချက်နဲ့ လွဲနိုင်တဲ့အတွက် ဒါလည်း ပြန်လည်ပြင်ဆင်သုံးသပ်ပေးဖို့လိုမယ်လို့ သုံးသပ်ပြောလိုပါတယ်။
