(ဆ) သံလွင်တံတား၏လုံခြုံရေးအရပိတ်ချိန်အားလျှော့ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှတ်တမ်း (၁၂-၃-၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သလိုက်ပါတယ်ရှင်။ ကျွန်မကတော့ ကရင်ပြည်နယ်၊ ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာ ဖြစ်ပါတယ်။ ကျွန်မအနေဖြင့် ကရင်ပြည်နယ်  လမ်းပန်းဆက်သွယ်ရေး နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းလိုခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင်။ ဘားအံ-ရန်ကုန်ကားလမ်းဟာ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးအတွက် အလွန်အရေးကြီးဆုံးသော လမ်းဖြစ်ပါတယ်။  ထိုလမ်းကို ခရီးသည်တင်ကားများ၊ ကုန်တင်ကားများသည် သံလွင်တံတား(ဘားအံ)ကို ဖြတ်သန်း သွားလာနေကြရပါတယ်။ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုသံလွင်တံတားကို နံနက် ၅ နာရီမှ ည ၉ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့်ပြုလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ည ၉ နာရီ နောက်ပိုင်း ရောက်ရှိလာသော ခရီးသည်တင်ကားများမှာ လမ်းတံတား၏ထိပ်တွင် ညအိပ်စောင့်ဆိုင်းနေကြရပါ သည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများနှင့် သားသည်မိခင်များအတွက် ထိုလမ်းကြောင့် အလွန်အခက် အခဲဖြစ်ပေါ်လျက်ရှိပါတယ်။ ယခုအခါ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရောင်နီ လမင်းကြီး ထွက်ပြူစပြုလာပြီဖြစ်ပါ၍ ကျွန်မအနေဖြင့် မေးခွန်းတစ်ခု မေးမြန်းလိုသည်မှာ သံလွင်တံတား (ဘားအံ)ကို လုံခြုံရေးအရပိတ်ထားသည့်အချိန်အား လျှော့ပေးခြင်း သို့မဟုတ် ၂၄ နာရီ ဖြတ်သန်း သွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ ဒေသခံပြည်သူလူထု၏ ကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဦးကျော်လွင် ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လွင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကရင်ပြည်နယ်၊ ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွာမှ ပြည်သူ့လွှတ်တော်ကိုမေးမြန်းသော ကရင်ပြည်နယ် သံလွင်တံတား၏ လုံခြုံရေး အရ ပိတ်ချိန်အား လျှော့ပေးခြင်း သို့မဟုတ် ၂၄ နာရီ သွားလာနိုင်ရန် စီစဉ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုသည့် မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကရင်ပြည်နယ် ဘားအံရှိ သံလွင်တံတားမှာ ၃-၈-၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်အတွက် အရေးပါတဲ့ တံတားကြီးလည်း ဖြစ်ပါတယ်။ ပြည်နယ်အတွက်အရေးပါတဲ့ တံတားကြီးဖြစ်သည်နှင့်အညီ တံတားကြီးရေရှည်တည်တံ့ရေးကိစ္စမှာလည်း အထူးအရေးပါတဲ့ ကိစ္စ လည်း ဖြစ်ပါတယ်။ ထိုကဲ့သို့အရေးပါမှုအရ တံတားကြီးစတင်တည်ဆောက်စဉ်ကပင် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ အစဉ်တစိုက်လုံခြုံရေးများကို ဆောင်ရွက်ပေးခဲ့ပါတယ်။ တံတားကြီးပြီးစီးပြီး စတင် ဖွင့်လှစ်တဲ့ ၃-၈-၁၉၉၇ ရက်နေ့မှစ၍ တံတားကြီး၏ လုံခြုံရေးအား ဘားအံတပ်နယ်မှ အရာရှိ ဦးစီးတပ်စုတစ်စု၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှအရာရှိ ၄ ဦး၊ အခြားအဆင့် ၂၀၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၄ ဦး၊ ပြည်နယ်လဝကအဖွဲ့မှဝန်ထမ်း ၈ ဦး၊ ပြည်နယ်အကောက်ခွန်အဖွဲ့မှ အရာရှိ ၂ ဦး၊ စရဖ၊ သတင်းရဲတပ်ဖွဲ့၊ မူးယစ်အထူးအဖွဲ့များ ပူးပေါင်းပြီး စုစုပေါင်းစစ်သည်၊ ရဲတပ်ဖွဲ့၊ ဝန်ထမ်းအင်အား ၇၀ ဖြင့် နေ့/ညလုံခြုံရေးများ ဆောင်ရွက်ပေးခဲ့ပါတယ်။ အစိုးရသစ်လက်ထက်မှာ တံတားလုံခြုံရေးဆောင်ရွက်မှုများအား