လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံးနဲ့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဆွေ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော့်အနေနဲ့ ကျေးရွာနေလူထုတောင်သူလယ်သမား များတင်ပြလာသော အခက်အခဲများနဲ့ပတ်သက်၍ မေးခွန်းမေးမြန်းရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာအုပ်စုအတွင်း လွန်ခဲ့သော ၁၉၉၉ ခု နှစ်မှစ၍ နှစ်စဉ်မိုးရာသီရောက်ချိန်၌ ရေလွှမ်းမိုးမှုဒဏ်ကို လယ်သမားများအပါအဝင် တောကျွဲအင်းမြို့၊ ရွာမရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ပအိုဝ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များ ခံစားနေရပါတယ်။ အိမ်ြခေ ၄၀၂ အိမ်ခန့်ရှိပါတယ်။ ရေလွှမ်းမိုးမှုဒဏ်ကြောင့် လယ်အချို့တွင် နှစ်ကြိမ်ခန့် ပြန်လည်စိုက်ပျိုးနေရခြင်း၊ အချို့နစ်မြုပ်လယ်များတွင် ၃ ကြိမ်ခန့် ပြန်လည်စိုက်ပျိုး နေရခြင်းများရှိခဲ့ပြီး အချို့နေရာများတွင် လုံးဝပျက်စီးခဲ့ရပါတယ်။ နှစ်စဉ် တောကျွဲအင်း၊ တူမောင်၊ ခင်အင်းကြီး၊ ဆင်စလုပ်အစရှိတဲ့ကျေးရွာအုပ်စုများမှ လယ်ဧက ၁၀၀၀ ကျော်ခန့် ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တွင် လယ်ဧက ၁၇၅၅ ဧကနှင့်စိုက်တောင်သူ ၂၆၇ ဦးခန့် ဒုက္ခခံခဲ့ရပါတယ်။ ၁၂-၇-၂၀၁၁ ရက်နေ့တွင် တစ်ကြိမ်၊ ၉-၉-၂၀၁၁ ရက်နေ့တွင်တစ်ကြိမ် ရေလွှမ်းမိုးမှုခံခဲ့ရပါတယ်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ ကျေးရွာနေပြည်သူများ၏တင်ပြချက်အရ လေ့လာသိရှိရသည်မှာ တောကျွဲအင်းမြို့၏မြောက်ဘက် ရေလွှမ်းမိုးခံရသောကျေးရွာအုပ်စုများ အတွင်း ဖြတ်သန်း၍စီးဆင်းနေသော သပိတ်ချောင်းသည် ယခင်ကအနက်ပေ ၁၀ ပေခန့်ရှိသော ချောင်းဖြစ်ခဲ့ပြီး ယခုအခါ သဲချောင်းဖြစ်သည့်အလျှောက် ၎င်းသပိတ်ချောင်းမှာ ချောင်းတစ်လျှောက် နှစ်စဉ်သဲများပို့ချကာ ချောင်းကော၊ ချောင်းတိမ်ဖြစ်သွားခြင်းကြောင့် အနက် ၂ ပေခန့်သာ ရှိပါတော့သည်။ သို့ဖြစ်ပါ၍ နှစ်စဉ်မိုးရွာသွန်းမှုများတိုင်း နှစ်ကြိမ်၊ သုံးကြိမ်ခန့် ရေလွှမ်းမိုးမှုဒဏ်ကို အထက်ပါ ကျေးရွာအုပ်စုများမှ လယ်ြမေများနှင့် အဆိုပါရပ်ကွက် ၃ ရပ်ကွက်မှ ပြည်သူများ ခံစားနေကြရပါတယ်။ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း ကျွေးရွာအုပ်စုအတွင်း နှစ်စဉ်ရေလွှမ်းမိုးမှုဒဏ်ခံနေရခြင်းကို ကူညီြဖေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိ သိလို၍ မေးမြန်းရခြင်းဖြစ်ပါတယ်။ အစီအစဉ်ရှိပါက ယခုနှစ်မိုးရာသီအမီ အလျင်အမြန်ဆောင်ရွက် ပေးပါရန် လေးစားစွာေ်မးမြန်းထားပါသည် ။
လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်းဂါရဝပြုအပ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဆွေ၏ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာအုပ်စုအတွင်း လယ်ယာမြေများနှင့် လူနေအိမ်များနှစ်စဉ် ရေလွှမ်းမိုးခံရခြင်းကို ကူညီဖြေရှင်းပေးပါရန် အစီအစဉ်ရှိ၊ မရှိဟူသောမေးခွန်းနှင့်ပတ်သက်၍ ကျွန်တော် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်ြမောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်မှ ရှင်းလင်း ဖြေကြားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ တောကျွဲအင်း ကျေးရွာအုပ်စုအတွင်း လယ်ယာမြေများနှင့် လူနေအိမ်များ နှစ်စဉ်ရေလွှမ်းမိုးခံနေရခြင်းမှာ တောကျွဲအင်းကျေးရွာမြောက်ဘက် တစ်မိုင်ခန့်အကွာမှ ဖြတ်သန်းစီးဆင်းသွားသော သပိတ်ချောင်း အတွင်းသို့ ပေါင်းစုံစီးဝင်လာသည့် ချောင်းများ၊ ရိုးများမှ ရေများကြောင့် မိုးရွာသွန်းမှုများချိန်တွင် သပိတ်ချောင်းရေ တစ်ဟုန်ထိုးမြင့်တက်လာပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ရပါတယ်။ တောကျွဲအင်း ကျေးရွာအုပ်စုများအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် သပိတ်ချောင်းသည် ပဲခူးရိုးမမှ စီးဆင်း လာသော ချောင်းတစ်ခုဖြစ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၉၆ မိုင် ၀ ဖာလုံ နှင့် ၉၆ မိုင် ၁ ဖာလုံကြား ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင် ၁၂၈ မိုင် ၁ ဖာလုံနှင့် ၁၂၈ မိုင် ၂ ဖာလုံ အကြား ဖြတ်သန်း၍ ကွန်းချောင်းအတွင်းသို့ စီးဝင်ပါတယ်။ သပိတ်ချောင်း အတွင်းသို့လည်း ဝန်းချောင်း၊ ကျွန်းချောင်းနှင့် အခြားရိုးငယ်များမှ ရေများစီးဝင်လျက်ရှိပါတယ်။ သပိတ်ချောင်းသည် ချောင်းတစ်လျှောက် သဲနုန်းပို့ချမှုကြောင့် ချောင်းတိမ်ကောမှု ဖြစ်ပေါ်လာပြီး ရေစီးရေလာကို အဟန့်အတားဖြစ်စေမှုကြောင့် ချောင်းတစ်လျှောက် ရေကောင်းစွာ မစီးဆင်းဘဲ ရေကြီး၊ ရေလျှံမှု ဖြစ်ပေါ်စေပါတယ်။ ရေကြီးနစ်မြုပ်မှု ကာကွယ်ရန်အတွက် နည်းလမ်းနှစ်ခု တင်ပြလိုပါတယ်။ ပထမနည်းလမ်းကတော့ သဲနုန်းပို့ချလျက်ရှိသည့် သပိတ်ချောင်းတစ်လျှောက် သဲနုန်းတူးဖော်ခြင်းဖြစ်ပါတယ်။ ဒုတိယနည်းလမ်းမှာ ရေစီးဆင်းမှု အများဆုံးဖြစ်သည့် သပိတ်ချောင်း ပေါ်တွင် ရေလှောင်တမံငယ်တစ်ခု တည်ဆောက်ခြင်းကို ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ ပထမနည်းဖြစ်တဲ့ သပိတ်ချောင်းတစ်လျှောက် သဲနုန်းတူးဖော်ရန်နှင့်ပတ်သက်၍ ခန့်မှန်းခြေအားဖြင့် ဆောင်ရွက်ရမည့် ချောင်းအလျားမှာ ၆.၅ မိုင်ခန့် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အကောင်အထည် ဖော်ဆောင်ရွက်မည်ဆိုပါက အသေးစိတ်ကွင်းဆင်း လေ့လာတိုင်းတာမှုကို ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါတယ်။ ထို့အပြင် လုပ်ငန်းသဘောသဘာဝအရ နှစ်စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒုတိယနည်းလမ်းဖြစ်သည့် ရေစီးဆင်းမှုအများဆုံးဖြစ်သော သပိတ်ချောင်းပေါ်တွင် ရေလှောင်တမံငယ်တည်ဆောက်ပေးရန်နှင့်ပတ်သက်၍ ဖြစ်ြမောက်နိုင်စွမ်း ရှိ၊ မရှိ ဇလဗေဒ၊ ဘူမိဗေဒနှင့် မြေပြင်စူးစမ်းလေ့လာတိုင်းတာမှုများကို ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး စူးစမ်း လေ့လာမှုအရ ရရှိသည့်အချက်အလက်များအပေါ်မူတည်ပြီး ဖြစ်ြမောက်နိုင်စွမ်းရှိမှသာ ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ နည်းလမ်းနှစ်ခုကို အသေးစိတ်စူးစမ်းလေ့လာမှုများ ဦးစွာဆောင်ရွက်ပြီး ရရှိသည့်အချက်အလက်များအပေါ်မူတည်၍ ဖြစ်ြမောက်နိုင်စွမ်းရှိပြီး အကျိုး ကျေးဇူးပိုမိုရရှိနိုင်သည့် နည်းလမ်းဖြင့် ဆက်လက်အကောင်အထည်ဖော်နိုင်ရေး တင်ပြ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ တစ်ဆက်တည်းမှာ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီးတော့ ရန်ပုံငွေတွဲပါလာတာ ဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်မှု လိုအပ်တိုင်းမှာ ဒီရန်ပုံငွေ အချိန်မီရရှိမှသာ ဖြစ်တဲ့အတွက်ကြောင့် ယခုလုပ်ငန်းကိစ္စမှာလည်း ကျွန်တော်တို့ စူးစမ်း လေ့လာမှု ဆောင်ရွက်ပေးနိုင်သမျှကို ဖြစ်ြမောက်နိုင်စွမ်းရှိတဲ့လုပ်ငန်းကို ဆောင်ရွက်ဖို့လိုအပ်တဲ့ အချိန်မှာ အချိန်နှင့်တစ်ပြေးညီ ရန်ပုံငွေရရှိရေးအတွက်ကို လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော် ကိုယ်စားလှယ်များမှ ပါဝင်ကူညီပံ့ပိုးပေးပါရန် အနူးအညွတ်ပန်ကြားရင်း ဖြေကြားထားပါသည် ။