ကြီးကြပ်ရန် ပြည်နယ်အစိုးရအဖွဲ့မှ နေ့စဉ်အလှည့်ကျ ပြည်နယ်၊ ခရိုင်အဆင့် အရာရှိကြီးတစ်ဦးအား တာဝန်ပေးပြီး ဆောင်ရွက်လျက်ရှိပါတယ်။ သံလွင် တံတားကြီးအား ဖြတ်သန်းသွားရတဲ့ ကရင်ပြည်နယ်သည် တစ်ဖက်နိုင်ငံနှင့် နယ်နိမိတ်ထိ စပ်လျက်ရှိပြီး သံလွင်တံတားကြီး စတင်ဖွင့်လှစ်စဉ်ကပင် နယ်မြေတည်ငြိမ်အေးချမ်းမှု အားနည်းခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ထိုအချိန်က တစ်ဖက်နိုင်ငံ နယ်မြေအတွင်း အခြေပြုလျက်ရှိတဲ့ အကြမ်းဖက် သောင်းကျန်းသူများနှင့် လက်နက်ကိုင် အဖွဲ့အစည်းမျိုးစုံမှ နိုင်ငံတော်ရဲ့လုံခြုံရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေရန် ရည်ရွယ်ပြီး အဖျက်အမှောင့် လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ထို့အတူပဲ လက်နက်ခဲယမ်းများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူ ပို့ဆောင်ခြင်း၊ စီးပွားရေးမသမာမှု ကျူးလွန်သူများက မူးယစ်ဆေးဝါး၊  လိုင်စင်မဲ့ယာဉ်များဖြင့် အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်မှုများ ရှိခဲ့ပါတယ်။ ထိုကဲ့သို့ အခြေအနေများကြောင့် တံတားကြီးရဲ့ နေ့/ညလုံခြုံရေးနှင့် ဖောက်ခွဲဖျက်စီးသူများတားဆီးရေး၊ စီးပွားရေးမသမာမှုများကို တစ်ဖက်တစ်လမ်းမှ တားဆီးနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့များက တံတားကြီးကို အချိန်နှင့် သတ်မှတ်ဖြတ်သန်းစေခြင်းတို့ကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ကရင်ပြည်နယ်ရဲ့ တည်ငြိမ် အေးချမ်းမှုပေါ်မူတည်ပြီး တာဝန်ရှိသူများက တံတားဖြတ်သန်းမှု အသုံးပြုချိန်များကို တဖြည်းဖြည်း တိုးမြှင့်ပေးခဲ့ပါတယ်။ တံတားကြီးစတင် ဖွင့်လှစ်ခဲ့တဲ့ ၃-၈-၁၉၉၇ ရက်နေ့မှ ၃၁-၁၂-၂၀၀၃ ရက်နေ့အထိ နံနက် ၆ နာရီမှ ၈ နာရီထိ ခွင့်ပြုခဲ့ပြီး ၁-၁-၂၀၀၄ မှ ၃၀-၁၁-၂၀၀၉ ထိ နံနက် ၅ နာရီမှ ည ၈ နာရီထိ တိုးမြှင့်ခွင့်ပြုခဲ့ပါတယ်။၁-၁၂-၂၀၀၉မှ ၈-၂-၂၀၁၂ ရက်အထိ နံနက် ၅ နာရီမှ ည ၉ နာရီထိ တစ်ခါ ထပ်မံတိုးမြှင့်ခွင့်ပြုခဲ့ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများဟာ နိုင်ငံတော်အစိုးရရဲ့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး သဘောတူညီ ချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် ယခုအချိန်အခါမှာ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အခြေအနေကောင်းများကို စတင်ရရှိနေပြီဖြစ်ပါတယ်။ ယင်းသို့ တည်ငြိမ်အေးချမ်းမှု အ‌ြခေအနေအရ   တံတားကြီးသုံးစွဲမှုအား ၈-၂-၂၀၁၂ မှစ၍ နံနက် ၄း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ ထပ်မံတိုးမြှင့် အသုံးပြုထားပြီး မကျန်းမာ၍အရေးပေါ်ဆေးကုသရန် သွားရောက်မည့်သူများ၊ မီးဖွားမည့်သူများ၊ လူမှုရေးကိစ္စမဖြစ်မနေ သွားရောက်မည့်သူများကိုလည်း လုံခြုံရေးအဖွဲ့မှ စိစစ်ပြီးခွင့်ပြုလျက်ရှိပါ တယ်။ ကရင်ပြည်နယ် သထုံ-ဘားအံကားလမ်းပေါ်ရှိ သံလွင်တံတားအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ၏ အစီအစဉ်ဖြင့် ယခင်က နံနက် ၅း၀၀ နာရီမှ ည ၉း၀၀ နာရီအထိ ဖွင့်လှစ်ပေးခဲ့ရာ ယခုအခါ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နံနက် ၄း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ ဖွင့်လှစ်ပေးခဲ့ပြီး ပိတ်ချိန်ကိုလျှော့ထားပြီး ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တည်ငြိမ်အေးချမ်းမှုအခြေအနေများ တိုးတက်ဖြစ်ထွန်းမှုအပေါ်မူတည်၍ ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး တံတားကြီး၏ လုံခြုံရေးအခြေအနေအရ ပိတ်ချိန်အား ဆက်လက်လျှော့ချပေးရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။